ကော့ရဲကြီးကျွန်းပေါ်ရှိ ကန်းဇော်တော

0
616
DCIM\100MEDIA\DJI_0054.JPG

ကျော်မျိုးလွင် (ကောလင်း)

ဒီဇင်ဘာလ၏‌ဆောင်းအငွေ့အသက်သည် ဘုတ်ပြင်း၊ ချောင်းကဖီးကျွန်းရွာကလေးတွင် အသက်မဲ့လျက်ရှိ၏။ သို့သော် ပင်လယ်ပြင်ကိုဖြတ်တိုက်ခတ်လာသောလေပြေသည်ကား နံနက်စောစောမို့လားမသိ၊ လတ်ဆတ်ပြီးအေးမြမြရှိလှ၏။ နံနက်ခင်းဒီရေအကျတွင် လှိုင်းသံ၊ လေသံတို့တိတ်ဆိတ်လျက်ရှိပြီး ပင်လယ်ရေသည် အနည်းငယ်နှောက်ကျိနေ၏။

ကျွန်းစုကလေးများသည် နေရာအနှံ့တွင်မှိုလိုပေါက်နေပြီး အချို့ကျွန်းများမှာ ကျောက်သားအတိပြီး၏။ ကျွန်းကလေးများသည် ပြန့်ပြူးသောကမ်းခြေမဟုတ်ကြဘဲ ပင်လယ်ထဲမှထိုးထွက်လာသော တောင်ကုန်းများနှင့်သာတူတော့၏။ တောင်ကတုံးတော့မဟုတ်ကြ၊ အမြဲစိမ်းတော (Evergreen forest) တို့ သျှောင်ထုံးနေကြ၏။ ပင်လယ်ထဲတွင် ထီးထီးဖြစ်နေသော ကျွန်းသေးများတွင် ဒီရေတောများ ပေါက်ရောက်မှုနည်းသည်။ ကျွန်းကြီးသော ကမ်းခြေပြန့်များတွင်သာ ဒီရေတောအများအပြားကို တွေ့နိုင်၏။ ဘာသာတရားကိုင်းရှိုင်းမှုအမှတ်အသားအဖြစ် ရွာနှင့်နီးသော ကမ်းခြေစပ်ရေထဲတွင် ရှင်ဥပဂုတ္တရုပ်ထုကျောင်းဆောင်နှင့် ကျွန်းတောင်ထိပ်ပေါ်တွင် စေတီငယ်တစ်ဆူကိုလည်း ဖူးမျှော်နိုင်၏။

ဤအရာများသည် ချောင်းကဖီးရွာ WIF (Worldview International Foundation) ရုံးမှ နံနက်စောစောထွက်လာပြီး ကြိမ်နီတောင်ရွာမရောက်ခင် ပဲ့ထောင်ပေါ်မှ ကျွန်ုပ်(ဆရာဦးဝင်းမောင်၊ ဆရာဦးအောင်မြင့်၊ ဆရာဦးဝင်းစိန်နိုင်နှင့် ကျွန်ုပ်အပါအဝင် သစ်တောကျောင်းဆင်း ညီအစ်ကို ၁၇ ဦး တို့လှမ်းတွေ့နေရသော မြင်ကွင်းများဖြစ်ကြ၏။

