ဖမ်းခံထားရသည့် တောင်ပျောက်တိုက်နယ် ဒေသခံ ၁၅ ဦး ၃ ရက်ကြာအထိပြန်မလွတ်သေးဟု မိသားစုဝင်များဆို

0
269
တောထဲတွင် စစ်ဘေးရှောင်နေသည့် ဒေသခံများ (ဓာတ်ပုံ - ပေးပို့)

စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားသည့် တောင်ပျောက်တိုက်နယ်မှ ဒေသခံအမျိုးသား ၁၅ ဦးမှာ ယနေ့(ဧပြီ ၂)နံနက်အထိ ပြန်မလွတ်လာသေးကြောင်း မိသားစုဝင်များက ပြောဆိုသည်။

တောထဲတွင်စစ်ဘေးရှောင်နေသည့် မိသားစုများထဲမှ အမျိုးသား ၁၅ ဦးကို စစ်‌ကောင်စီတပ်က မတ်လ ၃၁ ရက်နေ့နံနက်ပိုင်းက ဖမ်းဆီးသွားခြင်းဖြစ်ပြီး ယခုအချိန်အထိ ပြန်လွှတ်ပေးခြင်း မရှိသေးပေ။

“မနေ့ကအထိတော့ စစ်တပ်က သူတို့ကိုလမ်းပြလုပ်ပြီး ကာဗာလုပ်ခေါ်ဆောင်နေတယ်လို့ပြောတယ်၊ အခုက ဘယ်ကိုခေါ်သွားလဲ မသိဘူးဆိုတော့ စိတ်ပူနေပြီ” ဟုဖမ်းဆီးခေါ်ဆောင်ခံရသူတစ်ဦး၏ ဆွေမျိုးဖြစ်သော ဝင်းကဖော်ကျေးရွာသူတစ်ဦးက ဆိုသည်။

မတ်လ ၃၀ ရက် နံနက် ၄ နာရီခန့်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်အတွင်း စစ်တပ်ကစစ်ကြောင်းထိုးလာပြီဆိုသည့်သတင်းကြောင့် ဒေသခံများက တိုက်ပွဲဖြစ်လာမည်စိုး၍ နီးစပ်ရာ တောတောင်များသို့ အုပ်စုလိုက် ကြိုတင်စစ်ဘေးရှောင်နေကြခြင်းဖြစ်သည်။

သို့သော်ယင်းနေ့ ညနေ ၃ နာရီခန့်တွင် လူဦးရေ ၆၀ ကျော်ရှိသည့် ဝင်းကဖော်ကျေးရွာမှ စစ်ရှောင်ဒေသခံများကို စစ်ကြောင်းထိုးလာသည့် စစ်တပ်က တောတွင်းတစ်နေရာတွင်တွေ့ရှိခဲ့ပြီး အားလုံးကိုယင်းနေရာတွင်ပင် ဖမ်းဆီးထားကြောင်း ဝင်းကဖော်ကျေးရွာမှ ဒေသခံအမျိုးသမီးက ပြောဆိုသည်။

“အကုန်လုံးဖမ်းထားပြီးတော့ ဘယ်မှမသွားခိုင်းဘူး” ဟု အဖမ်းခံခဲ့ရသူ တစ်ဦးဖြစ်သည့် ၎င်းကရှင်းပြသည်။

ဖမ်းဆီးထိန်းသိမ်းခံထားရသူများတွင် အမျိုးသမီးနှင့် ကလေး ၅၀ ကျော်ပါဝင်ပြီး အမျိုးသား ၁၅ ဦးပါဝင်ကြောင်း အမျိုးသမီးများနှင့်ကလေးများကို တဲတစ်ခုတွင်သီးသန့်ထားပြီး အမျိုးသားများကို မလှမ်းမကမ်းရှိ နောက်ထပ်တဲတစ်လုံးတွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း ၎င်းကရှင်းပြသည်။

ဖမ်းဆီးထိန်းသိမ်းထားသူများကို အမည်များမေးကာ ဓာတ်ပုံနှင့် ဗီဒီယိုများရိုက်ယူကြောင်း၊ ယင်းနောက်တွင် ဖုန်းများ ဖွင့်ခိုင်း၍စစ်ဆေးခဲ့ကြောင်း ၎င်းကပြောသည်။

စစ်ကောင်စီတပ်မှာ ကြမ်းကြမ်းတမ်းတမ်း ရိုင်းရိုင်းပျပျ ဆက်ဆံခဲ့ခြင်းမျိုးမရှိသော်လည်း ၎င်းတို့၏ ဖုန်းတစ်ချို့ကို သိမ်းယူသွားပြီး အမျိုးသားများကိုလည်း လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဖမ်းခံခဲ့ရသော ဒေသခံများကလည်း အတည်ပြုပြောဆိုသည်။

ကျန်ရစ်သည့် အမျိုးသမီးနှင့် ကလေးသူငယ် ၃၀ ကျော်မှာ မိမိတို့ရပ်ရွာကိုပြန်သွားကြပြီဖြစ်ပြီး နေရပ်မပြန်ရဲသဖြင့် ကျန်နေသူ ၂၀ ခန့်ရှိသေးသည်ဟု ၎င်းကပြောသည်။

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်တွင် တိုက်ပွဲများ မကြာခဏဖြစ်လေ့ရှိပြီး စစ်ကောင်စီ၏စစ်ကြောင်းများ ဝင်ရောက်လာပါက ဒေသခံများမှာ တောတောင်များအတွင်း ကြိုတင်စစ်ဘေးရှောင်လေ့ရှိကြသည်။

စစ်ကြောင်းများ ပြန်ထွက်ခွာသွားချိန်တွင် မိမိနေရပ်သို့ ပြန်လေ့ရှိကြပြီး စစ်ရှောင်စခန်းများ အတည်တကျ မရှိသဖြင့် စစ်ဘေးရှောင်ချိန်တွင် စား၊ဝတ်၊နေရေး ခက်ခဲလေ့ရှိသည်။