ထားဝယ်တွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

0
249

ထားဝယ်မြို့ တလိုင်းမရပ်ကွက်တွင် အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦး မတ်လ ၁၅ ရက် ညနေပိုင်းတွင် ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ပစ်သတ်ခံရပြီး သေဆုံးသွားသူမှာ ကိုအောင်သီဟဆိုသူဖြစ်ပြီး တလိုင်းမစုအရပ် တံတားထိပ်တွင် ထိုင်နေစဉ် အမျိုးသားတစ်ဦး ဆိုင်ကယ်ဖြင့်လာရောက် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

တံတားထိပ်တွင် သူငယ်ချင်းနှစ်ဦးနှင့်အတူ ထိုင်နေစဉ် ကိုအောင်သီဟကို ပစ်ခတ်သွားခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယင်းနောက် ရုပ်အလောင်းကို အရေးပေါ်ကားဖြင့် လာရောက်သယ်ဆောင်သွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ကိုအောင်သီဟကို ထားဝယ်ပြောက်ကျားတပ်ဖွဲ့ (Guerrilla Dawei) က ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

သေဆုံးသူ အောင်သီဟသည် ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး CDM ဝင်ထားသည်ဟု ဟန်ဆောင်ကာ ဆန္ဒပြသူ များကို သတင်းပေးဖမ်းဆီးခိုင်းခဲ့ကြောင်း ထားဝယ်ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားသော်လည်း Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

၎င်းသည် ထားဝယ်ဒေသခံတစ်ဦး မဟုတ်ဘဲ ပြီးခဲ့သည့် တစ်လခန့်ကမှ တလိုင်းမရပ်ကွက်သူနှင့် အိမ်ထောင်ကျပြီး ဇနီးဖြစ်သူအိမ်တွင် လာရောက်နေထိုင်ခြင်းဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။