ကြိမ်နီတောင်သည်လည်း ချောင်းကဖီးကဲ့သို့ပင် ကျွန်းရွာကလေးဖြစ်ပြီး ဒေသခံအများစုမှာ ငါးဖမ်း၊ ကင်းမွန်ဖမ်း၊ ကျပန်းလုပ်ငန်းဖြင့် အဓိက အသက်မွေးကြ၏။ ကြိမ်နီတောင်အလွန်တွင် ပင်လယ်ရေပြင်သည် ကြည်လင်စိမ်းမြလာပြီး လှိုင်းအနည်းငယ်ထလာ၏။ ရွာဘက်ပြန်လာကြသော ငါးဖမ်းလှေ၊ ကင်းမွန်လှေများလည်း ခပ်စိစိပ်တွေ့လာရ၏။
ကြိမ်နီတောင်အလွန်ရေပြင်မှ လှမ်းမျှော်ကြည့်လိုက်လျှင် ကော့ရဲကြီးကျွန်းကို ဝိုးတဝါးမြင်တွေ့နိုင်၏။ ကော့ရဲကြီးကျွန်းသည် တောင်-မြောက် ၁၈ ကီလိုမီတာရှည်လျားပြီး အရှေ့-အနောက်အလျားကို အကျယ်ဆုံးနေရာမှတိုင်းလျှင် ၉ ကီလိုမီတာရှိသည်။ ကော့ရဲကြီးကျွန်း မြောက်ဘက်ထိပ်သို့ရောက်သောအခါ ကျဉ်းမြောင်းသောရေလက်ကြားဖြစ်သောကြောင့် လှိုင်းအတော်ကြမ်း၏။ ပင်လယ်ရေသည်လည်း စိမ်းလဲ့နေရာမှ တဖြည်းဖြည်းမည်းမှောင်လာ၏။ ရေနက်ပိုင်းရောက်လာသည့် သင်္ကေတဖြစ်သည်။

ကျွန်းထိပ်ရေလက်ကြားကိုကျော်လွန်သောအခါ လှိုင်းငြိမ်သောပင်လယ်ပြင်ကြီး ဖြစ်သွားပြန်သည်။ လှိုင်းငြိမ်ပင်လယ်ပြင်ကြီးသည် ကင်းမွန်ငါးဖမ်းရာ စားကျက်ကြီးဖြစ်ပြီး မီးထွန်းလှေအများအပြားတွေ့ရ၏။ မီးထွန်းလှေများမှာ ရုတ်တရက်လှိုင်းလေကြီးလာလျှင်လည်း စိတ်ပူစရာမရှိ၊ ကော့ရဲကြီးကျွန်းကိုဆိုက်ကပ်ပြီး ခိုနိုင်၏။ ရှည်လျားလှသော ကော့ရဲကြီးကျွန်းက အရှေ့ဘက်မှ လေကာဆီးပေးထားသောကြောင့် လှိုင်းငြိမ်နေခြင်းဖြစ်လိမ့်မည်ဟု ထင်မိသည်။

ထိုရေပြင်ကျယ်ကြီးမှ ဖြူဖွေးနေသောကော့ရဲကြီးကမ်းခြေကို လှမ်းမြင်နေရပေပြီ။ ကော့ရဲကြီးကမ်းခြေသည် တောင်-မြောက် (၄)ကီလိုမီတာရှည်လျားသော လူသူအရောက်အပေါက်နည်းပါးသည့် သဘာဝကမ်းခြေကြီးဖြစ်သည်။ ချောင်းကဖီးရွာမှလာလျှင် ပဲ့ထောင်ဖြင့် နှစ်နာရီကြာခုတ်မောင်းရသည်။

ကမ်းခြေနှင့်နီးကပ်လာသောအခါ ရေတိမ်လာသောကြောင့် ရေအောက်ရှိသဲကျောက်နှင့် ငါးများကိုပင်မြင်တွေ့ရ၏။ ကျွန်ုပ်တို့ ကော့ရဲကြီးကမ်းခြေရောက်ချိန်အထိ ရေပြန်မတက်သေးပေ။ ရေပြန်မတက်ခင် သောင်အရှည်ကြီးထွန်းနေပြီး ခရုသေးများလည်း အစုလိုက်အပြုံလိုက်တွေ့ရ၏။ ထူးခြားသည်ကား ကော့ရဲကြီးကမ်းခြေပေါ်ရှိသဲများသည် ချောင်းသာကမ်းခြေသဲထက် ပိုနူးညံ့ပြီး ဖွေးဥနေ၏။ ဖြူဆွတ်နေသောသဲသောင်များအပေါ် ဖိနပ်ချွတ်လမ်းလျှောက်ရသည်မှာ သဘာဝနှင့်တစ်ထပ်တည်းကျသွားပြီး အရသာရှိလှ၏။ သဲသောင်စပ်မှ ကမ်းနဖူးထိအောင် ဆရာတို့နှင့်အတူ လမ်းလျှောက်ကြသည်။

