စစ်ဘေးရှောင် ကိုယ်ဝန်ဆောင်

0
2246

ကိုယ်ဝန်ရှိနေပြီဆိုတာကို သိတဲ့အချိန်မှာ ဒေါ်ချိုချိုက စစ်ဘေးရှောင်ဘဝ ရောက်ခဲ့ရလေပြီ။

ကိုယ်ဝန်ရှိမှန်း သိတဲ့အချိန်ကတည်းက ပြေးလွှားရှောင်ပုန်းနေရတဲ့သူမ မတ်လ ၁၃ ရက်နေ့မှာတော့ စစ်ဘေးရှောင်တွေကို ကျန်းမာရေးစောင့်ရှောက်ပေးနေသူတွေရဲ့ အကူအညီနဲ့ သူမရဲ့ ဒုတိယမြောက် ရင်သွေးလေးကို ခဲရာခဲဆစ် မွေးဖွားသန့်စင်ခဲ့ရပါတယ်။

အိုးပစ်၊ အိမ်ပစ် ပြေးလွှားရှောင်ပုန်းနေရတဲ့ ဒီကာလမှာ ဒီကိုယ်ဝန်ကို အရပ်လက်သည်နဲ့ပဲ မီးဖွားဖို့ ဒေါ်ချိုချို စိတ်ပိုင်းဖြတ်ထားခဲ့တာပါ။

ပိုက်ဆံရှိရင်တောင်မှ ကိုယ်စားဖို့အတွက် ရွာပြင်ထွက်ပြီး ဈေးဝယ်လို့မရတဲ့ အခြေအနေမှာ ကျန်းမာရေး စောက်ရှောက်မှုခံယူပြီး ဆေးရုံ၊ ဆေးခန်းမှာ ကလေးမီးဖွားဖို့ဆိုတာ ဒေါ်ချိုချိုလို စစ်ဘေးရှောင်ရင်း ပြေးလွှားနေရတဲ့သူအတွက် ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာ သူတွက်ဆထားပြီးသားပါ။

“ကျွန်မသမီး အကြီးမတုန်းကတော့ ဆေးဝါးတွေပြည့်ပြည့်စုံစုံနဲ့ မွေးခဲ့ရတာ။ အခုက ကျွန်မတို့မှာ ရွေးချယ်စရာ မရှိဘူး။ ပိုက်ဆံရှိရင်တောင်မှ သွားဝယ်စားလို့ မရဘူးလေ။ အရမ်းစိတ်မကောင်းဖြစ်ရတယ်” လို့ သူက ဆိုပါတယ်။

ဒေါ်ချိုချိုက ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်ထဲက ရွာတစ်ရွာမှာ နေတဲ့သူပါ။ ထားဝယ်မြို့ကနေဆိုရင် မိုင် ၅၀ လောက် ဝေးပါတယ်။

ဒီလိုမျိုးဒုက္ခတွေကို ခံနေရတာက ဒေါ်ချိုချို တစ်ယောက်တည်း မဟုတ်။ တနင်္သာရီတိုင်းထဲမှာတင် သူလိုဒုက္ခကြုံနေရတဲ့ ကိုယ်ဝန်ဆောင်တွေ များစွာရှိနေပါသေးတယ်။

စစ်ဘေးဒဏ်ကြောင့် အသက်လုထွက်ပြေးရချိန်မှာ ကျန်းမာသန်စွမ်းအရွယ်ကောင်း လူငယ်တွေအဖို့တောင် အန္တရာယ်ကြီးလှပါတယ်။ ဒေါ်ချိုချိုတို့လို မပေါ့မပါး ကိုယ်ဝန်ဆောင်တွေအဖို့ဆိုရင် ပိုလို့တောင် အန္တရာယ်ကြီးမားလှပါသေးတယ်။

စစ်ဘေးဒုက္ခကြားမှာ ဒေါ်ချိုချိုတို့လို ကိုယ်ဝန်သည်တွေ ရင်သွေးလေးကို ကျန်းကျန်းမာမာ မွေးနိုင်ဖို့၊ အသက်ခန္ဓာ အိုးစားကွဲ မသွားဖို့ ဘယ်လို ရုန်းကန်ဖြတ်ကျော်နေကြရပါသလဲ။

