“ကျွန်မတို့ထက် ရာထူးကြီးတဲ့ ဆရာကြီး/ဆရာမကြီးတွေဆိုလည်း ခြံစောင့်လုပ်နေတာရှိတယ်။ ပန်းရံလုပ်နေတာလည်း ရှိတယ်”

ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

ထိုင်းရောက် CDM ကျောင်းဆရာမတစ်ဦးနှင့် တွေ့ဆုံခြင်း

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့အပြီး ရက်ပိုင်းအတွင်းမှာပင် စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ချီတက်ဆန္ဒပြခဲ့ကြသည့် တနင်္သာရီတိုင်းက CDM ကျောင်းဆရာ/ဆရာမများမှာ ယခုအခါ ပုံစံမျိုးစုံဖြင့် တိမ်းရှောင်ကာ တော်လှန်ရေးကို ဆက်လက် လုပ်ဆောင်နေကြသည်။

တနင်္သာရီတိုင်းမှ CDM ကျောင်းဆရာ/ဆရာမ အများစုမှာ ဖမ်းဆီးခံရမည့်အရေး၊ စားဝတ်နေရေး အခြေအနေတို့ကြောင့် ထိုင်းနိုင်ငံဘက်သို့ တရားမဝင်လမ်းကြောင်းမှ သွားရောက်ကာ ရရာအလုပ်များ လုပ်ကိုင်ရပ်တည်ရန် ကြိုးစားနေကြရသော်လည်း တော်လှန်ရေးတွင် ရသည့်နေရာမှ ဆက်လက်ပါဝင်နေသေးသည်။

သို့သော် ထိုင်းနိုင်ငံတွင် တရားမဝင်နေထိုင်နေရခြင်း၊ အလုပ်အကိုင် ရရှိရေးရုန်းကန်နေရခြင်း၊ ကြုံရာအလုပ် လုပ်ကိုင်ရခြင်း စသဖြင့်အခက်အခဲမျိုးစုံကိုလည်း ရင်ဆိုင်နေကြရသည်။

ယင်းကြောင့် ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် တနင်္သာရီတိုင်းမှ CDM ကျောင်းဆရာမတစ်ဦးနှင့် တွေ့ဆုံကာ ကြုံတွေ့နေကြရသည့် အခက်အခဲနှင့် ရှေ့ဆက်လုပ်ဆောင်မည့် အစီအစဉ်များကို တွေ့ဆုံမေးမြန်း ကောက်နုတ်ဖော်ပြအပ်ပါသည်။

(လုံခြုံရေး အခြေအနေကြောင့် ဆရာမ၏ အမည်နှင့် အသေးစိတ်အချက်အလက်များကို ဖော်ပြနိုင်ခြင်းမရှိပေ)

မေး – ဆရာမ ထိုင်းကိုဘာကြောင့် ထွက်လာတာပါလဲ၊ ဘယ်လိုမျိုး လာရောက်ခဲ့ပါသလဲ။

ဖြေ – ကျွန်မကလည်း CDM ကျောင်းဆရာမတစ်ဦးဖြစ်ပြီးတော့ အမျိုးသားကလည်း ဖမ်းဆီးခံရမယ့် အနေအထားရှိနေတော့ ကျွန်မတို့ စီးပွားရေးလုပ်ငန်းတွေကို ချက်ချင်းရပ်ပစ်ထားခဲ့ပြီး ထိုင်းဘက်ကို ထွက်လာခဲ့ရတာပါ။ ထိုင်းကိုက အလည်လည်းရောက်ဖူးတယ်။ အမျိုးတွေလည်း ရှိတယ်ဆိုတော့ ဒီဘက်ထွက်လာဖို့ ဆုံးဖြတ်လိုက်ကြတာ။ အထဲမှာပဲ ဆွေမျိုးအိမ်တွေ၊ သူငယ်ချင်းအိမ်တွေမှာ ရှောင်နေတာမျိုး ပြေးလွှားနေတာမျိုး မလုပ်တော့ဘဲ ဒီဘက်ကိုပဲ ရွေးလိုက်တော့တာ။ စားဝတ်နေရေး အတွက်ရော တော်လှန်ရေးကို ဒီဘက်ကနေ ဆက်လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ကော ဒီဘက်ကို ရွေးလိုက်တာပါ။ ဒါပေမဲ့ ဒီဘက်ရောက်တဲ့အခါမှာ ထင်သလိုတွေတော့ မဖြစ်လာခဲ့ဘူးပေါ့။

