ရေးတွင် သေနတ်ဒဏ်ရာဖြင့် ဖမ်းဆီးခံရသည့် လူငယ်တစ်ဦး သေဆုံး

0
193

မွန်ပြည်နယ် ရေးမြို့နယ် ဝယ်ပေါင်ကျေးရွာတွင် သေနတ်ဒဏ်ရာဖြင့် ဖမ်းဆီးခံရသည့် ရေးမြို့က အသက် ၂၆နှစ်အရွယ် ကိုအောင်ခန့်ဟိန်း သေဆုံးသွားကြောင်း ၎င်းမိသားစုနှင့် နီးစပ်သူအချို့ထံမှ သိရသည်။

မတ်လ ၁၈ ရက်နေ့က ဝယ်ပေါင်ကျေးရွာ ဝပ်ရှော့တစ်ခုတွင် ကားပြင်နေသည့် ‌ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တို့ကို စစ်ကောင်စီတပ်က ဝင်ရောက်ပစ်ခတ်သည်ဟု ကြားသိရကြောင်း ဒေသခံအချို့ထံမှ သိရသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် PDF တပ်ဖွဲ့ဝင်တစ်ဦးနှင့် ကားဝပ်ရှော့တွင် လုပ်ကိုင်သူတစ်ဦး သေဆုံးသည်ဟု ကြားသိရကြောင်း ၎င်းတို့ထံမှ သိရသည်။

ယင်းအပြင် ကိုအောင်ခန့်ဟိန်းနှင့် ဝပ်ရှော့တွင် လုပ်ကိုင်သူ နောက်တစ်ဦးမှာ ကျည်ထိမှန်သည့် ဒဏ်ရာများဖြင့် ဖမ်းဆီးခံရကြောင်း ကိုအောင်ခန့်ဟိန်း၏ မိသားစုနှင့် နီးစပ်သူအချို့မှ သိရသည်။

မတ်လ ၂၀ ရက်နေ့တွင် ကိုအောင်ခန့်ဟိန်း သေဆုံးသွားသည်ဟု ကြားသိရကြောင်း နီးစပ်သူတို့ထံမှ သိရသည်။

“သေနတ်ဒဏ်ရာတွေနဲ့ အဖမ်းခံရတယ်။ ဖမ်းသွားတာက ၁၈ ရက်နေ့က၊ နှစ်ရက်အကြာ ၂၀ ရက်နေ့ မှာတော့ ဆုံးသွားတယ်လို့ သတင်းရတယ်” ဟု နီးစပ်သူတစ်ဦးက ပြောသည်။

ကိုအောင်ခန့်ဟိန်း ရုပ်အလောင်း ပြန်ရ မရကိုမူ မသိရှိသေးကြောင်း ၎င်းနီးစပ်သူက ဆိုသည်။

ကိုအောင်ခန့်ဟိန်း ယင်းဝပ်ရှော့သို့ ရောက်ရှိနေသည့် အကြောင်းအရင်း၊ PDF တိုနှင့် ဆက်စပ်မှု ရှိမရှိ စသည်တို့ကိုမူ အတည်ပြုနိုင်ခြင်း မရှိသေးပေ။

၎င်းမှာ ပရဟိတသမားတစ်ဦးဖြစ်ပြီး အာဏာသိမ်းမှုဖြစ်ပြီးနောက် ဆန္ဒပြမှုများတွင် ဦးဆောင်ပါဝင်သဖြင့် ဖမ်းဝရမ်းထုတ်ခံရသောကြောင့် တိမ်းရှောင်နေခြင်းဖြစ်ကြောင်း ၎င်းနှင့် နီးစပ်သူ အချို့ထံမှ သိရသည်။