တောင်ပျောက်တိုက်နယ်ဆိုတာက ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၄ နဲ့ စစ်ကောင်စီတပ်တို့ရဲ့ နယ်ခြားဒေသတစ်ခုပါ။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တစ်နိုင်ငံလုံး အရေးပေါ်အခြေအနေကြေညာခဲ့တဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၇ ရက်မှာ တောင်ပျောက်တိုက်နယ်ထဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ အပြန်အလှန် စတင်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။ အဲဒီနောက်ပိုင်းလည်း မကြာခဏဆိုသလို တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသတစ်ခုဖြစ်လာပါတယ်။

အဲဒီအချိန်ကတည်းက တောင်ပျောက်တိုက်နယ်ထဲမှာပါတဲ့ ကျေးရွာဆယ်ရွာက ထောင်နဲ့ချီတဲ့ဒေသခံတွေ ရွာထဲမှာ မနေရဲတော့ဘဲ အနီးအနားက တောတောင် ဥယျာဉ်ခြံတွေထဲ တိမ်းရှောင်နေခဲ့ရပါတယ်။ အဲဒီလို စစ်ဘေးရှောင်တွေထဲ ဒေါ်ချိုချိုတို့လို ကိုယ်ဝန်ဆောင်အမျိုးသမီးတွေလည်း ပါဝင်ပါတယ်။

“ကျွန်မက ကိုယ်ဝန်လေးလကတည်းက စပြီးပြေးနေရတာ။ ကိုယ်ဝန် ခြောက်လလောက်မှာလည်း တောင် ပေါ်မှာ သုံးလေးရက် အိပ်ရတာပဲ” လို့ ဒေါ်ချိုချိုက ဆိုပါတယ်။

စစ်တပ်က အာဏာမသိမ်းခင်အထိ ဒေါ်ချိုချိုတို့မိသားစု သုံးယောက်ဟာ ဥယျာဉ်ခြံလုပ်ကိုင်ရင်း နိုင်ငံရေးတွေထဲ မပါဘဲ အေးအေးဆေးဆေး ဘဝကိုဖြတ်သန်းနေထိုင်ကြသူတွေပါ။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက် သူ့ရဲ့ အမျိုးသားဟာ ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ပါတယ်။

နောက်ပိုင်း ဆန္ဒပြစစ်ကြောင်းတွေကို ဖြိုခွင်းတာ၊ ဆန္ဒပြသူတွေကို လိုက်လံဖမ်းဆီးတာတွေ လုပ်လာ ပါတယ်။ ဒေါ်ချိုချိုရဲ့ အမျိုးသားလည်း တိမ်းရှောင်နေခဲ့ရပါတယ်။ ဒါပေမယ့် အမျိုးသား မတွေ့ရင် ဇနီးနဲ့ သားသမီးတွေကိုပါ ဖမ်းဆီးသွားတာကို တွေ့လာရတဲ့အချိန်မှာ သူလည်း သူ့အမျိုးသားနည်းတူ တောတောင်တွေထဲ ရှောင်နေခဲ့ရတာပါ။

ဒါကြောင့် ဒေါ်ချိုချိုဟာ တောင်ပျောက်တိုက်နယ်ထဲ တိုက်ပွဲတွေမဖြစ်ခင် ဩဂုတ်လဝန်းကျင်ကတည်းက ဖမ်းဆီးခံရမည်ကို စိုးရိမ်ပြီး တိမ်းရှောင်နေရသူ ဖြစ်ပါတယ်။ စက်တင်ဘာလထဲ အရောက်မှာတော့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ တစ်နိုင်ငံလုံး အရေးပေါ်အခြေအနေကြေညာချက်နဲ့အတူ တိုက်နယ်ထဲ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပါတယ်။

နောက်ပိုင်းမှာ တိုက်ပွဲတွေ၊ ဒလန်ဆိုပြီး ပစ်ခတ်သတ်ဖြတ်မှုတွေ ဆက်တိုက်ဖြစ်ပွားနေတဲ့ တောင်ပျောက် တိုက်နယ်ကို အဝင်အထွက် စစ်တပ်က တင်းကျပ်လိုက်ပါတယ်။ ဒါကြောင့် ဒေသခံအများစုဟာ အစားအသောက်နဲ့ ဆေးဝါး အခက်အခဲ ရင်ဆိုင်ခဲ့ကြရပါတယ်။

