မြိတ်တွင် အိမ်ခြံမြေဈေးမြင့်တက်၊ အရောင်းအဝယ်အဖြစ်များ

0
767

မြိတ်မြို့တွင် အိမ်ခြံမြေဈေးနှုန်းများ မြင့်တက်နေပြီး အရောင်းအဝယ်လည်း အဖြစ်များနေကြောင်း မြို့ခံအချို့နှင့် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းလုပ်ကိုင်နေသူအချို့ထံမှ သိရသည်။

မြိတ်မြို့ပေါ် ရပ်ကွက်တို့ရှိ အိမ်ခြံမြေဈေးနှုန်းတို့မှာ စစ်အာဏာသိမ်းယူပြီးနောက်ပိုင်း အချိန်မှစပြီး အနည်းဆုံး ကျပ်သိန်းဆယ်ဂဏန်းမှ ရာဂဏန်းအထိ မြင့်တက်လာကြောင်း အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းလုပ်ကိုင်သူအချို့က ပြောပြသည်။

“မြေဈေးလည်းတက်တယ်။ အရောင်းအဝယ်လည်း တော်တော်များနေတာ” ဟု မြိတ်တောင်နယ်မြေနေ အိမ်ခြံမြေအ‌ကျိုးဆောင်လုပ်ငန်းလုပ်ကိုင်သူ အသက် ၅၀နှစ်ကျော်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

အိမ်ခြံမြေဝယ်ယူသူအများစုမှာ ရင်းနှီးမြှပ်နှံမှုလုပ်ကိုင်လိုခြင်းနှင့် လက်ထဲငွေပမာဏများစွာ မထားလိုခြင်း တို့ကြောင့် ဝယ်ယူကြခြင်းဖြစ်ကြကြောင်း အိမ်ခြံမြေအကျိုးဆောင်လုပ်ကိုင်သူအချို့က ဆိုသည်။

အာဏာသိမ်းပြီးနောက်တွင် ငွေသားအပေါ် စိတ်မချကြသဖြင့် ရွှေ၊ ဒေါ်လာ၊ အိမ်ခြံမြေ စသည်တို့တွင် ဝယ်ယူမှု မြင့်တက်လာကာ ဈေးနှုန်းများလည်း ဆက်တိုက်ဆက်တိုက် မြင့်တက်လာခြင်းဖြစ်သည်။

“ငွေကိုင်ထားတာ စိတ်မချလို့ မြေဝယ်တာ။ (ငွေစက္ကူ) အတုတွေလည်း ထွက်နေသံကြားရတယ်” ဟု မြိတ်တက္ကသိုလ်အနီး ကျပ်သိန်းငါးရာခန့်တန်ဖိုးရှိ မြေတစ်ကွက်ဝယ်ယူထားသည့် ဦးသိန်းစိုးက ပြောသည်။

မြိတ်တောင်ကျေးရွာအုပ်စုအတွင်းရှိ ရပ်ကွက်တို့တွင် ပြီးခဲ့သည့်နှစ်က အိမ်ပါမြေတစ်ကွက်လျှင် ကျပ်သိန်းတစ်ရာနှစ်ဆယ်ရှိခဲ့ပြီး လက်ရှိတွင် ကျပ်သိန်းတစ်ရာငါးဆယ်အထိ အရောင်းအဝယ်ဖြစ်နေကြ ကြောင်း ယင်းရပ်ကွက်နေသူအချို့က ပြောဆိုသည်။

“ခေါ်တဲ့ဈေး အတိအကျရမှ ရောင်းကြတာ။ လျှော့ပေးတာတောင် သိပ်မတွေ့ရဘူး” ဟု မြိတ်တောင် ကျေးရွာအုပ်စု ရာပြည့်ရပ်နေ အသက် ၄၀ နှစ်ရှိ အမျိုးသမီးတစ်ဦးက ပြောသည်။

