တနင်္သာရီမြို့နယ်သို့ ဆန်သယ်ခွင့် ကန့်သတ်ခံနေရဟုဆို

0
247

မြိတ်မြို့မှ တနင်္သာရီမြို့နယ်သို့ ဆန်များ လိုသလောက် သယ်ယူခွင့် မရတော့ဘဲ ကန့်သတ်ခံနေရကြောင်း ဆန်ကုန်သည်များနှင့် ဆန်ရောင်းဝယ်သူများထံမှ သိရသည်။

တနင်္သာရီမြို့က ဆန်ဝယ်နေကျ ဖောက်သည်များ အော်ဒါမှာပြီးနောက် လာရောက်သယ်ယူခြင်း မရှိတော့ ကြောင်း မြိတ်မြို့က ဆန်ရောင်းချသူအချို့ထံမှ သိရသည်။

“လာမယူလို့ ဖုန်းဆက်တာ။ အများကြီးသယ်လို့ မရတော့ဘူး။ တစ်အိပ်စ၊ နှစ်အိပ်စပဲ သယ်ခွင့်ပေးတယ်လို့ သူတို့က ပြောတယ်” ဟု မြိတ်မြို့တွင် ဆန်ကုန်သည်တစ်ဦးက ပြောသည်။

ဧပြီလ ၅ ရက်နေ့က မြိတ်မှ ဆန်သယ်ယူလာသည့် ကားအချို့ကို တနင်္သာရီမြို့အနီး ဇဝဲကျေးရွာလမ်းဆုံ တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ဆေးနေပြီး မြိတ်မြို့သို့ ပြန်လည်စေလွှတ်နေသည်ကို တွေ့ရကြောင်း ကားသမားများက ပြောဆိုသည်။

ဇဝဲကျေးရွာလမ်းဆုံမှ တည့်တည့်သွားလျှင် တနင်္သာရီမြို့သို့ ရောက်ရှိမည်ဖြစ်ပြီး ယင်းလမ်းဆုံမှ ဘယ်ဖက် လမ်းခွဲအတိုင်းသွားလျှင် တကူ၊ သရဘွင်၊ သိန္ဒော ကျေးရွာများသို့ ရောက်ရှိမည်ဖြစ်သည်။

ပြီးခဲ့သည့် မတ် ၃၁ ရက်က သိန္ဒောကျေးရွာတွင် စစ်ကောင်စီနှင့် PDF တို့ ၃ နာရီကြာတိုက်ပွဲဖြစ်ပွားသေး သလို တကူနှင့် သရဘွင်ရွာဖက်တွင်လည်း မတ်လအတွင်း အနည်းဆုံးတိုက်ပွဲငယ် ငါးကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။

ယင်းသို့ တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် အစစ်အဆေး တင်းကျပ်လာပြီး ဆန်သယ်ခွင့် ကန့်သတ်ခံ လာရကြောင်း ဆိုင်ဝယ်ယူရောင်းချသူများ၊ ကားသမားများနှင့် ဒေသခံအချို့ထံမှ သိရသည်။

“အဓိကက ဆန်တွေသယ်လာတဲ့ကားတွေကို စစ်နေတာတွေ့ရတယ်။ ခရီးသည်ကားနဲ့ တခြားကား တွေကိုတော့ စစ်ဆေးတာ သိပ်မရှိပါဘူး” ဟု မြိတ်မှ မောတောင်နယ်စပ်သို့ ရေထွက်ပစ္စည်းများ တင်ပို့နေသည့် ကားသမားတစ်ဦးကပြောသည်။

တကူသံတိုက်မှ ဆန်ရောင်းဝယ်သူတစ်ဦးကလည်း တကူကျေးရွာဖက်သို့ ဆန်များ သယ်ခွင့် မရတော့ကြောင်း ပြောသည်။

“လုံးဝကို သယ်လို့ မရတော့ဘူး။ နှစ်ရက်ရှိပြီ” ဟု ၎င်းက ဆိုသည်။

ယင်းအနီးဝန်းကျင်တွင် PDF များရှိသည်ဆိုသည့် အကြောင်းအရင်းကြောင့် သယ်ယူခွင့် မပြုခြင်း ဖြစ်နိုင်ကြောင်း ၎င်းက ယူဆသည်။

တနင်္သာရီသို့ သွားရောက်ရာတွင် ယခင်က ကြေးနန်းတိုင်တံတားနှင့် တနင်္သာရီတံတားတွင် ခရီးသည် များအား စစ်ဆေးလေ့ရှိပြီး လက်ရှိအချိန်တွင် စစ်ဆေးရေးဂိတ်များ ထပ်တိုးကာ ကုန်ကားများကို အဓိကထား စစ်ဆေးနေကြောင်း ကားသမားများက ပြောပြသည်။

“ခရီးသည်မှာဆိုရင် ဆေးလက်မှတ်ရယ်၊ မှတ်ပုံတင်ရယ် စစ်တယ်” ဟု ခရီးသည်ကားမောင်းသူတစ်ဦးက ပြောသည်။

မြိတ်ခရိုင်ဆန်စက်လုပ်ငန်းရှင်များအသင်းသို့မူ ဆန်အကန့်အသန့်ဖြင့် ရောင်းချရေးနှင့် ပတ်သက်ပြီး စစ်ကောင်စီထံမှ ညွှန်ကြားချက် တစ်စုံတစ်ရာ ရောက်ရှိခြင်းကား မရှိသေးကြောင်း ယင်းအသင်း၏ တာဝန်ရှိက ပြောသည်။

“ကျွန်တော်တို့ကတော့ တနင်္သာရီဖက်ကို သီးသန့်ပို့တာမျိုး မရှိဘူး။ တကူတို့ဖက်ခြမ်း နယ်မြေ လုံခြုံရေးအရ ဆန်သယ်ရင် စစ်တာဆေးတာ လုပ်နေတယ်လို့ ခုရက်ပိုင်းအတွင်း ကြားရတယ်။ အတိအကျတော့ မသိရသေးဘူး” ဟု ၎င်းက ဆိုသည်။

ဆန်သယ်ယူခွင့်နှင့်ပတ်သက်ပြီး စစ်ကောင်စီဖက်က တရားဝင်ထုတ်ပြန် ထားခြင်းမျိုး မတွေ့ရှိရသေးပေ။

တကူ၊ သရဘွင်၊ သိန္ဒော ကျေးရွာတို့ တည်ရှိရာနေရာသည် တောတောင်ပေါများပြီး စစ်ကောင်စီတပ်နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့ မကြာခဏတိုက်ပွဲဖြစ်လေ့ ရှိသည်။