အဲဒီအချိန်မှာတော့ ဒေါ်ချိုချိုတို့မိသားစုတွေ ရွာထဲ ဖမ်းမယ်ဆီးမယ်သတင်းတွေကြားရင် ဒါမှမဟုတ် တိုက်ပွဲတွေ ဖြစ်လာရင် တောင်ပေါ်ပြေးလိုက်၊ အခြေအနေ နည်းနည်းပါးပါး တည်ငြိမ်လာရင် ရွာထဲ ပြန်နေလိုက်နဲ့ ဘယ်နှစ်ကြိမ်လောက် ပြေးခဲ့ရတယ်ဆိုတာကို သူမမှတ်မိတော့။ တစ်ခါတလေ ညဘက်တွေပါ ပြေးခဲ့ရတာရှိတယ်လို့ ဆိုပါတယ်။

ကိုယ်ဝန်ပျက်ကျမှာ၊ သန္ဓေသားကို ထိခိုက်မူ မရှိရလေအောင် အလေးအပင်မတာ၊ ကြမ်းကြမ်းတမ်းတမ်း လှုပ်ရှားတာတွေ မလုပ်ရဘူးဆိုတာ ကိုယ်ဝန်သည်ဖြစ်ဖူးတဲ့ ဒေါ်ချိုချိုကောင်းကောင်းသိသည်။ သန္ဓေသားရဲ့ ခန္ဓာဒာကိုယ်ဖွံ့ဖြိုးဖို့အတွက် သံဓာတ်အားဆေးလိုအရာတွေ၊ အာဟာရပြည့်ဝတဲ့ အစားအစာတွေ သူစားချင်ပါရဲ့။

ဒါပေမယ့် သူက ပြေးနေရ၊ ရှောင်နေရတဲ့ စစ်ရှောင်။ တိုက်နယ်ရဲ့အပြင်ကို ထွက်ရင် အဖမ်းခံရမလားလို့ စိုးရိမ်နေရတဲ့သူ။ ပြေးရင်းပုန်းရင်း ထမင်းငတ်ခဲ့ရတဲ့နေ့တွေလည်းရှိခဲ့တယ်လို့ သူက ပြောပါတယ်။

ပြေးရင်း၊ လွှားရင်းနဲ့ နောက်ဆုံးမှာတော့ သူ့ရဲ့ကိုယ်ဝန်ကို စစ်ဘေးရှောင်တွေကို ကျန်းမာရေး စောင့်ရှောက်ပေးနေတဲ့ အဖြူရောင်မေတ္တာ ဆေးဝါးအထောက်အကူပြုအဖွဲ့ရဲ့ အကူအညီနဲ့ မွေးဖွား နိုင်ခဲ့ပါတယ်။

ဒီလိုမျိုး အခက်အခဲတွေကို ရင်ဆိုင်နေရတာ ဒေါ်ချိုချို တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။

အမျိုးသားဖြစ်တဲ့သူ အဖမ်းခံလိုက်ရတဲ့ ကိုယ်ဝန်ဆောင်တစ်ဦးဆိုရင် ကလေးအနှီးဖိုးတောင် မဝယ်နိုင်လို့ အလှူခံပေးနေရတာတောင်ရှိတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ အမည်မဖော်လိုသူ အမျိုးသမီး တစ်ဦးက ပြောပါတယ်။

တောက်ပျောက်တိုက်နယ်က စစ်ဘေးရှောင်တွေအတွက်ကတော့ အဖြူရောင် မေတ္တာဆေးဝါး အထောက် အကူအဖွဲ့ဟာ သူတို့အတွက် အားကိုးစရာ ကောက်ရိုးတစ်မျှင်လိုဖြစ်နေပါတယ်။

တိုက်နယ်ထဲ ကွပ်လပ်ဖြစ်နေတဲ့ ကျန်းမာရေးစောင့်ရှောက်မှုအပိုင်းကို အဖြူရောင်မေတ္တာ ဆေးဝါး အထောက်အကူအဖွဲ့က တတ်နိုင်သလောက် ဖြည့်ဆည်းနေပေမယ့် သူတို့မှာလည်း ကျွမ်းကျင်မူနဲ့ ဆေးဝါးမလုံလောက်မှုဆိုတဲ့ အခက်အခဲက ရှိနေပြန်ပါတယ်။

