ကြံခိုင်ရေးပါတီဝင်တစ်ဦးနှင့် ဒလန်ဟုနာမည်ထွက်သူတစ်ဦး ပစ်သတ်ခံရ

0
295

ထားဝယ်ခရိုင်တွင် ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးနှင့် ဒလန်ဟု နာမည်ထွက်သူ အမျိုးသားတစ်ဦးတို့ ဧပြီလ ၉ ရက်နေ့ ညနေပိုင်းက ‌သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာမှ ဦးဆီဇာလွင် (ခ) ဒန်းဂါးဆိုသူသည် ယင်းနေ့ညနေ လေးနာရီ ခန့်က သူ၏ ဝက်မွေးမြူရေခြံတွင် ပစ်ခတ်ခံရပြီး ဦးခေါင်းကို ကျည်ထိမှန်ကာ သေဆုံးသွားကြောင်း နီးစပ်သူတစ်ဦးက ပြောဆိုသည်။

“လေးချက် ပစ်ခံရတယ်” ဟု ၎င်းက ဆိုသည်။

ယင်းနောက် ၎င်း၏ရုပ်အလောင်းကို အရေးပေါ်ကားဖြင့် တင်ဆောင်ကာ ထားဝယ်မြို့သို့ သယ်ဆောင် သွာပြီး ယနေ့ (ဧပြီ ၁၀) နံနက်ပိုင်းအထိ ကျေးရွာသို့ ပြန်လည်သယ်ဆောင်လာခြင်း မတွေ့ရသေးကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ဦးဆီဇာလွင်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ရပ်ကျေးအဆင့်ပါတီဝင်ဖြစ်ကြောင်း ၎င်းတို့ထံ သိရသည်။

၎င်းအား မည်သည့်အကြောင်းအရင်းကြောင့်၊ မည်သည့်အဖွဲ့က ပစ်ခတ်သွားသည်တို့ကိုမူ မသိရသေးကြောင်း ဒေသခံအချို့က ပြောဆိုသည်။

ရေဖြူမြို့နယ်၊ နဘုလယ်ထိန်ကြီးရွာသား အသက် ၄၀ ဝန်းကျင်အရွယ် ဦးကျော်နိုင်ဆိုသူလည်း ဧပြီလ ၉ ရက်နေ့ ညခြောက်နာရီခွဲခန့်က နေအိမ်ခြံဝင်းအတွင်း ရေလောင်းနေစဉ် ပစ်ခတ်ခံရပြီး သေဆုံးသွား ကြောင်း ဒေသခံတစ်ဦး၏ ပြောပြချက်အရ သိရသည်။

“ဆိုင်ကယ်လေးစီးလောက်နဲ့ ဝင်လာပြီး ပစ်သွားတယ်” ဟု ၎င်းက ပြောဆိုသည်။

အဆိုပါပစ်ခတ်ခံရသူမှာ တိမ်းရှောင်နေရာမှ နေအိမ်သို့ ပြန်လာစဉ် ပစ်ခတ်ခံရခြင်းဖြစ်ပြီး နဘုလယ် ဒေသတွင် ၎င်းမှာ ဒလန်ဟု နာမည်ထွက်နေကြောင်း ဒေသခံအချို့က ပြောသည်။

၎င်းသည် CDM ဝန်ထမ်းများကို ဖမ်းဆီးနိုင်အောင် ကူညီပေးခဲ့ခြင်း၊ ဖမ်းဆီးခံရသည့် ဆန္ဒပြပြည်သူများ ကိုလည်း ညှင်းပန်းနှိပ်စက်ခြင်း၊ ပျူစောထီများကို နောက်ကွယ်က ကြိုးကိုင်ခြင်း စသည်တို့ကြောင့် ပစ်သတ်ရခြင်းဖြစ်ကြောင်း ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) က ယနေ့ (ဧပြီ၁၀) ထုတ်ပြန်သည်။YPPDF နှင့် ဇင်ယော်တပ်စု (ရေဖြူပကဖ) ညီနောင်များ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထားဝယ်ခရိုင်တွင် ဧပြီလ ၈ ရက်နှင့် ၉ ရက်အတွင်း ဒလန်သတင်းပေးဟု သတင်းထွက်သူ ငါးဦး ပစ်ခတ်ခံရပြီး လေးဦးသေဆုံးက တစ်ဦးမှာ ဆေးရုံတွင် ကုသခံနေရကြောင်း ဒေသခံများကို မေးမြန်းချက်အရ သိရသည်။