ကျိုက်မရော ချောင်းနှစ်ခွတံတား စစ်ဆေးမှုတင်းကျပ်

0
487
ယခုရက်ပိုင်းအတွင်းတွေ့ရသည့် ချောင်းနှစ်ခွတံတား

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွတံတားရှိ ရဲကင်း ပစ်ခတ်ခံရပြီးနောက် တစ်ရက်ကြာ ပိတ်ထားခဲ့ပြီး တံတားကို ပြန်လည်ဖြတ်သန်းသွားလာခွင့်ပြုရာတွင်လည်း စစ်ဆေးမှုတင်းကျပ်ထားကြောင်း ခရီးသွားဒေသခံတို့ထံမှ သိရသည်။

ချောင်းနှစ်ခွတံတား ရဲကင်းဂိတ်စခန်းကို လက်နက်ကိုင်အဖွဲ့တစ်ခုက မတ်လ ၁၉ ရက်နေ့တွင် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှ အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့သည်။

အဆိုပါပစ်ခတ်မှုဖြစ်ပွားသည့်နေ့တွင် တံတားကိုဖြတ်သန်းသွားလာခွင့်မပြုဘဲ ပိတ်ထားခဲ့ပြီး နောက်နေ့တွင် တံတားဖြတ်သန်းခွင့်ပြုသော်လည်း စစ်ဆေးမှု တင်းကျပ်လာကြောင်း ခရီးသွားဒေသခံတို့ထံမှ သိရသည်။

“ဖြတ်သမျှ ဆိုက်ကယ် ကား အကုန်စစ်တယ်။ ဆိုင်ကယ်ဆိုရင် ဘောက်တွေဖွင့် စစ်တယ်။ အထုပ်ပါလာရင် ဖွင့်ခိုင်းပြီး စစ်တယ်” ဟု မတ်လ ၂၃ ရက်နေ့က တံတားကို ဖြတ်သန်းသွားလာခဲ့သည့် ဒေသခံတစ်ဦးက ပြောသည်။

တံတားတွင် စစ်ဆေးမှု တင်းကျပ်နေသည့်အတွက် ခရီးသွားများ အချိန်ကြန့်ကြာမှုကြုံတွေ့နေရသည့်အပြင် အချို့ကလည်း ခရီးသွားလာရန် စိုးရိမ်ထိတ်လန့်နေကြကြောင်း ယင်းဒေသခံက ဆက်ပြောသည်။

ချောင်းနှစ်ခွတံတားသည် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ဘက်ခြမ်းနှင့် မွန်ပြည်နယ် မုဒုံမြို့နယ် ဘက်ခြမ်း လမ်းပိုင်းကို ဆယ်သွယ်ထားသည့် တံတားဖြစ်သည်။

ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့က ပြည်သူများ အဓိက အားထား သွားလာနေရသည့် ချောင်းနှစ်ခွ တံတားပေါ် နေ့စဉ် ကားနှင့် ဆိုင်ကယ် ရာနှင့်ချီ ဖြတ်သန်းသွားလာနေခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ချောင်းနှစ်ခွတံတား ရဲကင်းဂိတ်စခန်း ပစ်ခတ်ခံရမှုတွင် ရဲတစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိသည်ဟု ဒေသခံတို့က ပြောဆိုကြသည်။