“ကော့ရဲကြီးကမ်းခြေသဲက‌တော့ မင်းတို့မြင်တဲ့အတိုင်း ဖွေးဥနေတာပဲ။ ချောင်းသာကသဲလိုမဟုတ်ဘူး။ ဒီမှာက ပုတီးသီတဲ့ခရုသေးလေးတွေပေါတယ်။ ပြီးတော့ ချောင်းသာဘက်ကခေါ်တဲ့ ‘ခုံးချော’လည်းပေါတယ်။ ဒီဒေသမှာတော့ ‘ရှပ်’ လို့ခေါ်တာ။ ဒီရေအကျမှာ ကမ်းပေါ်တင်ကျန်ခဲ့တာ။ ရေစပ်စပ်တွေမှာတွေ့နိုင်သလို သောင်လေးတွေမှာ လက်နဲ့ယက်ဖြဲရှာရင်လည်းရတယ်။ ဒီဒေသကလူတွေကတော့ ယက်ဖြဲတဲ့ခက်ရင်းခွလေးတွေနဲ့ရှာကြတာ။ ရလာတဲ့‘ရှပ်’တွေကို သီတံနဲ့သီပြီးတော့ ဘုတ်ပြင်းမြို့ပေါ်မှာတောင် ရောင်းကြတယ်။ ‘ရှပ်’တွေကိုပြုတ်ပြီး အဆန်ထွင်လိုက်ရင် အရည်ထွက်သွားလို့ သိပ်မချိုဘူး။ မီးဖုတ်စားမှ ပိုချိုတာ” ဟု ဆရာဦးဝင်းမောင် ဆိုသည်။

ကော့ရဲကြီးကမ်းခြေတွင်တွေ့ရသော ခုံးချော ခေါ် ရှပ်၊ ဓါတ်ပုံ – စိုးထက်ကို

ဒီရေကျသွားသောအခါ သဲသောင်များတွင် ရှပ်များကို ဒေသခံများလာရောက်ရှာဖွေကြကြောင်း သိရသည်။ ကျွန်ုပ်တို့စလျှောက်လာခဲ့သော ပင်လယ်ရေစပ်နှင့် အတော်လှမ်းသည့် ကော့ရဲကြီးကမ်းခြေအပေါ်ပိုင်းတွင် ပင်လယ်ကဗွီး (Casuarina equisetifolia L.)တောကြီးရှိ၏။ ပင်လယ်ကဗွီးတောကြီးအောက် ခဏနားပြီးနောက် နေရာသစ်ရောက်သောအခါ ဆရာ့ထုံးစံအတိုင်း ဒီရေပင်များသွားကြည့်ကြသည်။ တစ်ပင်ချင်းစီ၏ ဝိသေသလက္ခဏာများ၊ သီး/ပွင့်ချိန်၊ အသုံးဝင်ပုံ စသည်တို့ကို ကျွန်ုပ်တို့ သစ်တော်ကျောင်းဆင်း ညီအစ်ကိုများ မှတ်သားရသည်။ အပင်၏ထူးခြားချက်များတွေ့လျှင် (သို့) မျိုးစိတ်အသစ်တွေ့လျှင် ဆရာကိုယ်တိုင် ဓါတ်ပုံမှတ်တမ်းရိုက်ယူသည်။ ‌ကော့ရဲကြီးကမ်းခြေတစ်လျှာက် ဒီရေဝင်သောနေရာတွင်ပေါက်သောအပင်များမှာ သမဲ့ကြက်တက် (Avicennia alba Blume)၊ သမဲ့ကြီး (Avicennia officinalis L.)၊ ဗြူးဖို/မ (Rhizophora apiculata Bl./ R. mucronata Lamk.)တို့ အများဆုံးဖြစ်သည်။ အိပ်မသွယ်နီ (Lumnitzera littorea (Jack) Voigt.)၊ မဒမမျော (Ceriops tagal (Perr.) C.B. Rob.)၊ သရော (Excoecaria agallocha L.)၊ မြင်းက (Cynometra ramiflora L.)၊ သမန်းလျှော် (Hibiscus tiliaceus L.)နှင့် ကနစိုပင် (Heritiera fomes Buch. Ham.)များလည်းတွေ့ရသည်။

