မိုးကြောင့် ဆားလုပ်ငန်းများ ရပ်ထားရပြန်ပြီဟုဆို

0
398

အားကောင်းသည့် မုန်တိုင်းငယ်ကြောင့် မိုးရွာနေသဖြင့် တနင်္သာရီတိုင်းတွင် ဆားထုတ်လုပ်မှု ရပ်နားထားရ ပြန်ပြီဖြစ်ကြောင်း ဆားလုပ်ငန်းရှင်အချို့က ပြောသည်။

ဖေဖော်ဝါရီလတွင်လည်း ရာသီဖျက်မိုးရွာသွန်းမှုကြောင့် ဆားအထွက်လျော့ခဲ့ပြီး လက်ရှိတွင်လည်း မုန်တိုင်းကြောင့် မိုးရွာသွန်းသဖြင့် လုပ်ငန်းများ ထပ်မံရပ်နားထားရခြင်းဖြစ်ကြောင်း လုပ်ငန်းရှင်အချို့က ပြောသည်။

“ဒီနှစ်လုပ်ရတဲ့ အခြေအနေက ဘယ်လိုလဲဆိုတော့ အရူးမကို လင်လုပ်ရသလိုပဲ။ မိုးကခြိမ်းလာလိုက် ဆားက ပြန်ပျက်လိုက်နဲ့ ဘယ်လိုလုပ်ရမှန်းတောင်မသိဘူး။ ဒီနှစ်လုပ်ရ အရမ်းခက်တယ်။ ဒီနှစ် ရာသီတအား ဆိုးတယ်” ဟု ထားဝယ်မြို့၊ ရွှေပြည်သားဆားစက်ရုံပိုင်ရှင် ဦးသန်းဝင်းက ဆိုသည်။

လက်ရှိတွင် အားကောင်းသည့် မုန်တိုင်းငယ်အဆင့်ဖြစ်ပြီး ဆိုင်ကလုန်းမုန်တိုင်းအဆင့်သို့ပါ ရောက်သွား နိုင်ပြီး မုန်တိုင်းအရှိန်ကြောင့် မတ်လကုန်အထိ တိုင်းအတွင်း မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

ကိုဗစ်မတိုင်ခင် ရှေ့တစ်နှစ်က ဆားပိဿာချိန် ၂၈ သိန်းထွက်ရှိပြီး ပြီးခဲ့သည့်နှစ် ကိုဗစ်ကာလတွင် အလုပ် သမား ခေါ်ယူ မရခြင်းနှင့် ရာသီဖျက်မိုးတို့ကြောင့် ဆား ပိဿာ ၁၃ သိန်းသာ ထွက်ကြောင်း ဦးသန်းဝင်းက ပြောသည်။

ဦးသန်းဝင်းမှာ လောင်းလုံးမြို့နယ်၊ ပြင်ကြီးကျွန်းရှိ ဆားကွင်း ဧက ၂၁၀ ခန့်တွင် နေလှန်းဆား ထုတ်လုပ်နေခြင်းဖြစ်သည်။

ယခုနှစ်တွင် မတ်လ ၂၁ ရက်အထိမူ ဆားပိဿာချိန် ၆ သိန်းခန့်သာ ရရှိထားသဖြင့် အလုပ်သမားစရိတ်နှင့် ထုတ်လုပ် စရိတ်ပင် ကာမိအောင် ကြိုးစားလုပ်ကိုင်ရမည့်သဘောရှိနေကြောင်း ၎င်းက ဆိုသည်။

“(မိုးကြောင့်) အခုပြန်ရပ်ထားရတာလဲ ငါးရက်လောက်ရှိပြီ” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

သရက်ချောင်းမြို့နယ်၊ ပြင်းဖြူကြီးရွာက ဆားလုပ်ငန်းလုပ်ကိုင်သည့် ဒေသခံတို့မှာလည်း ရာသီဖျက်မိုးကြောင့် မီးချက်ဆားထုတ်လုပ်ရန် ရေငန်မွေးမရဖြစ်နေကြောင်း ယင်းကျေးရွာမှ တစ်နိုင်တစ်ပိုင် ဆားလုပ်ငန်းရှင် မမြင့်စန်းက ပြောသည်။

“ဒီနှစ်ပိုပြီး အဖြစ်ဆိုးတယ်။ စလုပ်တယ်ဆိုတည်းက မိုးနဲ့ပဲ ရင်ဆိုင်နေရတယ်။ အခုဆို ဆားဖိုလုပ်နေ သူတွေ ရာသီမကောင်းဘူးဆိုတော့ ကိုယ့်လုပ်အားခတောင်မှ ပြန်ပြီးမရနိုင်ဘူးဆိုတော့ ညည်းနေကြ တာပေါ့။ တချို့လည်း ချေးငှားပြီးလုပ်နေကြရတာ မဟုတ်လား” ဟု ၎င်းက ဆိုသည်။

ရာသီစောပြီး လုပ်ငန်းခွင်ဝင်ခဲ့သည့် မမြင့်စန်းတို့မှာ မတ်လဆန်းအထိ ဆားပိဿာချိန် ၁၅၀၀၀ ခန့် ရရှိ ထားသော်လည်း လုပ်ငန်းခွင်ဝင်နောက်ကျသည့် အချို့ဆားလုပ်တောင်သူများမှာ ဆား ပိဿာချိန် တစ်ထောင်ကျော်မှ ပိဿာချိန် ၈၀၀၀ ခန့်အထိသာ ရကြသေးကြောင်း ၎င်းက ပြောဆိုသည်။

ကိုဗစ်မတိုင်ခင်နှစ်က ရာသီဥတုကောင်းသဖြင့် ဆားအထွက်ကောင်းခဲ့သော်လည်း ကိုဗစ်ဖြစ်သည့် ပြီးခဲ့သည့်နှစ်နှင့် ယခုနှစ်တွင် ရာသီအဖျက်မိုးကြောင့် ဆားအထွက်လျော့ကြောင်း ဆားထုတ်လုပ်သည့် တောင်သူများထံမှ သိရသည်။

ထို့ကြောင့် ယခုနှစ်တွင် အလုပ်သမားစရိတ်နှင့် ထုတ်လုပ်စရိတ်များ ပြန်မရမည်ကို စိုးရိမ်ကြောင်း ၎င်းတို့က ပြောသည်။

ပြင်းဖြူကြီးရွာတွင် ထင်းမီးဖြင့် တစ်နိုင်တစ်ပိုင်ဆားချက်လုပ်သည့် တောင်သူ ခုနစ်ဦးခန့်ရှိသည်။

ထားဝယ်မြို့၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၂၇၀ မိုင်ခန့်နှင့် မြိတ်မြို့၏ အနောက်-အနောက် ဘက် ရေမိုင် ၂၈၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည့် အားကောင်းသည့် မုန်တိုင်းငယ်ကြောင့် မတ် ၃၁ ရက်နေ့အထိ မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ ထုတ်ပြန်ထားသည်။