ထားဝယ်ဒေသထွက် ဓနိဖက် ဈေးတက်

0
303

ထားဝယ်ဒေသထွက် ဓနိဖက် တစ်ထောင်လျှင် ယခုနှစ် ကျပ်သုံးသောင်းဝန်းကျင်း ဈေးတက်ကြောင်း ဓနိဖက်လုပ်ငန်းလုပ်ကိုင်သူများနှင့် သုံးစွဲသူများထံမှ သိရသည်။

ယမန်နှစ်က ဓနိဖက် တစ်ထောင်ကို ငွေကျပ် ကိုးသောင်း ဈေးရပြီး ယခုနှစ်တွင်မူ ‌တစ်သိန်းနှစ်သောင်း ကျပ် ဈေးရကြောင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်ရှိ ဓနိဖက်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောသည်။

“ဓနိဖက်လုပ်သူက ရှားလာသလို ဖက်ထိုးခလည်း ဈေးကြီးလာတယ်” ဟု ၎င်းက ဆိုသည်။

ဓနိဖက်လုပ်ရာတွင် ကုန်ကျစရိတ် ကြီးလာသဖြင့် ဓနိဖက်လည်း ဈေးတက်ခြင်းဖြစ်ကြောင်း ဓနိဖက်လုပ်ငန်း လုပ်ကိုင်သူအချို့ထံမှ သိရသည်။

ဖက်တစ်ထောင်ကို ယမန်နှစ်က ထိုးခ (လက်ခ)‌ အနေနဲ့ နှစ်‌‌သောင်းဝန်းကျင်သာပေးရပြီး ယခုနှစ်တွင်မူ နှစ်‌သောင်းငါး‌ထောင်ကျပ် ပေးရကြောင်း လောင်းလုံးမြို့နယ်က ဓနိဖက်လုပ်ငန်းလုပ်ကိုင်သူ နောက်တစ်ဦးက ပြောသည်။

“ဖက်ဈေးကောင်းရင် ထိုးခလည်း ပိုပေးရလေ့ ရှိတယ်” ဟု ၎င်းက ဆိုသည်။

ဖက်တံဈေးနှုန်းမှာလည်း ယခုနှစ်တွင် တစ်ထောင်ကို တစ်သောင်းကျပ်အထိ ပေးဝယ်နေရသည်ဟု ယင်းလုပ်ငန်း လုပ်ကိုင်သူ နောက်တစ်ဦးကဆိုသည်။

“ဖက်တံဈေးနှုန်းကလည်း ဒီနှစ်မှာ ကျပ်နှစ်ထောင်ခန့် ပိုပေးရတယ်” ဟု ၎င်းက ပြောဆိုသည်။

ဓနိဖက်ကို ထားဝယ်ဒေသတွင် ဖေဖော်ဝါရီလမှစတင်ကာ မေလ လောက်အထိ အိမ်၊ လယ်တဲ၊ ယာတဲ အမိုးအကာများ ပြုလုပ်ရာတွင် တွင်ကျယ်စွာ အသုံးပြုကြသည်။

ထားဝယ်ဒေသတွင် ဓနိဖက်ဖြင့် အိမ်တစ်ခါမိုးပြီးရင် နှစ်နှစ် သုံးနှစ်အထိ အများဆုံးထားလေ့ရှိပြီး ဒေသခံ အများစုကတော့ သုံးနှစ်ကြာမှ အသစ်ပြန်လည် မိုးလေ့ရှိကြကြောင်း ယခုနှစ် အိမ်မိုးမည့် ဒေါ်နွဲ့ဝင်းက ပြောသည်။

“ဖက်ကတော့ တစ်နှစ်ထက် တစ်နှစ်ဝယ်ရတာဈေးပိုတယ်။ လျော့လေ့မရှိဘူး။ အရင်တစ်ခါ (အိမ်) မိုးတုန်းကထက် ယခုနှစ်က (ဖက်တစ်ထောင်ကို) သုံးသောင်းလောက်ဈေးပိုပေး ဝယ်ရတယ်” ဟု ထိုအမျိုးသမီးက ပြောသည်။

ယင်းလုပ်ငန်းကို ထားဝယ်မြို့ပေါ်ရှိ ကြက်စားပြင်ရပ်ကွက်နဲ့ လောင်းလုံးမြို့နယ်ရှိ ပန်းဒလဲ၊ ဝေဒီ၊ ကညုံကျွန်း၊ ကထောင်းနီစသည့် ကျေးရွာများတွင် အများဆုံး လုပ်ကိုင်ကြသည်။