တက္ကသိုလ်ဝင်စာမေးပွဲ စဖြေသည့်နေ့တွင် ထားဝယ်မြို့နယ်ပညာရေးမှူးရုံး သေနတ်ဖြင့် ပစ်ခတ်ခံရ

0
676

တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသည့် ပထမနေ့ဖြစ်သည့် ယနေ့ (မတ် ၃၁) မွန်းလွဲ ၃ နာရီကျော်က ထားဝယ်မြို့နယ် ပညာရေးမှူးရုံး သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း တိုင်းပညာရေးမှူးရုံးထံက သိရသည်။

ဆိုင်ကယ်စီးလူနှစ်ဦးက ပညာရေးမှူးရုံးရှေ့တွင် ဆိုင်ကယ်ရပ်ကာ သေနတ်ဖြင့် ပစ်ခတ်သွားခြင်းဖြစ်ပြီး အဆောက်အအုံ၏ ဝရန်တာကို ကျည်ထိမှန်ခဲ့သော်လည်း လူထိခိုက်မှု မရှိကြောင်း အထက်ပါဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“စိတ်မကောင်းဘူးဆိုတာ တစ်ခုလောက်ပဲ ပြောလို့ရမှာပေါ့နော်” ဟု ပစ်ခတ်ခံရမှုအပေါ် ၎င်းက ပြောဆိုသည်။

စစ်ကောင်စီက ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် တာဝန်ထမ်းဆောင်နေသူများကို ပစ်ခတ်၊ ဖောက်ခွဲတိုက်ခိုက်မည်ဖြစ်သောကြောင်း သားသမီးများကို ကျောင်းသို့ မစေလွှတ်ရန် Guerrilla Dawei က မိဘများကို မတ်လ ၂၆ ရက်စွဲဖြင့် သတိပေးစာ ထုတ်ပြန်ထားသည်။

ထိုသို့ သတိပေးစာထုတ်ပြီး ယနေ့ တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာ စတင်ဖြေဆိုသည့်နေ့တွင် ထားဝယ်မြို့နယ်ပညာရေးမှူးရုံး ပစ်ခတ်ခံရခြင်းဖြစ်သည်။

တနင်္သာရီတိုင်းတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်လျှောက်ထားသူ ၄၇၆၃ ဦးရှိပြီး စာစစ်ဌာန ၂၈ ခုရှိကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။

တနင်္သာရီတိုင်းတွင် ၂၀၂၀ ပညာသင်နှစ်ကမူ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုရန်လျှောက်ထားသူ ၂၅၂၆၄ ဦးရှိပြီး စာစစ်ဌာန ၄၈ ခုရှိသည်။