တနင်္သာရီတိုင်းအနီး ဗဟိုပြုနေသည့် မုန်တိုင်းငယ်အရှိန်ကြောင့် မြို့နယ်အချို့တွင် မိုးရွာ

0
611

မုန်တိုင်းငယ်တစ်လုံးသည် တနင်္သာရီတိုင်း ထားဝယ်မြို့နှင့် ကော့သောင်းမြို့အနီး ပင်လယ်ပြင်တွင် ဗဟိုပြုတိုက်ခတ်နေကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ထုတ်ပြန်ထားသည်။

ယင်းမုန်တိုင်းအရှိန်ကြောင့် တနင်္သာရီတိုင်းအတွင်းက ထားဝယ်၊ ရေဖြူ၊ ပုလော၊ သရက်ချောင်း၊ လောင်းလုံး အပါအဝင် မြို့နယ်အချို့တွင် မိုးရွာသွန်းကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ ညနေ ၃ နာရီ မိနစ် ၃၀ တွင် တိုင်းတားချက်အရ အဆိုပါ မုန်တိုင်းငယ်သည် ထားဝယ်မြို့မှ အနောက်တောင်ဘက် ရေမိုင် ၃၈၅ မိုင်အကွာ၊ ကော့သောင်းမြို့ အနောက်၊ အနောက်မြောက်ဘက် ရေမိုင် ၃၄၀ မိုင်ခန့်အကွာ၊ ရန်ကုန်မြို့၏ တောင်- အနောက်တောင်ဘက် ရေမိုင် ၃၄၅ မိုင်ခန့်အကွာ တွင် ဗဟိုပြု တိုက်ခတ်နေကြောင်း ထုတ်ပြန်ထားသည်။

ယင်းမုန်တိုင်းငယ်သည် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားနေသဖြင့် လိမ္မော်ရောင်အဆင့် သတ်မှတ်ထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မုန်တိုင်းငယ်သည် နီကိုးဘားကျွန်း (Nicobar Islands) နှင့် ကပ္ပလီပင်လယ်ပြင်ကမ်းလွန်တစ်လျှောက် မြောက်ဘက်သို့ရွေ့လျားပြီး နောက် ၂၄ နာရီအတွင်း အားကောင်းသော မုန်တိုင်းငယ် (Deep Depression) အဖြစ်သို့ လည်းကောင်း၊ နောက် ၃၆ နာရီအတွင်းဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

မုန်တိုင်းငယ်သည် မတ်လ ၂၁ ရက် ညနေပိုင်းတွင် ကိုကိုးကျွန်းအနီး၊ မတ်လ ၂၂ ရက် နံနက်ပိုင်းတွင် ဧရာဝတီတိုင်း ဟိုင်းကြီးကျွန်းအနီး၊ ယင်းနေ့ ညနေပိုင်းတွင် ရခိုင်ကမ်းရိုးတန်းဒေသအနီးသို့ ရောက်ရှိ နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ခန့်မှန်းထားသည်။

မုန်တိုင်းငယ်အရှိန်ကြောင့် တနင်္သာရီတိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ် ၁၄ ခုတွင် ယနေ့ ညနေမှ မတ်လ ၂၂ ရက်နေ့အတွင်း နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း ထုတ်ပြန်ထားသည်။

မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းရွာခြင်းများ ဖြစ်ပေါ်နိုင်ပြီး မြန်မာ့ကမ်းရိုး တန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်နိုင်ကြောင်းလည်း သတိပေးထားသည်။

မိုးသက်လေပြင်းကျစဉ် ရေပြင်၊ မြေပြင် လေသည် တစ်နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ ၉ ပေမှ ၁၂ ပေခန့် ရှိနိုင်ကြောင်း ထုတ်ပြန်ထားသည်။

ထို့ကြောင့် လေကြောင်းလိုင်းများ၊ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့် မုန်တိုင်း အခြေအနေကို ကြိုတင်သတိပြုကြရန်လည်း တိုက်တွန်းထားသည်။