နိုင်ငံခြားငွေကြေး မူဝါဒသစ်ကြောင့် ရာဘာလုပ်ငန်းရှင်များ အခက်တွေ့

0
548
ထားဝယ်ခရိုင်းအတွင်းရှိ ရော်ဘာလုပ်ငန်းခွင်/ Dawei Watch

နိုင်ငံခြားငွေကြေးမူဝါဒ အပြောင်းအလဲကြောင့် ရာဘာဈေးမဖွင့်ရဲဘဲ အခြေအနေကို စောင့်ကြည့်နေကြရကြောင်း ထားဝယ်အခြေစိုက် ရာဘာဒိုင်အချို့က ပြောသည်။

ပြည်ပမှ ဝင်ရောက်လာသည့် နိုင်ငံခြားငွေများကို မြန်မာကျပ်အဖြစ် ဝင်ရောက်သည့်နေ့မှ တစ်ရက်အတွင်း ပြောင်းလဲ၍ မြန်မာကျပ်ငွေစာရင်းသို့ ထည့်သွင်းပေးရမည်ဖြစ်ကြောင်း ဗဟိုဘဏ်က ဧပြီလ ၃ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ယင်းသို့ကျပ်ငွေသို့ ပြောင်းလဲရာတွင်လည်း အမေရိကန် တစ်ဒေါ်လာလျှင် ၁၈၅၀ ကျပ် နှုန်းဖြင့် လဲလှယ်ရမည်ဖြစ်ပြီး နိုင်ငံခြားသုံးငွေကို ပြည်ပသို့ လွှဲပြောင်းမည်ဆိုပါက နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

အမေရိကန် တစ်ဒေါ်လာလျှင် ၁၈၅၀ ကျပ်ဖြင့်လဲလှယ်ရမည်ဆိုသည့် အချက်က နိုင်ငံခြားသို့ ရာဘာတင်ပို့ရောင်းချနေသူများအတွက် ထိခိုက်မူရှိကြောင်း ထားဝယ်မြို့ရှိ ရာဘာလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

“အရင်ဒေါ်လာဈေးက ၂၀၀၀ ကျော်မှာရှိနေတယ်။ အခုက ၁၈၅၀ နဲ့ လဲရမယ်ဆိုတော့ ၂၀၀ လောက်ပြတ်သွားပြီ။ အဲတာကြောင့် ဈေးမဖွင့်ရဲကြသေးဘူး။ အခြေအနေကို စောင့်ကြည့်နေကြတယ်။ နောက်တစ်ပတ်လောက်ကြာမှ ဈေးဖွင့်နိုင်မယ်ထင်တယ်” ဟု ၎င်းလုပ်ငန်းရှင်က ဆိုသည်။

ရာဘာအရည်များကို ဈေးမဖွင့်ဘဲဝယ်ယူထားပြီး ဈေးဖွင့်နိုင်သည့်အချိန်ကျမှ ပေါက်ဈေးအတိုင်း သတ်မှတ်ပေးချေမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

အခြားရာဘာလုပ်ငန်းရှင်တစ်ဦးကလည်း ယခုရက်ပိုင်းအတွင်း ‌‌ဒေါ်လာနှင့် ထိုင်းဘတ် ငွေဈေးတည်ငြိမ်မူမရှိသဖြင့် ရာဘာအပြားဝယ်ယူခြင်းကို သတိထားဆောင်ရွက်နေရကြောင်း ပြောဆိုသည်။

“အချို့(ရာဘာ)ဒိုင်တွေကတော့ ဈေးမဖွင့်ကြဘူး။ ကျွန်မတို့လည်း ဖွင့်ရမလား၊ မဖွင့်ရဘူးလားတွေဝေနေတယ်။ ဈေးလာမေးရင်တော့ ဈေးပြောပေးလိုက်တယ်။ အခုက ထိုင်းဘတ်ဈေးကလည်း ကျနေတာဆိုတော့ ဈေးမပြောရဲဘဲဖြစ်နေတယ်” ဟု ၎င်းက ဆိုသည်။

ထိုင်းငွေဈေးနူန်းမှာ ပြီးခဲ့သည့် သုံးရက်ခန့်က တစ်ဘတ်လျှင် ၅၈ ကျပ်ဝန်းကျင်မှ ယနေ့ ဧပြီ ၆ ရက်တွင် ၅၆ ကျပ်သို့ကျဆင်းလာကြောင်း ထားဝယ်တွင် ငွေလွှဲလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

ရာဘာဒိုင်အချို့ကမူ တစ်ပေါင်လျှင် ၁၃၅၀ ကျပ်ဖြင့် ဈေးဖွင့်ဝယ်ယူနေကြောင်း ပြောဆိုကြသည်။

“ကျွန်တော်တို့လည်း မရဲတရဲနဲ့ ဈေးဖွင့်ထားတယ်။ အချို့ကတော့ ဒီဈေးနဲ့ဆို မရောင်းတော့ဘူးဆိုပြီး ပြန်သွားတဲ့သူတွေလည်းရှိတယ်” ဟု ရာဘာပွဲရုံပိုင်ရှင်တစ်ဦးက ဆိုသည်။

နိုင်ငံခြားငွေကြေးမူဝါဒ အပြောင်းအလဲသည် ရာဘာလုပ်ငန်းတစ်ခုတည်းသာမကဘဲ ဆန်၊ စပါးမှစပြီး စိုက်ပျိုးရေးလုပ်ငန်းတစ်ခုလုံကို ထိခိုက်လာနိုင်ချေရှိကြောင်း ထားဝယ်ခရိုင် ရာဘာလုပ်ငန်းရှင်များ အသင်းဝင်ဟောင်းတစ်ဦးက သုံးသပ်ပြောကြားသည်။

မြန်မာနိုင်ငံ၌ ရာဘာအဓိကထွက်ရှိရာ ဒေသများမှာ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့ ဖြစ်ပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ ၂၀၂၀ ခုနှစ်စာရင်းအရ တနင်္သာရီတိုင်းတွင် ရာဘာစိုက်ဧက ၃၁၉၈၁၆ ဧကရှိကြောင်း သိရသည်။