မေး – ထိုင်းဘက်ကို ဝင်လာကြတဲ့ CDM ကျောင်းဆရာ/ဆရာမတွေက ဘာကြောင့်ဝင်လာကြတာလဲ။

ဖြေ – ပြည်ပထွက်တာက အနေအထား ၂ မျိုးရှိပါတယ်။ တစ်ချို့ တတိယနိုင်ငံသွားဖို့ ဆိုတဲ့အနေအထားမျိုးနဲ့ ထိုင်းကိုလာတဲ့သူတွေရှိသလို ရွှေ့ပြောင်းအလုပ်သမား အနေနဲ့ခိုးဝင်လာတဲ့ သူတွေလည်းရှိပါတယ်။ ကျွန်မအခုပြောချင်တာက အခြေအနေအရ ရွှေ့ပြောင်းအလုပ်သမားအနေနဲ့ ဒီဘက်ဝင်လာတဲ့ ဆရာ/ဆရာမတွေ အကြောင်းပြောချင်တာပါ။ ဒီလူတွေက တစ်ချိန်ကျရင် ကိုယ့်နိုင်ငံကိုယ်ပြန်ချင်တဲ့ သူတွေပဲ။ သူတို့က ဒီကိုဘာလို့လာလဲဆိုတော့ သူတို့ယုံကြည်ချက်အရ Non-CDM (အလုပ်ပြန်ဝင်)ပြန်မလုပ်ချင်ဘူး။ ကျောင်းဆရာ အလုပ်ဆိုတာက ငွေကြေးမချမ်းသာဘူးလေ တစ်နှစ်လောက် အလုပ်မရှိရင် ရပ်တည်လို့မရတော့ဘူး။ သူ့ကိုမှီခိုနေတဲ့ မိသားစုတွေလည်း ရှိတယ်လေ။ အဲ့တော့ သူတို့မှာရွေးချယ်စရာ ဒီဘက်ကိုလာပြီး အလုပ်လုပ်ဖို့ပဲရှိတယ်။ ကျွန်မလည်း အဖွဲ့အစည်းတွေနဲ့ တွေ့တဲ့အခါတိုင်းမှာ ထိုင်းရောက် CDM ဆရာ/ဆရာမတွေ အရေးပဲ ထည့်သွင်းဆွေးနွေးဖြစ်တယ်။