“ကျွန်တော်တို့ရည်ရွယ်ထားတာက စစ်ရှောင်တွေ ဖျားနာမယ်။ အရေးပေါ်ကိစ္စတွေအတွက်ပဲ အစီအစဉ် ရှိတယ်။ ကလေးမွေးဖွားဖို့က စီစဉ်ထားတာမရှိတော့ ဆေးဝါးနဲ့ပတ်သတ်ပြီး ခက်ခဲနေသလို ကျွမ်းကျင်မူ လည်း မရှိဘူး။ ဒါပေမယ့် အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ကြိုးစားပေးနေပါတယ်” လို့ ကိုရဲရဲက ပြောပါတယ်။

ကိုရဲရဲဆိုတာက အဖြူရောင်မေတ္တာဆေးဝါးအထောက်အကူအဖွဲ့ (တောင်ပျောက်တိုက်နယ်) တာဝန်ခံ ဖြစ်သလို ကိုယ်တိုင် ကလေးမီးဖွားပေးနေတဲ့သူလည်းဖြစ်ပါတယ်။

အချို့ကိုယ်ဝန်ဆောင်တွေကိုတော့ မိရိုးဖလာ မီးဖွားနည်းကို အသုံးပြုပြီး မီးဖွားပေးရတာလည်း ရှိတယ်လို့ ဆိုပါတယ်။

“ခွဲမွေးလို့ အဆင်မပြေတဲ့သူတွေ၊ ခြုပ်ပေးလို့ အဆင်မပြေတဲ့သူတွေဆိုရင် တောဓလေ့အရ မီးပုံလုပ်ပြီးတော့ အုတ်နဲ့မီးထိုးပေး (အုတ်ပူထိုး) ပြီး မွေးပေးနေရတယ်” လို့ ကိုရဲရဲက ပြောပါတယ်။

ကိုယ်ဝန်ဆောင်ဆီကို အချိန်မီရောက်အောင်သွားပြီး မီးဖွားပေးဖို့လိုအပ်ပေမယ့် တစ်ဖက်မှာတော့ မီးဖွား ပေးမယ့်သူတွေရဲ့ လုံခြုံရေးကလည်း ရှိနေပြန်ပါတယ်။ ကိုယ်ဝန်သည်ဆီမသွားခင် ကင်းထောက်တာတွေ အရင်လုပ်ပြီး အန္တရာယ်ကင်းတယ်ဆိုမှ သွားရတာတွေရှိတယ်လို့ ကိုရဲရဲကပြောပါတယ်။

အဲဒီရဲ့အကျိုးဆက်အနေနဲ့ ရေမွှာပေါက်ပြီးမှ ရောက်သွားတာတွေလည်းရှိတယ်လို့ ကိုရဲရဲက သူ့အတွေ့အကြုံကို ပြန်ပြောပြပါတယ်။

သောင်းခြောက်ထောင်သော အခက်အခဲတွေရှိနေပေမယ့် ကိုရဲရဲတို့အဖွဲ့ဟာ ကိုယ်ဝန်သည်လေးဦးကို အောင်အောင်မြင်မြင်နဲ့ မွေးဖွားပေးခဲ့ပြီးပြီလို့ဆိုပါတယ်။

ဒီလိုပဲ ဒေါနတနင်္သာရီ စစ်ရှောင်စခန်းကလည်း ကိုယ်ဝန်သည်တွေ မီးဖွားပေးနေရပါတယ်။ သူတို့အဖွဲ့ အနေနဲ့ကတော့ ကိုယ်ဝန်ဆောင် သုံးဦးကို မီးဖွားပေးပြီးပြီလို့ အဲဒီစခန်းက တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

ဒေါနတနင်္သာရီ စစ်ရှောင်စခန်းက ကောက်ယူထားတဲ့ စာရင်းအရ တနင်္သာရီတိုင်းထဲက စစ်ရှောင်စခန်း တွေမှာ နေရတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီး ၃၀ လောက်ရှိပြီးတော့ မြေပြင်မှာတော့ ဒီထက်ပိုနိုင်တယ်လို့ ဆိုပါတယ်။

