ထိုင်းရောက် အထောက်အထားမဲ့မြန်မာလုပ်သားများ တရားဝင်အလုပ်လုပ်ခွင့်ရရန် ကျပ် ၁၀ သိန်းကျော်အထိကုန်ကျ

0
779
ပန်းရောင်ဘတ်ကတ် တစ်ခု

ထိုင်းနိုင်ငံတွင် တရားဝင် အလုပ်လုပ်ကိုင်ခွင့်ရရှိရန်အတွက် အထောက် အထားမဲ့မြန်မာများကို အလုပ်လုပ်ခွင့်လက်မှတ် (ဒေသအခေါ် ပန်းရောင်ကတ်) တရားဝင် ပြုလုပ်ပေးနေသော်လည်း သတ်မှတ်နှုန်းထက် များစွာပိုမိုသည့် ဘတ် ၂၀၀၀၀ ဝန်းကျင် (ကျပ် ၁၀ သိန်းကျော်)အထိ ကုန်ကျကြောင်း ပန်းရောက်ကတ် ပြုလုပ်နေသော မြန်မာအလုပ်သမားများထံမှ သိရှိရသည်။

အထောက်အထားမဲ့ မြန်မာအလုပ်သမားများအနေဖြင့် ထိုင်းနိုင်ငံတွင် တရားဝင် အလုပ်လုပ်ကိုင်ခွင့် ရရှိရန် အတွက် အဆိုပါကတ်ကို မိမိအလုပ်လုပ်ကိုင်မည့်စက်ရုံ၏ ထောက်ခံချက်ဖြင့် ယာယီ အလုပ်လုပ်ခွင့် အထောက်အထား ပြုလုပ်ထားကြရသည်။

ပန်းရောင်ကတ်သည် သတ်မှတ်နယ်မြေကိုကျော်လွန်၍ ခရီးသွားခွင့်မရှိဘဲ သတ်မှတ်နယ်မြေအတွင်းသာ နေထိုင်ခွင့် အလုပ်လုပ်ကိုင်ခွင့်ပေးထားသော အထောက်အထားကတ်ဖြစ်သည်။

ပန်းရောင်ကတ် ပြုလုပ်ရာတွင် ထိုင်းအစိုးရမှ သတ်မှတ်ထားသော ကုန်ကျစရိတ်မှာ ၁၉၀၀ ဘတ်ဖြစ်ပြီးကိုဗစ်ကျန်းမာရေးအာမခံအတွက် ၁၉၉၀ ဘတ် နှင့် နောက်ထပ်ကျန်းမာရေး စစ်ဆေးမှုကုန်ကျစရိတ်များ ပေါင်းလိုက်ပါ ကုန်ကျစရိတ် ၈၅၀၀ ဘတ်မှ ၁၂၀၀၀ ဘတ်အကြားတွင်ရှိနေကြောင်း BNI Multimedia Group သတင်းဌာနကဖော်ပြထားသည်။

သို့သော် လက်ရှိမြန်မာအလုပ်သမားများသည် ပန်းရောင်ကတ်ပြုလုပ်မှုအဆင့်ဆင့်ကို မကျွမ်းကျင်မှုကြောင့်ပွဲစားများမှတစ်ဆင့် ပြုလုပ်နေကြရသည့်အတွက် ကုန်ကျစရိတ်ပိုမိုများပြားနေခဲ့ပြီး လက်ရှိတွင် ၁၅၀၀၀ ဘတ်မှ ၂၀၀၀၀ ဘတ် (မြန်မာငွေ ၈သိန်းကနေ ၁ဝသိန်း) အထိ တောင်းခံမှုများရှိနေကြောင်း မြန်မာ အလုပ်သမားများက ဆိုသည်။

“ဒီမှာ အလုပ်လုပ်ကိုင်ခွင့်ရဖို့အတွက် ပတ်စပို့စ်စာအုပ်အပြင် CI လို့ခေါ်ကြတဲ့ Certificate of Identity စာအုပ်၊ ပန်းရောင်ကတ် စသဖြင့် အထောက်အထားအစုံ လုပ်ကြရတယ်။ အဲဒီစာရွက်စာတမ်းကြေးတွေနဲ့ တင် စရိတ်စကက မလွယ်ဘူး” ဟု ထိုင်းနိုင်ငံတွင် ၂၀ နှစ်ကျော် နေထိုင်အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားတစ်ဦးက ဆိုသည်။

ပန်းရောင်ကတ်ပြုလုပ်ရာတွင် အမည်၊ အဘအမည်၊ မွေးသက္ကရာဇ် တို့လိုအပ်ပြီး မှတ်ပုံတင်နှင့် ပတ်စ်ပိုစ် (နိုင်ငံကူးလက်မှတ်) စာအုပ်ကို မိတ္တူကူးတင်ပြရသည်ဟုဆိုသည်။ ပတ်စ်ပိုစ်စာအုပ်မရှိပါကလည်း ပန်းရောက်ကတ် လျှောက်လို့ရကြောင်း သိရသည်။ ပန်းရောက်ကတ်ရပြီးမှ မြန်မာနိုင်ငံကူး လက်မှတ်လျှောက်ခြင်း၊ CI လျှောက်ခြင်းတို့ လုပ်ဆောင် ၍ ရကြောင်းလည်း ဝန်ဆောင်မှု လုပ်ငန်းများက ဆိုသည်။

မြန်မာနိုင်ငံမှ အထောက်အထားမဲ့ အလုပ်သမားများမှာ မူလက ရဲကတ်ပြုလုပ်နေထိုင်ကြသော်လည်း ယခုရက်ပိုင်းတွင် ရဲကတ်များကို ဖမ်းဆီးမှုများရှိလာသဖြင့် ဆက်လက်နေထိုင်နိုင်ရေး အခက်အခဲ ဖြစ်နေသည်။

ယင်းကြောင့် ထိုင်းနိုင်ငံတွင် ဆက်လက်နေထိုင်နိုင်ရေးအတွက် ပန်းရောက်ကတ် ပြုလုပ်ရန် လိုအပ်သည့် ငွေကြေးများကို ချေးငှားရှာဖွေနေရကြောင်း မြန်မာအလုပ်သမားများက ဆိုသည်။

မြန်မာနိုင်ငံအနေဖြင့် ထိုင်းနိုင်ငံသို့ အလုပ်သမားစေလွှတ်မှုကို ၂၀၂၀ မတ်လ မှစ၍ ၂ နှစ်ကျော်ကြာ ရပ်ဆိုင်းထားရာမှ ၂၀၂၂ ဧပြီလနောက်ပိုင်းတွင် အလုပ်သမား ၈ သောင်းကျော်အထိ တရားဝင်ပို့ဆောင်နိုင်ရန် စီစဉ်ထားကြောင်း မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် MOEAF ၏ ဖော်ပြချက်အရသိရှိရသည်။

လျှပ်စစ်လုပ်ငန်း၊ အထည်ချုပ်လုပ်ငန်း၊ အစားသောက်ဆိုင်ရာ လုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းအတွက် အများဆုံး ခေါ်ယူမှုရှိ ကြောင်း MOEAF ထံမှ သိရသည်။