ကမ်းတစ်ကျောလုံး အားရ‌အောင်လျှောက်ပတ်ကြည့်ပြီးသောအခါ နေ့လယ်စာစားရန်အတွက် ပင်လယ်ကဗွီးတောကြီးဆီသို့ပြန်လာကြ၏။ ထိုအချိန်တွင် ဒီရေစ,တက်နေပေပြီ။ ကျွန်ုပ်တို့တစ်တွေ ကမ်းပေါ်ဆင်းဆင်းချင်းဖြတ်လျှောက်လာခဲ့သော သဲသောင်ပြင်ကြီးလည်း လုံးလုံးမြုပ်သွားလေပြီ။ ထမင်း/ဟင်းအိုးနှင့် ရေသန့်ဘူးတို့တင်ထားသော ပဲ့ထောင်နှစ်စီးလည်း ဒီရေနှင့်အတူ ကမ်းအပေါ်ပိုင်းအနီးသို့ ရောက်လာလေပြီ။ ဒီရေတက်လာခြင်းနှင့်အတူ ပင်လယ်ကဗွီးပင်ကြီးများအောက်တွင် ‘တဝီဝီ’လေတိုးသံကိုလည်း ကြားနေရသည်။ နေ့လယ်စာထမင်းစားကြချိန်တွင် ‌ဒေသခံတစ်ယောက်က ‘ရှပ်’သဘာဝအချိုကိုရစေရန် စပါးလင်၊ ကုလားနံနံပင်၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းတို့နှင့် ရောချက်ထားသော ‘ရှပ်’ဟင်းချိုဒန်အိုးတစ်လုံးနှင့် အသီးအရွက်အတို့အမြှုပ်များ လာချပေးသည်။ ‘ရှပ်’ဟင်းချိုမှာ မွှေးမွှေးရှိန်းရှိန်းနှင့် အလွန်အရသာရှိလှ၏။ စားသောက်ပြီးသောအခါ ပင်လယ်က‌ဗွီးတောလေတိုးသံ ‘တဝီဝီ’ကိုနားထောင်လျက် ဖွေးဥနေသောသဲပြင်များပေါ်တွင် ပက်လက်လှန်ထမင်းလုံးစီနေကြသည်။

“ပင်လယ်ကဗွီး‌တောက Beach and dune forest (ကမ်းခြေသဲသောင်ခုံတော)အမျိုးစားထဲပါတာ။ သဘာဝအတိုင်းအုပ်စုလိုက် အခုလိုပေါက်နေတာမျိုးတွေ့ရခဲတယ်။ ရခိုင်ဘက်မှာလည်းရှိတယ်။ ချောင်းသာမှာတော့ နည်းတယ်” ဟု ဆရာဦးဝင်းမောင် က လှမ်းပြောသည်။

ကော့ရဲကြီးကမ်းခြေအပေါ်ပိုင်းရှိ ပင်လယ်ကဗွီး(Casuarina equisetifolia L.)တော၊ ဓါတ်ပုံ – ကိုမိုးမင်းအောင်

“ဒီကော့ရဲကြီးကျွန်းပေါ်မှာ ကန်းဇော်တောရှိတယ်ကြားလို့ ကျွန်တော်တို့ကို နည်းနည်းလောက်ရှင်းပြပေးပါဦး”ဟု ဆရာဦးဝင်းမောင်က ဒေသခံဦးလေးကြီးဘက်သို့လှည့်၍ လှမ်းမေးလိုက်သည်။

