သာဂရမြို့ဟောင်းရွာ အုပ်ချုပ်ရေးမှူးနှင့် ဖခင်ဖြစ်သူတို့ ပစ်ခတ်ခံရသဖြင့် သေဆုံး

0
464

လောင်းလုံးမြို့နယ်က သာဂရမြို့ဟောင်းဟုထင်ရှားသည့် မြို့ဟောင်းရွာက အုပ်ချုပ်ရေးမှူးနှင့် ဖွားဘုတ်ပြင်းရွာတွင် နေထိုင်သည့် ၎င်း၏ ဖခင်ဖြစ်သူတို့ ယနေ့ (ဧပြီ ၁) သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံအချို့ထံ က သိရသည်။

အသက် ၄၈ နှစ်ခန့်ရှိ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးကိုကိုမောင်သည် ယနေ့ နေ့လယ် ၁၂ နာရီကျော် က ထားဝယ်မြို့မှ ဆိုင်ကယ်စီးပြီး ပြန်လာစဉ် သာဂရမြို့ဟောင်းရွာအဝင် ဆိုင်းဘုတ်အနီးတွင် ပစ်ခတ် ခံရခြင်းဖြစ်ကြောင်း မြို့ဟောင်းရွာသားတစ်ဦးက ပြောသည်။

“အခင်းဖြစ်တဲ့နေရာကို ကျွန်တော်သွားကြည့်တော့ အသက်မရှိတော့ဘူး။ အဲဒီက မျက်မြင်သက်သေတွေရဲ့ ပြောစကားအရတော့ လူသုံးဦးပေါ့၊ ဆိုင်ကယ်နှစ်စီးတဲ့။ (ပစ်သွားတဲ့လူတွေက) လူငယ်ပိုင်းတွေလို့ ပြောတယ်” ဟု ၎င်းက ဆိုသည်။

ဦးကိုကိုမောင်၏ ဖခင် အသက် ၈၅နှစ်အရွယ် ဦးရွှေဦးမှာလည်း နေအိမ်ရှေ့ ကုလားထိုင်တွင် ထိုင်နေစဉ် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း အလောင်းကို ကူညီသယ်ဆောင်ပေးခဲ့သည့် နာရေးကူညီမှုအသင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“သူထိုင်နေတဲ့နေရာမှာကို လာပစ်သွားတယ်။ ရဲတွေစစ်ချက်ယူထားတာ သေနတ်ပစ်ခံရတာ ၁၀ ချက်လောက်ရှိတယ်” ဟု ၎င်းက ဆိုသည်။ ပြောသည်။

ဖွားဘုတ်ပြင်ရွာမှာ လောင်းလုံးမြို့နယ် စခန်းကြီးကျေးရွာအုပ်စုကဖြစ်သည်။

အဆိုပါသားဖနှစ်ဦးကို မည်သည့်အဖွဲ့က မည်သည့်အကြောင်းကြောင့် ပစ်ခတ်ခဲ့သည်ကိုမူ မသိရသေးကြောင်း ဒေသခံအချို့နှင့် နာရေးကူညီမှုအသင်း တာဝန်ရှိသူတို့က ပြောသည်။