မေး – ထိုင်းရောက် CDM ဆရာ/ဆရာမတွေအရေး ဘာတွေလုပ်ဖြစ်လဲ။ ဘယ်လိုကနေ စလုပ်ဖြစ်တာလဲ။

ဖြေ – ကျွန်မဒီဘက်ရောက်တဲ့အချိန်မှာ ဘာသွားတွေလဲဆိုတော့ ကျွန်မသူငယ်ချင်းတစ်ယောက်က သူကကျွန်မတို့ထက် ရာထူးကြီးတယ်။ ကျွန်မ ဒီဘက်ရောက်ပြီး ၂ လလောက်အကြာမှာ သူကထိုင်းကို ထွက်လာတယ်။ နယ်စပ်မှာထိုင်းရဲကဖမ်းမိပြီး အချုပ်ကျသွားတယ်။ ၄၅ ရက်အဖမ်းခံရပြီးမှ မြန်မာနိုင်ငံကို ပြန်ပို့ခံရတယ်။ လုပ်ဖော်ကိုင်ဖက်လည်းဖြစ် ညီအစ်မလိုလည်းနေလာတော့ သူပျောက်နေတာကိုသိတော့ ကျွန်မတို့လည်း စိုးရိမ်ပြီး အရမ်းခံစားရတယ်။ သူလာမယ်ဆိုတာ ကြိုပြီးအသိပေးထားတာလည်းမရှိတော့ လာတာကို မသိလိုက်ဘူး။ ကြိုသိထားရင်တော့ နီးစပ်ရာနဲ့ချိတ်ဆက်ပြီး ယုံကြည်စိတ်ချရသူတွေနဲ့ အကူအညီပေးလို့ရတာပေါ့။ သူပြန်ပို့ခံရပြီးတော့မှ ကျွန်မတို့နဲ့ အချိတ်အဆက်ရတယ်။ ကျွန်မဒီမှာ လာစဉ်းစားမိသွားလဲဆိုတော့ ငါတို့ တနင်္သာရီတိုင်းက CDM ဆရာ/ဆရာမတွေ ဘယ်လောက်လောက် ဒီဘက်ကိုရောက်နေပြီလဲပေါ့။ ပြည်တွင်းမှာက တစ်ယောက်ယောက် ဖမ်းခံရရင် ချက်ချင်းသိပြီး speak out ဘာညာ လုပ်လို့ရပေမဲ့ ဒီဘက်မှာက ဘာလုပ်ရမယ်ဆိုတာလည်း မသိကြဘူး။ နယ်စပ်မှာ ဖမ်းခံရပြီး အချုပ်ထဲမှာ ဘယ်လောက်လောက် ရောက်နေပြီလဲ၊ ဘာတွေကြုံနေရပြီလဲ ဆိုတာသိချင်လာတာနဲ့ ကျွန်မသူငယ်ချင်းတွေနဲ့ တိုင်ပင်ပြီး ပြည်ပရောက် CDM ဆရာ/ဆရာမ စာရင်းပြုစုကြတယ်။ သူတို့ရဲ့ အသေးစိတ်အချက်အလက်တော့ မတောင်းထားပါဘူး။ ကျွန်မတို့ ရရှိပြီးတဲ့ အချက်အလက်အရ တနင်္သာရီတိုင်းက CDM ကျောင်းဆရာ/ဆရာမ တစ်ရာကျော်ကျော်လောက် ဒီဘက်မှာရောက်နေတာ တွေ့ရတယ်။ ဒါကလောလောဆယ် ကောက်ထားပြီးသလောက်ပေါ့ ထပ်ရောက်လာတာလည်း ရှိနိုင်တယ်။ အဆက်အသွယ်မရသေးတာလည်း ရှိနိုင်တယ်။

မေး – ထိုင်းမှာ ရောက်နေတဲ့ CDM ဆရာ/ဆရာမတွေ အဓိကကြုံတွေ့နေရတဲ့ ပြဿနာက ဘာတွေရှိမလဲ။

