ထားဝယ်တွင် ကမ်းနားဈေးသည် အများအပြား အဖမ်းခံရ၊ အချို့ပြန်လွတ်

0
262
ပုံစာ - ယနေ့ နံနက်ပိုင်းက တွေ့ရသည့် ထားဝယ် ကမ်းနားဈေး/CJ

ထားဝယ်မြို့ ကမ်းနားဈေးတွင် ရောင်းချနေသည့်ဈေးသည် အများအပြား ယနေ့ (မတ် ၁၆) နံနက် ၃နာရီဝန်းကျင်က အဖမ်းခံရ‌ကြောင်း ဈေးသည်အချို့ထံမှ သိရသည်။

ထားဝယ်ကမ်းနားဈေးက ဈေးသည်များကို ညမထွက်ရအမိန့် ဖောက်ဖျက်သည်ဟုဆိုကာ စစ်ကောင်စီ တပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခြင်းကြောင်း ဈေးသည်အချို့က ပြောသည်။

အဖမ်းဆီးခံရသည့် ဈေးသည်အရေအတွက်မှာ ၇၀ ဝန်းကျင်၊ တစ်ရာ ဝန်းကျင်၊ နှစ်ရာဝန်းကျင် စသည်ဖြင့် ပြောဆိုကြသော်လည်း ဖမ်းဆီးခံရသည့် ဈေးသည်အရေအတွက် အတိအကျကိုမူ သီးခြားအတည်မပြု နိုင်သေးပေ။

ယမန်နှစ်ကတည်းက ထားဝယ်မြို့နယ် အပါအဝင် မြို့နယ်အများစုတွင် ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားသည်။

“ဖမ်းခံရသူတွေအများစုက မြို့ပေါ်က ဈေးသည်တွေလို့ သိရတယ်။ သူတို့က မနက်သုံးနာရီလောက် ကတည်းက ဈေးကိုလာနေကြတာ” ဟု ဈေးသည်တစ်ဦးက ပြောသည်။

ယခုနောက်ပိုင်းတွင် အခြေအနေ အနည်းငယ်တည်ငြိမ်နေသဖြင့် အာရုံမတက်မီ ၂ နာရီခွဲ၊ သုံးနာရီခန့် ကပင် ဈေးသို့လာရောက် ခင်းကျင်းရောင်းချလာကြကြောင်း ဈေးသူအချို့က ပြောသည်။

ယင်းသို့ ရောင်းချနေရာမှ ယနေ့ အာရုံမတက်မီ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ကမ်းနားဈေးမှ ဈေးသည် အမျိုးသမီးတစ်ဦးက ဆိုသည်။

“အားလုံး ဖမ်းဆောင်သွားတာ။ ဆိုင်ကယ်တွေဘာတွေ အကုန်လုံးပါသွားတယ်ပြောတယ်။ ဆိုင်ကယ် အစီးသုံးရာ လူကအယောက်နှစ်ရာလို့လည်း ပြောသံကြားတယ်” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။ ၎င်းမှာ နံနက် ၆ နာရီမှ ဈေးသို့ ရောက်သဖြင့် အဖမ်းမခံလိုက်ရကြောင်း ဆိုသည်။

အဖမ်းခံရသူများတွင် ဈေးဆိုင်ကယ်၊ ဈေးကားသုံးဘီး၊ နယ်ဘက်မှ ဟင်းရွက်သစ်သီးဈေးသည်များ၊ ဈေးလာဝယ်သည့် ဖောက်သည်များအပြင် ငါးဒိုင်မှ ဈေးသည်များနှင့် ကြက်သားသည်များ ပါဝင်ကြောင်း ကမ်းနားဈေးမှ ဈေးသည်အချို့က ပြောဆိုသည်။

ဖမ်းဆီးခံရသူများတွင် အချို့ကို ကိုယ့်ဆိုင်ကယ် ကိုယ်တိုင်စီးကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက အနောက်မှ စောင့်ကြပ်ကြည့်ရှု၍ ထားဝယ်မြို့နယ်ရဲစခန်းကိုခေါ်ဆောင်သွားကြောင်း ဈေးသည်အချို့ထံမှ သိရသည်။

အဖမ်းခံရသူများကို ဒဏ်ကြေးဖြင့် လာထုတ်ရမည်ဟု ပြောဆိုမှုများရှိနေပြီး အချို့မှာ ပြန်လည် လွတ်မြောက်လာပြီ ဖြစ်ကြောင်း ဈေးသည်အချို့ထံမှ သိရသည်။