သယ်ယူစရိတ်ကြီးသဖြင့် ထားဝယ်တွင် ဝါးဈေးနှစ်ဆတက်

0
375
ထားဝယ်မြို့ ကမ်းနားလမ်းရှိ ဝါးအရောင်းအဝယ်ရေး လုပ်ငန်း တစ်နေရာ/ Dawei Watch

သယ်ယူစရိတ်ကြီးမြင့်မှုကြောင့် ထားဝယ်တွင် ဝါးဈေး ယမန်နှစ်ထက် ဈေးနှစ်ဆတက်သွားကြောင်း ထားဝယ် ကမ်းနားလမ်းရှိ ဝါးရောင်းချသူအချို့ထံမှ သိရသည်။

ဆောက်လုပ်ရေးလုပ်ငန်းနှင့် အိမ်သုံး ဝါးကြီးတစ်လုံးကို ယမန်နှစ်က ငါးရာကျပ်ခန့်သာရှိရာမှ ယခုနှစ်တွင် တစ်ထောင်ခန့်ဖြစ်လာပြီး ဝါးငယ်တစ်လုံး သုံးရာကျပ်ခန့်ရှိရာမှ ခြောက်ရာခန့်ဖြင့် ရောင်းချနေရကြောင်း ဝါးရောင်းချသူတစ်ဦးက ပြောသည်။

“ပင်ရင်းကတော့ ဈေးမတက်ဘူး။ ပုံမှန်ပါ။ အဓိက သယ်ယူစရိတ်ကြီးသွားတော့ ဈေးကွက်ထဲမှာ ဈေးတင်ရတာပေါ့” ဟု ဝါးရောင်းချသူ အမျိုးသားတစ်ဦးက ပြောသည်။

ယမန်နှစ်က ဝါးလုံးရေ တစ်ထောင်ပါ ကားတစ်ခေါက်ကို သယ်ယူစရိတ် ရှစ်သောင်းခန့်သာ ပေးရပြီး ယခုနှစ်မှာ တစ်သိန်းလေးသောင်းခန့်ပေးရကြောင်း ဝါးရောင်းချသူအချို့ထံမှ သိရသည်။

“ဝါးကြီးတစ်လုံးကို အိမ်အရောက်ပို့ တစ်ထောင်ဆိုလို့ တစ်လုံးရှစ်ရာနဲ့ ကိုယ်တိုင်သွားသယ်လိုက်ရတယ်။ မနှစ်က ငါးရာပဲ ရှိတယ်” ဟု လောင်းလုံးမြို့နယ်ရှိ ဒေသခံတစ်ဦးက ပြောသည်။

ထားဝယ်ဒေသတွင် ဝါးကို ယခင်က ကုန်းလမ်းရေလမ်းဖြင့် ကလိန်အောင်မြို့နယ်မှ ထားဝယ်မြစ်ကြောင်း အတိုင်း သယ်ယူကြပြီး ယခုနှစ်တွင်မူ ကုန်းလမ်းက အများဆုံးသယ်ယူနေကြကြောင်း ၎င်းတို့ထံမှ သိရသည်။

“ကုန်းလမ်းက ငွေပေါ်မြန်တယ်။ အခုခုတ်၊ အခုပိုက်ဆံရတယ်။ ရေလမ်းက ဖောင်ဖွဲ့ပြီးသွားရတော့ လမ်းခရီးကြန့်ကြာတယ်” ဟု ဝါးလုပ်ငန်းလုပ်ကိုင်သူများက ပြောသည်။

သို့သော်လည်း ရေငန်စိမ်ဝါးကိုမူ လူကြိုက်များကြပြီး ဈေးလည်းပိုရကြောင်း ၎င်းတို့ထံမှ သိရသည်။

ကုန်လမ်းခရီးဖြင့် သယ်ဆောင်ရာတွင် စက်သုံစရိတ်ကြီးမြင့်မှုကြောင့် စရိတ်ပိုကုန်သည့်အပြင် လမ်းခရီးတွင်လည်း ငွေကြေးပေးရမှုများ ရှိကြောင်း ဝါးသယ်ယူပို့ဆောင်သူ အချို့ထံမှ သိရသည်။

ထားဝယ်တွင် မိုးမကျမီ အိမ်အမိုး မိုးလေ့ရှိကြပြီး အိမ်မိုးရာတွင်လည်း ဝါကြီး (သို့မဟုတ်) ဝါးငယ်ကို အသုံးပြုလေ့ရှိကြရာ ယခုနှစ်တွင် အိမ်မိုးစရိတ်ပိုမိုကုန်ကျကြောင်း အိမ်ခေါင်မိုးသူ အိမ်ဆောက်သူ အချို့ထံမှ သိရသည်။

ထားဝယ်ဒေသထွက်ဝါးကို အိမ်အမိုးနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် ငြမ်းအဖြစ်အများဆုံး အသုံးပြု သည်။ သင်္ကြန်မတိုင်မီ နှစ်လခန့်နှင့် မေလတို့တွင် ဝါးအများဆုံး ရောင်းချရလေ့ရှိကြောင်း ဝါးရောင်းချသူများ ထံမှ သိရသည်။