ဖြေ – ဒီဘက်မှာ လူခံမရှိဘဲ လာဖို့ဆိုတာ သိပ်မလွယ်ဘူး။ ကျွန်မဆို အဒေါ်ရှိတယ်။ ကျွန်မရောက်နေတဲ့ နေရာကလည်း မြန်မာနိုင်ငံနဲ့ သိပ်မဝေးတဲ့နေရာပေါ့။ ကျွန်မဒီဘက်ရောက်ရောက်ချင်း စကြုံရတဲ့ ပြဿနာက စိတ်ပိုင်းဆိုင်ရာ ပြဿနာပေါ့။ ဟိုမှာဆို ကျွန်မတို့မိသားစု စီးပွားရေးတွေရှိတယ်။ ကိုယ်တိုင်းလည်း ကျောင်းဆရာမလုပ်တယ်။ ကိုယ်ပိုင်အိမ်လည်း ရှိတယ်ပေါ့။ ဒီမှာက အခြေအနေမတူတော့ဘူး။ ကံကောင်းတာက ဒီဘက်ကိုရောက်တော့ အခုအလုပ်လုပ်နေတဲ့ အလုပ်ရှင်က ကျွန်မကို CDM ဆရာမမှန်းသိတော့ သူအလုပ်မှာ လူမလိုပေမယ့် အကူအညီပေးတဲ့အနေနဲ့ အလုပ်စီစဉ်ပေးတယ်။ ဒါပေမဲ့လည်း ကာယအားပြုရတဲ့ အလုပ်ပဲလုပ်ရတာလေ။ ဟိုဘက်မှာ ဆရာမပဲလုပ်ခဲ့လုပ်ခဲ့ ဘယ်လိုအနေအထားပဲ နေခဲ့နေခဲ့ ဒီဘက်ရောက်တော့ တစ်ကပြန်စရတာပဲလေ။ သူများအိမ်မှာ မှီခိုပြီးနေရတယ်။ မိသားစုတွေ၊ နေရပ်တွေကို စွန့်ခဲ့ရတာဆိုတော့ ကျွန်မအတွက်တော့ စိတ်ပိုင်းဆိုင်ရာ တော်တော်ခက်ခဲတယ်။ နောက်ပြီးကျွန်မ တွေးထားတာက ဒီဘက်ရောက်ရင် တော်လှန်ရေးကို ထဲထဲဝင်ဝင် လုပ်နိုင်မယ်ပေါ့။ ဒါပေမဲ့ ဒီဘက်ရောက်တော့ ကျွန်မတို့အချိန်တွေကို အိပ်ချိန်ကလွဲပြီး အလုပ်ကိုပေးထားရတယ်။ ဒါကခွန်အားနဲ့ ပိုက်ဆံရှာရတဲ့ အလုပ်ဖြစ်သွားပြီဆိုတော့ ကျွန်မတို့အချိန်တွေကို သူတို့ကိုပေးထားရတယ်လေနော်။ တော်လှန်ရေးကို ထဲထဲဝင်ဝင် မလုပ်ပေးနိုင်တော့တာကိုလည်း ခံစားရတာပေါ့။

အခုနေသားကျသွားတော့ လုပ်နိုင်တဲ့အနေအထားတစ်ခုကိုတော့ ပြန်လုပ်နိုင်နေပြီလို့ ပြောလို့ရပါတယ်။ဒါတောင် ကျွန်မကံကောင်းလို့ ရောက်ပြီးသိပ်မကြာဘူး အလုပ်ရတာ။ အလုပ်ရှာမရလို့ အခက်အခဲဖြစ်နေတဲ့ သူတွေလည်း အများကြီးပဲ။ ဒီဘက်မှာက စရိတ်ကတအားကြီးတယ် အလုပ်မရှိဘဲ နေထိုင်ဖို့ဆိုတာက မဖြစ်နိုင်ဘူး။ ကျွန်မတို့စာရင်းအရဆို လူ ၁၀၀ မှာ ၈၀ လောက်ကအလုပ်မရှိဘူး ဆိုတာတွေ့ရတယ်။ ကျွန်မတို့က ဘယ်လိုလုပ်ပေးနေလဲဆိုတော့ ဒီဘက်မှာ ဟိုးကတည်းက အလုပ်လာလုပ်နေတဲ့ သူငယ်ချင်းတွေရှိတယ်။ သူတို့နဲ့ချိတ်ဆက်ပြီး အလုပ်ရဖို့ အကူအညီပေးတယ်။ အဆင်ပြေတာလည်း ရှိသလို မပြေသေးတာလည်း ရှိတယ်။ ဒီမှာက ကိုယ့်ဘာသာရုန်းရတာလေနော်။ ဒီဘက်မှာ ရောက်နေတဲ့ ကျွန်မတို့ထက် ရာထူးကြီးတဲ့ ဆရာကြီး/ဆရာမကြီးတွေဆိုလည်း ခြံစောင့်လုပ်နေတာရှိတယ်။ ပန်းရံလုပ်နေတာလည်း ရှိတယ်။ ဒီမှာက ကိုယ့်ပညာနဲ့အသက်မွေးလို့ မရဘူးလေနော်။ ကျွန်မတို့လည်း စိတ်မကောင်းဖြစ်ရတယ်။