တောင်ပျောက်တိုက်နယ်ထဲမှာတင် ကိုယ်ဝန်ဆောင် အမျိုးသမီး ၁၆ ဦးလောက်ရှိနေပြီး သူတို့အားလုံးက အဖြူရောင်မေတ္တာ ဆေးဝါးအထောက်အကူအဖွဲ့ကို မီးဖွားပေးဖို့ ကူညီတောင်းထားကြတယ်လို့ဆိုပါတယ်။

စစ်ရှောင်စခန်းက ကိုယ်ဝန်ဆောင်တွေဟာ ကာကွယ်ဆေးအပြည့် မထိုးရတာ၊ ကိုယ်ဝန်ဆောင် အားဆေး တွေ မသောက်ရတာ၊ မီးဖွားခန်း သန့်ရှင်းမှုမရှိတာ၊ အာထွာဆောင်းရိုက်ပြီး သန္ဓေသား အရွယ်အစားနဲ့ မွေးလမ်းကြောင်း မှန် မမှန်ကို သိအောင် မလုပ်နိုင်တာ၊ အောက်ဆီဂျင်လိုမျိုး အရေးပေါ်ပစ္စည်းတွေ မစုံလင်တာစတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ဒေါနတနင်္သာရီ စစ်ဘေးရှောင် စခန်းတာဝန်ရှိသူတွေက ဆိုပါတယ်။

ကိုရဲရဲကလည်း “ကိုယ်ဝန်ဆောင်တစ်ယောက်က အားဆေးကို သုံးလသောက်ရမယ်ဆို ကျွန်တော်တို့မှာက တစ်လလောက်ပဲ တိုက်နိုင်တာတွေ ရှိတယ်။ ကာကွယ်ဆေးဆိုရင်လည်း အပြည့်အဝ မပေးနိုင်ဘူး။ ငါးဆယ်ရာခိုင်းနှုန်းလောက်ပဲ ပေးနိုင်တယ်” လို့ ပြောပါတယ်။

ဒေါ်ချိုချိုဟာလည်း ရှောင်ပုန်း ပြေးလွှားနေရတာကြောင့် ကိုယ်ဝန်လေးလရောက်တဲ့အထိ အားဆေးနဲ့ ကားကွယ်ဆေးတွေ မထိုးရ၊ မသောက်ခဲ့ရပါဘူး။ ကိုယ်ဝန်ခြောက်လရောက်မှ အဖြူရောင်မေတ္တာ ဆေးဝါး အထောက်အကူပြုအဖွဲ့ရဲ့ ကူညီမှုနဲ့ သံဓာတ်အားဆေးတွေ သောက်ခွင့်ရခဲ့တယ်လို့ ဆိုပါတယ်။

ပုံမှန်ဆိုရင်တော့ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကို သံဓာတ်အားဆေး အလုံး ၁၈၀ တိုက်တာ၊ ကိုယ်ဝန် သုံးလမှာ မေးခိုင်ကာကွယ်ဆေးထိုးပေးတာ၊ ကိုယ်ဝန် ၆ လမှာ ကလေးအရွယ်အစားနဲ့ မွေးလမ်းကြောင်း မှန် မမှန်သိဖို့ အာထွာ‌ဆောင်းရိုက်ခိုင်းတာ၊ ကိုယ်ဝန် ၇ လမှာ ဗိုက်တာမင်ဘီဝမ်းတိုက်တာ၊ အိုင်အိုဒင်းဆား စားခိုင်းတာတွေလုပ်လေ့ရှိတယ်လို့ လုပ်သက် ၁၇နှစ်ရှိပြီဖြစ်တဲ့ သားဖွားဆရာမတစ်ဦးက ပြောပါတယ်။

ကိုယ်ဝန်ဆောင်ဘဝနဲ့ မွေးကင်းစကလေးတွေမှာ ကားကွယ်ဆေးနဲ့ အာဟာရဓာတ် အပြည့်ရဖို့ အရေးတကြီး လိုအပ်ပြီး အဲဒီလိုမ ွမဟုတ်ရင်တော့ နောက်ပိုင်း အသက်ကြီးလာရင် သူများကလေးတွေလို စာမလိုက် နိုင်တာ၊ အရပ်မရှည်တာတွေ ဖြစ်နိုင်တယ်လို့ အဲဒီသားဖွားဆရာမက ပြောပါတယ်။