“ဟုတ်ကဲ့ ဆရာ။ ကန်းဇော်တောက ဒီနေရာနဲ့တောင် သိပ်မဝေးလှဘူး။ အသီးရင့်ချိန်ဆို ထားဝယ်၊ မြိတ်ကလူတွေပါ တဲထိုးပြီးလာကောက်ကြတယ်။ တားလို့လဲမရဘူး။ သဘာဝအလျောက်ပေါက်နေတာဆိုပြီး လာကောက်ကြတာ။ ထိန်းတော့ဒေသခံတွေကပဲ ထိန်းရတယ်။ တစ်ခါတစ်ရံ အကိုင်းတွေချိုင်သွားတယ်။ ဥပဒေအရ တားမြစ်ထားတာတွေလည်းမရှိဘူး။ ကန်းဇော်သီးရင့်တာကို လင်းဆွဲတွေကသိတယ်။ သူတို့အုပ်လိုက်လာစားကြတယ်။ သူတို့နားပြီးပျံသွားရင် အပင်ကိုနဲ့သလိုဖြစ်ပြီး အသီးတွေကြွေကျကျန်ခဲ့တာ။ အဲ့တာကို လု‌ကောက်ကြရတာ” ဟု ဒေသခံ ဦးလေးကြီးက ပြန်ဖြေသည်။

ဆရာဦးဝင်းမောင် – “ဥပဒေအရ ဒီဒေသခံတွေအတွက် အကာအကွယ်ပေးထားတာမျိုးမရှိတော့ ပိုဆိုးတာပေါ့။ ကျွန်တော် ကော့သောင်းရောက်တဲ့အခါ ဒီကိစ္စကို သစ်တောဦးစီးဌာနနဲ့ ဆွေးနွေးကြည့်ပါဦးမယ်”

ဒေသခံ – “ဟုတ်ကဲ့ပါ ဆရာ။ ကျေးဇူးတင်ပါတယ်”

ဆရာဦးအောင်မြင့် – “ဒါနဲ့ ကန်းဇော်ဆီကိုက ဘယ်လိုစားရတာလဲ။ ဘယ်လိုအရသာရှိလို့လဲ”

ဒေသခံ – “ကန်းဇော်ဆီက ထမင်းပေါ်ဆမ်းစားလို့ရတယ်ဆရာ။ များများစားရင်ဆိမ့်တယ်။ ဝမ်းတွင်းကလီစာတွေအတွက်လည်း ကောင်းတယ်ပြောကြတယ်။ အသည်းတစ်ခြမ်းမရှိတဲ့ လူနာတစ်ယောက်ဆိုရင် တစ်ရက်ကိုတစ်ဖုံးလောက်သောက်ပေးတာ၊ အသည်းအသစ်ပြန်ဖြစ်လာတယ်။ အဲ့တော့မှ ဆရာဝန်က မစားနဲ့တော့ပြောလို့ ရပ်ထားလိုက်ရတယ်။ အခုအဲ့လူနာ အကောင်းပကတိပြန်ဖြစ်နေပြီဆရာ”

ဆရာဦးအောင်မြင့် – “ဟုတ်လား … ဒါဆို ဉာဏ်ကြီး(သစ်တောကျောင်းဆင်း ညီအစ်ကိုထဲမှ တစ်ယောက်)တို့လို အသည်းကွဲသမားတွေအတွက် ကန်းဇော်ဆီဆောင်ထားသင့်တယ် ဟား … ”

ဆရာဦးဝင်းမောင် – “ကန်းဇော်ဆီက အဆီဆိုတော့ ဆီးချို၊ သွေးတိုးသမားတွေအတွက် အဆင်မပြေလောက်ဘူး။ ဒါပေမဲ့ စစ်ရင်တော့ကိစ္စမရှိဘူးပေါ့လေ။ မြေပဲဆီစတဲ့ ဆီတစ်မျိုးမျိုးနဲ့ရောရောင်းရင်တော့ ပြဿနာရှိတယ်။ ကဲ … ကျွန်တော်တို့ ကော့ရဲကြီးကျွန်းကိုပတ်ပြီး ကော့ရဲကြီးရွာကို ဝင်စရာရှိသေးလို့။ အဲ့ရွာနားမှာလည်း ကန်းဇော်တောရှိတယ်ပြောတယ်။ ဒီနားက ကန်းဇော်တောကိုသွားကြည့်နေရင် အချိန်နောက်ကျမှာစိုးလို့၊ နောက်တစ်ခါလာမှပဲကြည့်တော့မယ်”