ဟိုနေ့က သူငယ်ချင်းတစ်ယောက်ဆို ဒီကစက်ရုံတစ်ခုရှေ့မှာ ပြေးလွှားနေတဲ့ လူအုပ်ကြီးဗီဒီယိုဖိုင်ကို တင်လိုက်ပြီးတော့ ပြည်တွင်းမှာပဲ ပြေးနေရတာမဟုတ်ဘူး ငါတို့ဒီမှာလည်း ပြေးနေရတာပဲဆိုပြီး ဟာသသဘောမျိုးပြောတယ်။ ဒီမှာက စက်ရုံတွေမှာ အလုပ်ခေါ်တယ်ဆိုတာ လူ ၁၀၀ ခေါ်ရင် လူ ၁၀၀၀ လောက်ဝင်လျှောက်တယ်။ ကိုယ်အလုပ်ရဖို့အတွက် တိုးဝှေ့ပြီး လုပ်ကြရတာ။ ကြားထဲမှာ ပွဲစားတွေက လုပ်စားတာလည်း ရှိသေးတယ်။ ရဲဖမ်းခံရလို့ ပိုက်ဆံနဲ့ ပြန်ရွေးရတာလည်းရှိတယ်။ တစ်ချို့ဆို လမ်းစရိတ်ချေးငှား လာကြတာလေ။ လမ်းစရိတ်တောင် မကျေသေးဘူး ရဲဖမ်းခံရလို့ ထပ်ကုန်တာ အကြွေးထပ်တင်တာ တွေလည်း အများကြီးပဲလေ။

မေး – ဆရာမတို့ ထိုင်းရောက် CDM ကျောင်းဆရာ/ဆရာမတွေ စုပြီး အဖွဲ့တစ်ခုဖွဲ့ဖို့ လုပ်နေတယ်လို့ ကြားရတယ်။ အဲ့ဒါဘယ်အခြေအနေ ရှိပြီလဲ။

ဖြေ – လုပ်ဖို့တော့ စီစဉ်နေတယ်။ လုပ်တော့ မလုပ်ဖြစ်သေးဘူး။ ဒီဘက်က အနေအထားကလည်း အလုပ်လုပ်မှ ထမင်းစားရမယ့် အနေအထားမျိုးဖြစ်သွားတော့ ဒါကြီးကို အချိန်ပေးပြီးလုပ်နိုင်ဖို့က ခက်ခဲတယ်လေ။ အသင်းအဖွဲ့ဆိုတာကလည်း ကိုယ့်တာဝန်နဲ့ ကိုယ်ယူပြီးလုပ်မှ အဆင်ပြေမှာကိုး အခုက ကျွန်မတို့ ညှိနေတဲ့ အဆင့်ပဲရှိသေးတယ်။ မဖြစ်လာသေးဘူးပေါ့နော်။

မေး – ထိုင်းမှာအခြေစိုက်ပြီး အကူအညီပေးနေတဲ့ အဖွဲ့တွေရှိတယ်။ အဲ့လိုအဖွဲ့အစည်းတွေကနေ အကူအညီပေးတာမျိုး ရှိပါသလား။

ဖြေ – ကျွန်မတို့ အချိတ်အဆက်မရသေးပါဘူး။ နောက်တစ်ခုရှိတာက တစ်ဦးချင်းချိတ်ဆက်ရင် တစ်ဦးတစ်ယောက် အရေးဆိုတာမျိုး ဖြစ်သွားမှာပေါ့ ကျွန်မတို့အဖွဲ့လည်း မဖွဲ့ရသေးတော့ ချိတ်ဆက်ဖို့ မကြိုးစားရသေးတာပါ။ အဖွဲ့ဖြစ်ဖို့တော့ ချိန်စစီစဉ်နေတယ် ဘယ်လိုဖြစ်လာမလဲတော့ မပြောတတ်သေးဘူး။