သံဓာတ်အားဆေး အပြည့်မရဘဲ မွေးဖွားလာတဲ့ကလေးဟာ ကြီးလာရင် အရိုးအဆစ် သန်မာမှု မရှိတာတွေ ဖြစ်တတ်သလို၊ ဘီတာမင် မလုံလောက်ရင်လည်း နောက်ပိုင်း အမြင်အာရုံချို့တဲ့တာတွေ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

“ကာကွယ်ဆေးတွေ ထိုးဖို့ပြောနေတာက ကလေးမွေးရလွယ်အောင်ပြောနေတာ မဟုတ်ဘူး။ ကလေးရဲ့ အနာဂတ်နဲ့ဆိုင်လို့ ပြောနေတာ” လို့ သားဖွားဆရာမက ဆိုပါတယ်။

ကိုယ်ဝန်ဆောင်တစ်ယောက်ဟာ ကိုယ်ဝန်အဆိပ်တက်ရောဂါလိုမျိုး ရောဂါတွေကြောင့် မီးဖွားနေရင်း ရုတ်တရက် အသက်သေဆုံးတာမျိုးတွေလည်းဖြစ်တတ်တယ်လို့ဆိုပါတယ်။

ရှေးဆိုရိုးတစ်ခုရှိပါတယ်။ ယောင်္ကျားဖောင်စီး၊ မိန်းမ မီးနေ။

ယောင်္ကျားတွေဟာ ဖောင်စီးပြီး ရေလမ်းခရီးသွားရတဲ့အချိန်ဟာ အသက်အန္တရာယ်အနီးဆုံးဖြစ်ပြီး၊ မိန်းမတွေကတော့ ကလေးမွေးတဲ့အချိန်နဲ့ မီးနေသည်ဘဝဟာ အသက်အန္တရာယ်နဲ့ အနီးဆုံးဖြစ်တယ်လို့ ဆိုစမှတ်ပြုခဲ့ကြပါတယ်။

မီးဖွားမယ့် ကိုယ်ဝန်ဆောင်တွေဟာ ဗိုက်ကြီးသည်ဘဝကတည်းက သင်္ချိုင်းကုန်း တစ်နေ့ ၃ ခါ မျက်စောင်းထိုးနေကြသတဲ့။

ဒေါ်ချိုချိုတို့လို စစ်ရှောင်စခန်းက ကိုယ်ဝန်ဆောင်တွေကတော့ တိုက်ပွဲတစ်ကြိမ်ဖြစ်ရင်တစ်ကြိမ် သင်္ချိုင်းကုန်း မျက်စောင်းထိုးရင် ဆေးဝါးပစ္စည်းမစုံ၊ ကျွမ်းကျင်သူမရှိတဲ့ မီးဖွားခန်းကိုပဲ အားကိုး နေကြရလေရဲ့။

ဒါကြောင့်ပေလားမသိ တစ်လသားတောင်မပြည့်သေးတဲ့ ကလေးငယ်ကို ရင်ခွင်ပိုင်ရင်း ဒေါ်ချိုချိုတစ်ယောက် ပြတ်သားတဲ့ ဆုံးဖြတ်ချက်တစ်ခုကို မဆိုင်းမတွ ပြောချလိုက်ပါတယ်။

“အခုကလေးမွေးပြီးလည်း သေနတ်သံပြန်ကြားနေလို့ ဘယ်အချိန်ပြေးရမလဲ စိတ်ပူနေရသေးတယ်။ ဒီလိုအခြေအနေမျိုးနဲ့တော့ နောက်ထပ်ကလေး မယူတော့ဘူးလို့ ဆုံးဖြတ်လိုက်ပြီ”

(မှတ်ချက်။ အခုဆောင်းပါးမှာ ကာယကံရှင်တွေရဲ့ဆန္ဒအရ အမည်လွှဲတွေကိုသာ သုံးနှုန်းထားတာ ဖြစ်ပါတယ်။)