ဒေသခံ – “ဟုတ်ကဲ့ပါ ဆရာ … ။ ဆရာတို့ကြည့်ချင်တဲ့ အချိန်မရွေးလာခဲ့လို့ရပါတယ်။ ကျွန်တော်လိုက်ပြပေးပါ့မယ် … ”

ကော့ရဲကြီးကမ်းခြေသို့ မနက်ပိုင်းအလာတုန်းက မြောက်ဘက်ကျွန်းထိပ်မှ ဝင်လာကြသည်။ ယခုမူ ကမ်းခြေမှကျွန်းအနောက်ဘက်သို့အနည်းငယ်ထွက်ပြီး တောင်ဘက်ထိပ်ကိုပတ်မောင်းရသည်။ တောင်ဘက်ထိပ်မှတစ်ဆင့် ကော့ရဲကြီးကျွန်းခါးလယ်ကို ပြန်ဝင်ရမည်ဖြစ်သည်။ ကော့ရဲကြီးတစ်ကျွန်းလုံးတွင် အမြဲစိမ်းတောများနှင့် ဖုံးလွှမ်းလျက်ရှိ၏။ ကျွန်းပတ်ပတ်လည်ရှိ ပင်လယ်ရေလည်း စိမ်းလဲ့နေ၏။

ကော့ရဲကြီးရွာဆိုသည်မှာ ကော့ရဲကြီးကျွန်းပေါ်အရှေ့ဘက်ခြမ်းတွင်ရှိပြီး ကော့ရဲကြီးကမ်းခြေနှင့် ကျောချင်းကပ်လျက်ရှိသော ရွာငယ်လေးဖြစ်သည်။ ရာဘာစိုက်ခင်း၊ ကွမ်းသီးခြံ၊ ကင်းမွန်ဖမ်း၊ ငါးဖမ်း စသည့်လုပ်ငန်းများနှင့် အသက်မွေးကြသည်။ ထူးခြားချက်မှာ ရွာလယ်ခေါင်တွင် ‌ကော့ရဲကြီးကျွန်းတောင်ထိပ်ပေါ်မှ သဘာဝအလျောက်စိမ့်ထွက်နေသော စမ်းချောင်းများရှိသည်။ ထိုစမ်းချောင်းများကို တစ်ဖက်ဆည်ပြီး ပိုက်လိုင်းများဖြင့် အိမ်တိုင်းစေ့‌ရေပိုလျှံအောင်ပေးနိုင်သည်။ ကျွန်ုပ်တို့ရောက်ရှိသော ဒီဇင်ဘာလတွင်တောင် စမ်းများစီးလျက်ပင်ရှိသည်။ နွေရာသီတွင် ရေထွက်နည်းသည်ကလွဲ၍ ခန်းသွားသည်ဟူ၍မရှိ၊ မိုးရာသီ ရေပိုထွက်သည်ဟု သိရသည်။ ကော့ရဲကြီးကျွန်းပေါ်ရှိ အမြဲစိမ်းတောကောင်းသောကြောင့် ဤကဲ့သို့အကျိုးကျေးဇူးများ ရရှိနေခြင်းဖြစ်သည်။

ကော့ရဲကြီးရွာလယ်ခေါင်တွင်ရှိသော သဘာဝစမ်းပေါက်

ကော့ရဲကြီးရွာဆိပ်ကမ်းတက်သည်နှင့် ထည်ဝါသောဘုန်းကြီးကျောင်းဆောင်ကို အရင်ဆုံးလှမ်းမြင်ရသည်။ ဘုတ်ပြင်းမြို့နယ်တွင်းရှိ ကျွန်ုပ်တို့ရောက်သည့်ရွာတော်တော်များများ၌ ဘုန်းကြီးကျောင်းများသည် အလွန်သားနားကြ၏။ ရွာဆိပ်လျှောက်လမ်းတံတားသည် ဘုန်းကြီးကျောင်းဝင်ပေါက်မုခ်ဦးကို ဦးတိုက်ထားပြီး ဘယ်ဘက်ကိုချိုးလိုက်လျှင် ရွာလယ်ခေါင်လက်ဖက်ရည်ဆိုင်ကလေးရှိသည်။ ထိုဆိုင်ကလေးတွင် ရပ်မိရပ်ဖ၊ ကျေးရွာတာဝန်ခံများနှင့်တွေ့ဆုံပြီး ကန်း‌ဇော်တောအကြောင်း ပြောဆိုဆွေးနွေးကြသည်။

