ပုလောမြို့နယ် ကဒဲကျေးရွာတွင် စစ်ကောင်စီတပ်ကားတန်း မိုင်းဆွဲခံရ

0
355

ပုလောမြို့နယ်၊ ကဒဲကျေးရွာထိပ်တွင် ယနေ့ (ဧပြီ ၅) ညနေ ၄ နာရီဝန်းကျင်က စစ်ကောင်စီတပ်ကားတန်း မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ဒေသခံအချို့က ပြောသည်။

ပုလောမြို့ဖက်က မောင်းနှင်လာသည့် စစ်ကောင်စီတပ်ကား သုံးစီး တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

“ထိခိုက်ဒဏ်ရာရတာ မကြားရဘူး” ဟု ကဒဲဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကို မသိသေးကြောင်း ဒေသခံအချို့ ဆိုသည်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ည ၇ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်က ကဒဲရွာအနီး သင်္ကန်းတော အတွင်းဘက်သို့ လက်နက်ကြီးဟုယူဆရသည့် ပစ်ခတ်သံ ခုနစ်ကြိမ် ကြားရကြောင်း ဒေသခံအချို့က ပြောဆိုသည်။

“လက်နက်ကြီးက ကောင်းကင်မှာ ဖြာပြီး ပေါက်ကွဲတယ်။ တဖွဲဖွဲနဲ့ အိမ်ခေါင်ပေါ်တွေလည်း ကျတယ်။ ဘာလက်နက်မှန်းကို စဉ်းစားမရဘူး” ဟု ကဒဲဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

သို့သော်လည်း ယင်းပစ်ခတ်မှုကြောင့် ရွာသားများ ထိခိုက်ဒဏ်ရာရမှုနှင့် နေအိမ်များ ပျက်စီးမှု မရှိခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ကဒဲရွာတွင် ပြီးခဲ့သည့် ၃ လခန့်ကတည်းက တိုက်ပွဲကြောင့် ရွာသားအများစု ဘေးလွတ်ရွာသို့ တိမ်းရှောင် နေကြပြီး ရွာတွင်ရှိသူအနည်းငယ်မှာ ရွာနှင့် နေအိမ်များကို အစောင့်အဖြစ် ကျန်ခဲ့သူများဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းသို့ အစောင့်ကျန်ခဲ့သူများမှာလည်း ယနေ့ဖြစ်စဉ်ကြောင့် ထွက်ပြေးတိမ်းရှောင်ကြရပြီဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ကဒဲကျေးရွာသည် မြိတ်နှင့် ပုလောကြားရှိ ပြည်ထောင်စုလမ်းမပေါ်တွင် တည်ရှိပြီး အိမ်ခြေ ၃၀၀ ခန့်ရှိသည့် ကျေးရွာဖြစ်သည်။