ထားဝယ်ခရိုင်တွင် တစ်ရက်တည်း ဒလန်ဟုသတင်းထွက်သူ သုံးဦးပစ်ခတ်ခံရ

0
230

ထားဝယ်ခရိုင်အတွင်း ဧပြီလ ၈ ရက်နေ့တွင် ဒလန်သတင်းထွက်သူ သုံးဦး ပစ်ခတ်ခံရပြီး နှစ်ဦး သေဆုံးသွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ရေဖြူမြို့နယ် ရလိုင်ကျေးရွာ‌နေ အသက် ၅၀ ကျော်အရွယ် ဦးဇော်မင်းနှင့် ၎င်း၏သားဖြစ်သူ အသက် ၃၀ ကျော်အရွယ် ကိုအောင်အောင်၊ လောင်းလုံးမြို့နယ် ဂေါ့အင်းကျေးရွာနေ အသက် ၆၀ ကျော်အရွယ် ဦးအောင်စိန်တို့ သုံးဦး ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ယင်းပစ်ခတ်မှုကြောင့် ဂေါ့အင်းရွာသား ဦးအောင်စိန်၊ ရလိုင်ရွာသား ဦးဇော်မင်းတို့နှစ်ဦး သေဆုံးသွားခဲ့ပြီး ကိုအောင်အောင်၏ အခြေအနေကိုမူ မသိရသေးကြောင်း ဒေသခံအချို့က ပြောသည်။

ရလိုင်ရွာ စာသင်ကျောင်းအတွင်း စစ်တပ်က တပ်လာစွဲစဉ်က စာရေး‌ သောက်ရေးကိစ္စများကို ဦးဇော်မင်းတို့ သားအဖက စီစဉ်ပေးခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

“တို့ရွာမှာ သူတို့လိုလူတွေ မရှိကြတော့ဘူး။ ရွာမှာ မနေရဲတော့လို့ ပြေးကုန်ကြပြီ။ သူတို့ သားအဖ နှစ်ယောက်ပဲ ကျန်ခဲ့တာ။ ကျန်ခဲ့တဲ့နှစ်ယောက် အခုပစ်သတ်ခံရတာပဲ” ဟု ‌ရလိုင်ရွာသားတစ်ဦးက ပြောသည်။

၎င်းတို့သားအဖအား အမည်မသိအဖွဲ့က ဧပြီလ ၈ ရက် ညနေလေးနာရီခန့်တွင် နေအိမ်တွင် လာရောက် ပစ်ခတ်သွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

မတ်လ ၂၂ ရက် ရလိုင်ရွာတွင် နေထိုင်သည့် ဦး‌မြင့်သား (ခေါ်) ဆရာမျက်မှန် ပစ်သတ်ခံရပြီးနောက် စစ်တပ်ထောက်ခံသည်ဆိုသူများ ရွာတွင်မ‌နေရဲတော့ဘဲ တိမ်းရှောင်သွားကြကြောင်း ဒေသခံအချို့က ပြောသည်။

ရလိုင်ရွာတွင် ပစ်ခတ်ခံရသည့် တစ်ချိန်တည်းတွင်ပင် (ဧပြီ ၈ ရက် ညနေ ၄ နာရီဝန်းကျင်) လောင်းလုံးမြို့နယ် ဂေါ့အင်းရွာနေ ဦးအောင်စိန်အား လူငယ်သုံးဦးက ဆိုင်ကယ်တစ်စီးဖြင့် နေအိမ်တွင် လာရောက်ပစ်သတ်သွားခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

“သူ့ခြံထဲမှာ၊ ခြံစည်းရိုး‌နားမှာပဲ ပစ်ခံလိုက်ရတယ်” ဟု ဂေါ့အင်းရွာသူတစ်ဦးက ပြောသည်။

ဦးအောင်စိန်မှာ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်တစ်ဦးဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ဦးအောင်စိန်‌၏ နေအိမ်မှာ ယခင်က ပစ်ခတ်ခံရဖူးသဖြင့် တိမ်းရှောင်နေရာမှ ပြန်လာသည်မှာ ရက်ပိုင်းသာ ရှိသေးကြောင်း ၎င်းကဆိုသည်။

“ပစ်ခံရတဲ့နေ့က အိမ်မှာ သူတစ်ယောက်တည်းပဲရှိတာ။ ညဆို အိမ်မှာ မအိပ်ဘဲ ထားဝယ်မှာ သွားအိပ်လေ့ရှိတယ်” ဟု ၎င်းက ဆိုသည်။

ဦးအောင်စိန်သည် စစ်ကောင်စီထံ သတင်းပေးနေပြီး စစ်ကောင်စီတပ်သားများနှင့် အတူသွားလာကာ ရပ်ရွာအတွင်း လိုက်လံစစ်ဆေးတတ်သူ ဒလန်တစ်ဦးဖြစ်သောကြောင့် ပစ်သတ်ခဲ့ခြင်း ဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ရလိုင်ကျေးရွာတွင် ပစ်ခတ်ခံရသည့် ဦးဇော်မင်းနှင့် ကိုအောင်အောင်ကိုမူ မည်သည့်အဖွဲ့က ပစ်ခတ်ခဲ့ သည်ကို ထုတ်ပြန်ထားခြင်း မရှိသေးသဖြင့် မသိရသေးပေ။