ထားဝယ်တက္ကသိုလ်ကျောင်းသားတစ်ဦးနှင့် ကျောင်းသူဟောင်းနှစ်ဦးကို ထောင်ငါးနှစ် ထပ်ချ

0
298

ထောင်ဒဏ် ၂နှစ် ချမှတ်ခံထားရသည့် ထားဝယ်တက္ကသိုလ်ကျောင်းသားတစ်ဦးနှင့် ကျောင်းသူဟောင်း နှစ်ဦးတို့ကို ထောင်ဒဏ်ငါးနှစ် ထပ်မံချမှတ်လိုက်ကြောင်း ထားဝယ်နိုင်ငံရေး အကျဉ်းသားများကွန်ရက် (DPPN) က ထုတ်ပြန်သည်။

ကိုစိုးပြည့်အောင်၊ မစိုးမီမီကျော်နှင့် မသျှားပြည့်ခင်တို့ကို စစ်ကောင်စီက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က) အမှု တစ်ခုထပ်တပ်ပြီး ထောင်ဒဏ် ငါးနှစ်ထပ်တိုးအမိန့်ချ လိုက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မတ်လ ၃၁ ရက်နေ့က ထားဝယ်ထောင်တွင်းတရားရုံးက ယင်းသို့ ပြစ်ဒဏ်ချလိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

၎င်းတို့ သုံးဦးကို ၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ပုဒ်မ ၅၀၅ (ဂ) အတွက် ထောင်ဒဏ် ၂ နှစ်စီ အမိန့်ချမှတ်ထားကြောင်း DPPN ထံမှ သိရသည်။

ယင်းသို့ ထောင်ဒဏ် ၂ နှစ်စီအမိန့်ချပြီးနောက် ပုဒ်မ ၅၂ (က) ဖြင့် ထပ်မံတရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း အဆိုပါကွန်ရက်ထံမှ သိရသည်။

“သူတို့ကို အစကတည်းက မတရား ဖမ်းဆီးထားသေးတယ်။ နောက်ထပ်ပြီးလည်း အမှုထပ်တိုးပြီး ၇ နှစ် ချလိုက်တာဟာ တက္ကသိုလ်ကျောင်းသားတွေအပေါ် တော်တော်လေးဆိုးဆိုးရွားရွား ဖိနှိပ်လာတာမျိုးဖြစ် တယ်” ဟု DPPN တာဝန်ရှိသူက ပြောသည်။

အဆိုပါကျောင်းသား၊ ကျောင်းသူများမှာ သပိတ်စစ်ကြောင်းတွင် ပါဝင်ခဲ့သည်ဟုသာ သိရှိရသော်လည်း စစ်ကောင်စီကာ ဖမ်ဆီးပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲပြစ်ဒဏ်ချနေခြင်းဖြစ်ကြောင်း DPPN တာဝန်ရှိသူနှင့် ထားဝယ်တက္ကသလိုလ်ကျောင်းသားများသမဂ္ဂ ဒုတိယဥက္ကဋ္ဌ မသီရိမိုးတို့ကို ပြောဆိုသည်။

တက္ကသိုလ်ကျောင်းသားများကို ယခုလို ပုဒ်မတွေထပ်တိုးပြီး ထောင်ဒဏ် ထပ်တိုးချမှတ်ခြင်း၊ ထောင်ဒဏ် နှစ်ရှည်ချမှတ်ခြင်း၊ သေဒဏ်ချမှတ်ခြင်းစသည်တို့သည် စစ်အာဏာသိမ်းမှုကို မဆန့်ကျင်ရဲအောင် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ထားဝယ်တက္ကသလိုလ်ကျောင်းသားများသမဂ္ဂ ဒုတိယဥက္ကဋ္ဌ မသီရိမိုးက ပြောသည်။

“ဒါပေမယ့်လည်း တချို့ပြည်သူလူထုတွေက သူတို့ကြိုက်သလိုမျိုးဖိနှိပ်နေပါစေ တဖက်ကလည်း တော်လှန်ရေးအင်အားစုတွေက တော်လှန်ဆဲ တော်လှန်မြဲပါပဲ” ဟု ၎င်းက ဆိုသည်။

ထားဝယ်သပိတ်စစ်ကြောင်းတွင် ပါဝင်လေ့ရှိသူ ကိုဇေလင်းဦးကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက ပုဒ်မလေးခု အတွက် ထောင်ဒဏ် ၆ နှစ်နှင့် ၆ လချမှတ်ခဲ့ပြီး မတ်လ ၃၀ ရက်နေ့ကလည်း ပုဒ်မနှစ်ခုအတွက် ထောင်ဒဏ် ၁၅နှစ် ထပ်မံ ချမှတ်ခဲ့သေးသည်။