၎င်းတို့ လမ်းထဲတွင် အိမ် ငါးအိမ် အရောင်းအဝယ် ဖြစ်သွားကြောင်း ဆိုသည်။

အိမ်ခြံမြေ ရောင်းချသူများအနက် အချို့မှာ ငွေကြေးလိုအပ်ချက် အခက်အခဲ၊ မိဘ၊ ဘိုးဘွာတို့၏ ကျန်ရစ် အမွေခွဲခြင်း စသဖြင့် အကြောင်းအမျိုးမျိုးကြောင့် ရောင်းချလေ့ရှိကြကြောင်း အိမ်ခြံမြေရောင်းချသူ အချို့ထံမှ သိရသည်။

အာဏာသိမ်းပြီးနောက်တွင် အလုပ်အကိုင် ရှားပါးသွားခြင်း၊ အထွေထွေစရိတ်များ မြင့်တက်လာခြင်း စသည်တို့ကြောင့် ငွေကြေးအခက်အခဲ အကျပ်အတည်းကြုံရသဖြင့် ရောင်းချသူလည်း များကြောင်း ၎င်းတို့ထံမှ သိရသည်။

ရောင်းချကြသူအချို့မှာ ငွေကြေး မပြေလည်ကြသဖြင့် ငွေပိုငွေလျှံများ ရရှိအောင် ရောင်းချကြပြီးနောက် မြို့အပြင်ဘက်တို့တွင် ကျပ်သိန်းဆယ်ဂဏန်းသာ ပေးရသည့် မြေကွက်တို့အား ဝယ်ယူကာ ‌သွားရောက် နေထိုင်လေ့ရှိကြကြောင်း သိရသည်။

“အလုပ်သိပ်အဆင်မပြေတော့ အိမ်ရောင်းပြီး ဒီမှာလာဝယ်နေတာ” ဟု မြို့ပတ် ၂ လမ်းနေ အသက် ၅၀ နှစ်ကျော်ရှိ အမျိုးသားတစ်ဦးက ပြောသည်။

မြိတ်တောင်ကျေးရွာအုပ်စု ရာပြည့်ရပ်ထဲရှိ ၎င်း၏နေအိမ်အား ကျပ်သိန်း ၁၅၀ဖြင့် ရောင်းချပြီးနောက် မြို့အပြင်ဘက်ကျသည့် မြို့ပတ် ၂ လမ်း၊ ရွာသစ်ရွာအနီးရှိ မြေတစ်ကွက်အား ငွေသိန်း ၅၀ ခန့်ဖြင့် ဝယ်ယူပြီး လာရောက်နေထိုင်ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

အဆိုပါ မြို့အပြင်ဘက်ကျသည့် မြို့ပတ် ၂ လမ်း၊ ချောင်းကူးငယ်ရွာ၊ တောင်ပြိုရွာ၊ လယ်သစ်ရွာတို့ရှိ အကွက်ဖေါ်ရောင်းချနေကြသည့် မြေတစ်ကွက်လျှင် ကျပ်သိန်းလေးဆယ်ခန့်မှ တစ်ရာဝန်းကျင်ခန့် ရှိကြောင်း ယင်းရွာတို့နေသူအချို့က ပြောပြသည်။

မြိတ်မြို့ပေါ်ရပ်ကွက်တို့ရှိ ပေ ၂၀၊ ပေ ၅၀ ပတ်လည် တစ်ကွက်လျှင် နေအိမ်တိုက်တာ ပါမပါ၊ နေရာ အပေါ်မူတည်ပြီး အနည်းဆုံး သိန်းတစ်ရာခန့်နှင့် အများဆုံး သိန်းသောင်းဂဏန်းအထိ အရောင်းအဝယ်ဖြစ် နေကြကြောင်း အိမ်ခြံမြေအကျိုးဆောင်လုပ်ကိုင်နေသူအချို့က ပြောဆိုသည်။

မြိတ်တွင် အိမ်ခြံမြေများကို Facebook တွင် ကြော်ငြာပို့စ်များတင်ကာလည်း ရောင်းချကြကြောင်း ၎င်းတို့ထံမှ သိရသည်။