မေး – ဆရာမအနေနဲ့ ထိုင်းရောက် CDM ဆရာ/ဆရာမတွေအတွက် ဘာတွေလုပ်မယ်လို့ စိတ်ကူးထားလဲ။

ဖြေ – မဲဆောက်မှာရှိတဲ့ ကျွန်မနဲ့သိတဲ့ နိုင်ငံရေးအင်အားစုတွေကို ကျွန်မအကူအညီတောင်းထားတာ ရှိပါတယ်။ ဒီဘက်မှာ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေရဲ့ ကလေးတွေနဲ့ ပတ်သက်တဲ့ ပညာရေး လုပ်ဆောင်နေတဲ့ အဖွဲ့တွေရှိတယ်လို့လည်း ကြားပါတယ်။ တစ်ကယ်လို့ အဲ့လိုနေရာတွေမှာ အလုပ်လုပ်လို့ရမယ်ဆို လုပ်ခွင့်ရချင်တယ်။ ကျွန်မတို့က ကျောင်းဆရာ/ဆရာမတွေဆိုတော့ စာသင်တဲ့အလုပ်က ကျွန်မတို့ ကျွမ်းကျင်တဲ့အလုပ်လေ။ ဒီဘက်မှာ ရောက်နေတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေရဲ့ ကလေးတွေလည်း ပညာရေးအခက်အခဲ ဖြစ်နေတာတွေရှိတယ်။ သူတို့ကထိုင်းစကားလည်း မတတ်ကြတော့ ပညာရေးခက်ခဲကြတာ။ အခုလည်း ကျွန်မတို့သူငယ်ချင်းတွေ စုပြီးတော့ ကျွန်မတို့နိုင်တဲ့ ဘာသာရပ်တွေကို အွန်လိုင်းကနေ ပညာဒါန သင်ကြားပေးဖို့ လုပ်နေတာရှိတယ်။ ကျွန်မအိမ်မှာလည်း မူကြိုကလေးတွေကို စုပြီးသင်ကြားပေးနေတာ ရှိပါတယ်။ ကျွန်မတို့တွေးထားတာ အများကြီးပဲ ဘယ်လောက်ဖြစ်လာမလဲ ဆိုတာတော့ မသိသေးတော့ မပြေချင်သေးဘူး။

မေး – ဆရာမတို့ ထိုင်းဘက်မှာ ကြုံရတဲ့ အဓိကအခက်အခဲနဲ့ လိုအပ်နေတာဘာဖြစ်မလဲ။

ဖြေ – ကျွန်မတို့ ဒီဘက်ရောက်နေတဲ့ ဆရာ/ဆရာမတွေ အဓိကကြုံတွေ့ရတဲ့ အခက်အခဲက တရားဝင်နေထိုင်ရေးပဲ။ တစ်နှစ်ဆိုတစ်နှစ်/၂ နှစ်ဆို ၂ နှစ် နေထိုင်ခွင့်ရချင်တယ်။ အဲ့လိုတရားဝင် နေထိုင်ခွင့်ရဖို့က အရေးကြီးဆုံးပဲ။ ကျွန်မတို့ မြန်မာနိုင်ငံသားတွေက မြန်မာနိုင်ငံမှမဟုတ်ဘူး ဘယ်နေရာမှာမှ မလုံခြုံဘူး။ ပြည်ပရောက်နေတဲ့ မြန်မာနိုင်ငံသားတွေလည်း ပစ်မှတ်ထားပြီး ဖမ်းဆီးခံနေရတယ်။ ဟိုတစ်နေ့ကဆို အသိဆရာမနှစ်ယောက် အလုပ်ကအပြန် ထိုင်းရဲ ဖမ်းဆီးခံလိုက်ရတယ်။ ဘတ်တစ်သောင်းပေးပြီး ပြန်ရွေးခဲ့ရတယ်။ ကျွန်မတို့မှာ ငွေကြေးမရှိဘူးလေ တစ်ယောက်နဲ့တစ်ယောက်က မကူညီနိုင်ကြဘူး။ ကျွန်မတို့က အချိန်တန်ရင် ကိုယ့်နိုင်ငံပြန်ကြမယ့်သူတွေ ဒါကြောင့် ကာလတစ်ခုလောက် တရားဝင်နေထိုင်ခွင့်ရချင်ကြတယ်။