မြိတ် တုံးဗျောရွာအုပ်ချုပ်ရေးမှူးလည်းဖြစ် PPP ပါတီရပ်ကျေးဥက္ကဋ္ဌလည်းဖြစ်သူ ပစ်ခတ်ခံရ

0
263

မြိတ်မြို့နယ်၊ တုံးဗျောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးလည်းဖြစ် ပြည်သူ့ရှေ့ဆောင်ပါတီ PPP ရပ်ကျေး ဥက္ကဋ္ဌလည်းဖြစ်သူ သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။

တုံးဗျောငယ်ကျေးရွာတွင် နေထိုင်သူ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးစိန်သန်းသည် ဧပြီလ ၁ ရက်နေ့ည ၉ နာရီခန့်က နေအိမ်၌ရှိနေစဉ် လက်နက်ကိုင်လူအချို့က လာရောက်ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

လက်ရှိအချိန်တွင် မြိတ်မြို့ရှိ စစ်ဆေးရုံ၌ ဆေးကုသမှုခံယူနေရကြောင်း ဒေသခံများက ပြောသည်။

“လက်မောင်းအပါအဝင် ဒဏ်ရာလေးချက်ရပြီး ဆေးရုံခေါ်ဆောင်သွားတယ်။ သေချက်တော့ မထိဘူးလို့ သိရတယ်” ဟု တုံးဗျောငယ် ရွာသားတစ်ဦးက ပြောသည်။

လာရောက်ပစ်ခတ်သူများသည် မျက်နှာဖုံးစွပ်ထားကြပြီး ဦးစိန်သန်းအား ပစ်ခတ်ပြီးပြန်အထွက်တွင် ကျေးရွာရှိ ပျူစောထီးများနှင့် မိနစ်အနည်းငယ် အပြန်အလှန်ပစ်ခတ်ခဲ့ကြသေးကြောင်း ဒေသခံများက ပြောသည်။

ယင်းသို့ နှစ်ဖက်ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရခြင်း မရှိဟု ကြားသိရကြောင်း ဒေသခံများက ဆိုသည်။

အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီးနောက် တုံးဗျောကျေးရွာက NLD ရပ်ကျေး ဥက္ကဋ္ဌ ဦးထွန်းဇော်နှင့် ၎င်း၏ဇနီး အပါအဝင် ရွာသားလေးဦးအား စစ်ကောင်စီတပ်က ခေါ်ဆောင်သွားပြီး ယနေ့ (ဧပြီ ၂) နံနက်တွင် ပြန်လွှတ်ပေးလိုက်ကြောင်း ရွာသားများက ပြောပြသည်။

လက်ရှိအချိန်တွင် တုံးဗျောငယ်ကျေးရွာရှေ့လမ်းပေါ်တွင် စစ်ကောင်စီတပ်က ခရီးသွားပြည်သူများအား စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

တုံးဗျောငယ်ကျေးရွာသည် အိမ်ခြေတစ်ရာကျော်ရှိပြီး မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းနံဘေးတွင် တည်ရှိသည့် ရွာကြီးတစ်ရွာဖြစ်သည်။