ထားဝယ်တွင် ကြံစိုက်သူနည်း၍ ကြံဈေးကောင်းရ၊ ကြံရည်တစ်ခွက် ကျပ်တစ်ရာဈေးတက်

0
774

ထားဝယ်ဒေသတွင် ကြံစိုက်တောင်သူနည်းသဖြင့် ယမန်နှစ်ကထက် ယခုနှစ် ကြံဈေးပိုရကြောင်း ကြံစိုက်တောင်သူအချို့ထံမှ သိရသည်။

ယမန်နှစ်က ဆယ်ချောင်းပါ ကြံတစ်စည်းကို လက်လီဈေးကွက်‌တွင် ငွေကျပ်သုံးထောင်၊ သုံးထောင်ငါးရာဝန်းကျင်ခန့် ရရှိရာမှ ယခုနှစ်တွင် ကျပ် ငါးထောင်ခန့်ရရှိကြောင်း ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာက ကြံစိုက်တောင်သူတစ်ဦးက ပြောသည်။

“အခုနှစ်က ကြံစိုက်တောင်သူလည်း နည်းလာသလို လုပ်သားလည်း ရှားပါးလာတယ်။ ပြီးတော့ ဓာတ်မြေဩဇာကလည်း ဈေးကြီးပေးဝယ်ရတယ်” ဟု ၎င်းက ဆိုသည်။

ကြံကို ထားဝယ်ဒေသတွင် ‌ရေဖြူမြို့နယ်ရှိ ကရင်တိုင်းရင်းသားများနေထိုင်သည့် ကျေးရွာများတွင် အများဆုံး စိုက်ပျိုးကြပြီး ယခုနှစ်တွင် မတည်ငြိမ်မှုကြောင့် ကြံခင်းများကို ပစ်ထားရကြောင်း ရေဖြူမြို့နယ် ကလိန်အောင်မြို့နယ်ခွဲရှိ ကြံစိုက်‌တောင်သူ ဒေါ်ချိုချိုဝင်းက ပြောသည်။

ကိုဗစ်ကပ်ဘေးနှင့် နိုင်ငံရေးမတည်ငြိမ်မှုတို့ကြောင့် ပွဲလမ်းသဘင်များ မကျင်းပနိုင်ခြင်းကလည်း ကြံစိုက်သူ နည်းပါးလာရခြင်းဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။

“အမှန်တော့ ကြံက အရှုံးမရှိဘူး။ ကိုယ်လုပ်နိုင်ရင် လုပ်နိုင်သလောက်ရတယ်။ ဓာတ်မြေဩဇာက အရင်နှစ်ထက် ထက်ဝက်ကျော် ဈေးပေးဝယ်ရတယ်။ ကြံစိုက်တောင်သူတွေလည်း တိုက်ပွဲကြောင့် ကြံတောတွေ ပစ်ထားရ‌‌ပုံရတယ်။ ကြံစိုက်သူနည်းတော့ ဒီနှစ် ကြံဈေးကောင်းရတာပေါ့” ဟု ဒေါ်ချိုချိုဝင်းက ဆက်လက်ပြောဆိုသည်။

ထားဝယ်တွင် ကြံရည်တစ်ခွက်ကို ယမန်နှစ်က ငွေကျပ် လေးရာခန့်သာရှိရာမှာ ယခုနှစ်တွင် ကြံဈေး တက်လာသဖြင့် ငါးရာ၊ ခြောက်ရာဝန်းကျင်ဖြင့် ရောင်းချနေရကြောင်း ကြံရည်ရောင်းသူများထံမှ သိရသည်။

ထားဝယ်မြို့ ကမ်းနားဈေးတွင် ဆယ်ချောင်းပါ ကြံတစ်စည်းကို ယမန်နှစ်က လေးထောင်ငါးရာကျပ်ခန့်သာ ရှိရာ ယခုနှစ်တွင် ပြီးခဲ့သည့်နှစ်လ‌လောက်က တစ်သောင်းဝန်းကျင်ပေးဝယ်ရပြီး ယခုမတ်လကုန်ပိုင်းမှာ ရှစ်ထောင်ငါးရာကျပ်ဖြင့် ပေးဝယ်နေရကြောင်း ကြံရည်ရောင်းချသူ အမျိုးသမီးတစ်ဦးက ဆိုသည်။

“မနှစ်က ကြံရည်တစ်ခွက်ကို လေးရာရောင်းတယ်။ အခု ခြောက်ရာရောင်းမှ ရတော့မယ်။ ဘာလို့ဆို ရေခဲဖိုး မီးဖိုးရှိသေးတယ်လေ။ မီတာခကလည်း တစ်လထက်တစ်လ ဈေးတက်တာနဲ့” ဟု ၎င်းက ပြောဆိုသည်။

ထားဝယ်ဒေသတွင် ကြံကို တပေါင်း၊ တန်ခူးလများတွင် စတင်စိုက်ပျိုးလေ့ရှိကြပြီး သီတင်းကျွတ်၊ တန်ဆောင်မုန်းလများတွင် ခုတ်ယူရောင်းချလေ့ရှိကြသည်။

ထားဝယ်ဒေသတွင် ကြံများကို ကန်တော့ပွဲ၊ မင်္ဂလာဆောင်၊ ရှင်ပြုပွဲများတွင် ကြံဆောင်သမျှ အောင်မြင်စေရန်အတွက် ရိုးရာဓလေ့ဖြစ် အသုံးပြုကြပြီး အအေးဆိုင်များတွင် ဖျော်ရည်အဖြစ်လည်း ရောင်းချကြသည်။

ထို့ကြောင့် ယခုလို ပွင့်လင်းရာသီများတွင် ကြံဈေးကောင်းရလေ့ရှိသည်။