မြိတ် လျှပ်စစ်မီတာခ နှစ်ရာကျပ်မြင့်တက်၊ တစ်ယူနစ် ရှစ်ရာနီးပါးရောက်ရှိ

0
262

မြိတ်မြို့တွင် လျှပ်စစ်မီတာခဈေးနှုန်းမှာ မတ်လတွင် ၂၀၀ ကျပ် မြင့်တက်လာသဖြင့် တစ်ယူနစ်လျှင် ကျပ်ရှစ်ရာနီးပါး အထိ ရောက်ရှိနေပြီဖြစ်ကြောင်း လျှပ်စစ်မီးသုံးစွဲသူတို့ထံမှ သိရသည်။

ဖေဖော်ဝါရီလက တစ်ယူနစ်လျှင် ၅၆၅ ကျပ် ပေးဆောင်ခဲ့ရပြီး မတ်လအတွက် ကောက်ခံရာတွင် ၇၆၅ ကျပ်နှုန်းဖြင့် ကောက်ခံလာကြောင်း လျှပ်စစ်မီးသုံးစွဲသူတို့မှ သိရသည်။

ဖေဖော်ဝါရီလအတွက် မီတာခ ကျပ်ခြောက်သောင်းကျော် ပေးဆောင်ခဲ့ရပြီး မတ်လအတွက် ဈေးထပ်တက်သဖြင့် ရှစ်သောင်းကျော်အထိ ပေးသွင်းရမည်ဖြစ်ကြောင်း ရွှေပြည်တန် ရပ်ကွက်နေ အသက် ၄၀နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

“ဈေးမတက်တာ မရှိဘူး။ အကုန်တက်နေတာ” ဟု ၎င်းက ဆိုသည်။

မြိတ်မြို့နယ်အတွက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးခြင်းလုပ်ငန်းအား တစ်ယူနစ် ၂၉၂ ကျပ်နှုန်းဖြင့် Petro & Trans ကုမ္ပဏီက ပြီးခဲ့သည့် အစိုးရလက်ထက်တွင် တင်ဒါအောင်မြင်ထားခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီလက တစ်ယူနစ်လျှင် ၂၃၅ ကျပ်၊ ဖေဖေါ်ဝါရီလတွင် ၂၅၈ ကျပ်၊ မတ်လတွင် ၂၈၀ ကျပ်အထိ တိုးမြှင့်ကောက်ခဲ့ပြီး ဧပြီလမှစတင် တင်ဒါအောင်ဈေးနှုန်း ၂၉၂ ကျပ်ထက် ပိုမိုတိုးမြှင့် ကောက်ခံလာခြင်း ဖြစ်သည်။

ဧပြီလတွင် ၂၉၅ ကျပ်၊ မေ၊ ဇွန်၊ ဇူလိုင်လတို့တွင် ၃၈၅ ကျပ်၊ ဩဂုတ်လတွင် ၃၉၈ ကျပ်၊ စက်တင်ဘာလတွင် ၄၂၀ ကျပ်၊ အောက်တိုဘာလတွင် ၄၇၀ ကျပ်၊ နိုဝင်ဘာလမှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလအထိ ၄၇၈ ကျပ်၊ ဖေဖော်ဝါရီတွင် ၅၆၅ ကျပ် စသဖြင့် မီတာခဈေးနှုန်း ဆက်တိုက် မြှင့်တက်လာနေခြင်းဖြစ်သည်။

ယင်းကဲ့သို့ မီတာခဈေးနှုန်းများ အဆမတန်မြှင့်တက်လာနေသဖြင့် ချက်ပြုတ်ရန်အတွက် မီး‌သွေးအသုံးပြုသူများလာ နေပြီး မီးသွေး တစ်အိတ်လျှင် ကိုးထောင်ငါးရာကျပ်အထိ ပေးဝယ်နေရကြောင်း မြို့သစ်ရပ်‌နေ လျှပ်စစ်မီးသုံးစွဲသူအချို့က ပြောပြသည်။

“မီတာခ သက်သာအောင် သုံးတဲ့သဘောပါ” ဟု မြို့သစ်ရပ်နေ အသက် ၅၀ နှစ်ရှိ အမျိုးသမီးတစ်ဦးက ပြောသည်။

မီတာခ ဈေးမြင့်တက်မှုနှင့်ပတ်သက်၍ Petro & Trans ကုမ္ပဏီကို ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပါ တာဝန်ရှိသူတို့က ပြောဆိုထားသည်။

ယင်းကုမ္ပဏီတာဝန်ရှိသူတို့ကမှု ဒီဇယ်လောင်စာဆီဈေးနှုန်း မြှင့်တက်နေသည့်အတွက် မီတာခဈေးတက်နေခြင်းဖြစ်ကြောင်း ပြောဆိုလေ့ရှိသည်။