လောင်းလုံး ညင်းမော်ရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး ဈေးတွင် ပစ်သတ်ခံရ

0
294

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ညင်းမော်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်လည်းဖြစ်၊ ကျေးရွာအရံ မီးသတ် တပ်ဖွဲ့ ခေါင်းဆောင်တစ်ဦးလည်းဖြစ်သူ ဦးနိုင်ဦးကို ယနေ့ (ဧပြီ ၇) နံနက်ပိုင်းက ရွာဈေးတွင် ပစ်သတ်ခံရပြီး ဈေးသည် အမျိုးသမီးနှစ်ဦးလည်း ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း မျက်မြင်တွေ့သူအချို့က ပြောသည်။

ပစ်ခတ်ခံရသဖြင့် သေဆုံးသွားသူ အသက် ၅၀ ကျော်အရွယ် ဦးနိုင်ဦးမှာ ညင်းမော်ဘုန်းကြီးကျောင်းနံဘေး နေအိမ်တွင် အရက်ဆိုင် ဖွင့်လှစ်ရောင်းချနေသူဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

ဦးနိုင်ဦးသည် ညင်း‌မော်ဘော်လုံးကွင်းတွင် ဖွင့်လှစ်ထားသည့် ဈေးတွင် နံနက် ၆ နာရီခွဲခန့်တွင် ဈေးလာဝယ်နေစဉ် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း လောင်းလုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဧပြီလ ၇ ရက်နေ့ ညနေပိုင်းက ထုတ်ပြန်ထားသည်။

သေဆုံးသူ ဦးနိုင်ဦးမှာ ပျူစောထီးအဖွဲ့ဝင်ဖြစ်ပြီး ရဲသတင်းပေးဖြစ်သဖြင့် ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ရင်ဘတ်မှာ သေနတ်ဒဏ်ရာ နှစ်ချက်ထိသွားတာ။ အလောင်းကိုတော့ အရေးပေါ်ကားနဲ့ လောင်းလုံး ဘက်ကို သယ်သွားတာတွေ့တယ်” ဟု မျက်မြင်တွေ့သူတစ်ဦးက ပြောသည်။

ယင်းပစ်ခတ်မှုတွင် ဈေးသည် အမျိုးသမီးနှစ်ဦးလည်း ဒဏ်ရာအနည်းငယ် ရရှိသဖြင့် လောင်းလုံးမြို့နယ် ဆေးရုံသို့ တင်ပို့ထားရကြောင်း ဒေသခံအချို့က ပြောဆိုသည်။

ယင်းသို့ရှင်းလင်းရာတွင် ဦးနိုင်ဦး ခန္ဓာကိုယ်ကိုဖောက်ထွက်လာသော ကျည်ဆန်မှာ လမ်းသွားလမ်းလာ ပြည်သူတစ်ဦး၏ လက်ကိုမှန်ကာ အနည်းငယ် ထိခိုက်ပွန်းပဲ့မိသွားကြောင်း၊ ယင်းသို့ဖြစ်သွားသည့်အတွက် တောင်းပန်ပါကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အခြားအမျိုးသမီးတစ်ဦးမှာလည်း သေနတ်သံကြောင့် ကြောက်လန့်ထွက်ပြေးရာမှ လဲကျပြီး ဒဏ်ရာရရှိခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောဆိုသည်

စစ်ကောင်စီခေတ် အုပ်ချုပ်ရေးအဖွဲ့ဝင် ဦးနိုင်ဦးမှာ အရက်ဆိုင်ဖွင့်လှစ်ရောင်းချသည့်အပြင် သူ့ခြံထဲတွင် ဖဲဝိုင်းကဲ့သို့သော လောင်းကစားဝိုင်းများ မကြာခဏပြုလုပ်လေ့ရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“အရက်ရောင်းတာ၊ ဖဲဝိုင်းထောင်တာက သူ့တို့အိမ်မှာ လုပ်နေကျပဲ။ အခုမှထလုပ်တာ‌တော့ မဟုတ်ဘူး။ ဟိုးအရင်ကတည်းက လုပ်နေကြပဲ။ ရဲတွေကတော့ သူ့အိမ်ကို မကြာခဏ အဝင်အထွက်ရှိတယ်။ အဲဒီတော့ ရွာမှာတော့ သူ့ကို ဒလန်ဆိုပြီး ပြောနေကြတာရှိတာပေါ့နော်။ ဒါပေမဲ့ ရွာသားတွေကို သတင်းပေးပြီး ဖမ်းခိုင်းတယ်ဆိုတာမျိုးတော့ (သူမ)မကြားဖူးဘူး” ဟု ‌၎င်းကဆိုသည်။

ဧပြီလ ၄ ရက်ကလည်း ညင်းမော်ရွာသား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်တစ်ဦး သေနတ် ပစ်ခတ်ခံရသဖြင့် လက်မောင်းတွင် ဒဏ်ရာရရှိခဲ့သည်။