ထို့နောက် ရပ်ရွာတာဝန်ခံဦးဆောင်မှုဖြင့် ရွာအနီးနားရှိကန်းဇော်တောများကို သွားကြည့်ဖို့ပြင်ကြ၏။ ရွာလယ်လမ်းမတစ်လျှောက်ဆောက်လုပ်ထားသော သစ်သားတံတားကိုဖြတ်လျှောက်ရပြီး ရွာအထွက်တွင် စမ်းပေါက်များနှင့် ဒီရေတောများကို စတင်မြင်တွေ့ရသည်။ အောက်ခြေမြေပြန့်ပိုင်းတွင် ကွမ်းသီးခြံနှင့် အနည်းငယ်မြင့်သောတောင်စောင်းများတွင် ရာဘာပင်များကို စိုက်ပျိုးထားသည်။ ရာဘာစိုက်ခင်းလွန်လျှင် ဆင်ခြေလျှောမြေနိမ့်ချိုင့်ဝှမ်းထဲတွင်ကား ကန်းဇော်ပင်ကြီးများသည် သဘာဝအတိုင်းပေါက်ရောက်နေကြ၏။ ရွာနှင့်ကန်းဇော်တောကို မိနစ် ၂၀ ခန့်လမ်းလျှောက်ရသည်။ ကန်းဇော်တောများဆီသို့ တောင်ပေါ်စမ်းချောင်းကလေးသည် တသွင်သွင်စီးဆင်းလျက်ရှိ၏။ မလှမ်းမကမ်း အောက်ဘက်ပိုင်းတွင် ဒီရေတောများလည်းရှိ၏။ ကန်းဇော်ပင်ရင်းသို့ရောက်သောအခါ ကျွန်ုပ်တို့လည်း အသင့်စုဝေးလျက် –

ဆရာဦးဝင်းမောင် – “ကန်း‌ဇော်ပင်က အပေါ်ပိုင်းကနေ ရေချိုလည်းရမယ်၊ တ‌ပေါင်း-တန်ခူး ဒီရေလည်းရောက်တဲ့ အခုလို Swamp (ရွံ့တော) ဖြစ်နေတဲ့နေရာမျိုးတွေမှာမှပေါက်တာ။ ဒီရေ‌တောတွဲဖက်သစ်မျိုး (Mangrove associate)အုပ်စုထဲ ပါ/မပါတော့ ဆရာရန်ကုန်ရုံးရောက်မှ ပြန်စစ်ဦးမယ်။ အိပ်မသွယ်မြစ်နဲ့တူတဲ့ ဒူးခေါင်းပုံလေရှူမြစ်တွေရှိတယ်။ Mangrove associate ဖြစ်ဖို့တော့များတယ်။ ကန်းဇော်ပင်ကို ထားဝယ်လိုနေရာမျိုးမှာ စိုက်ဖူးတယ်ပြောတယ်။ မရှင်ဘူးတဲ့”
တာဝန်ခံ – “ဘုတ်ပြင်းမှာ စိုက်ထားတဲ့လူရှိတယ်ဆရာ။ ၃ နှစ်သားလောက်ရှိနေပြီ။ အချို့အပင်တွေလည်း သေတယ်ပြောတယ်။ ကြီးတဲ့အပင်ဆိုရင် လုံးပတ် ၂ ပေဝန်းကျင်ရှိတယ်။ အကြီးတော့မြန်တယ်။ စိုက်ထားတဲ့အပင်တွေက လက်ရှိတော့မသီးသေးဘူးဆရာ”

ဆရာဦးအောင်မြင့် – “ကန်းဇော်တောကို တနင်္သာရီတိုင်းထဲက တခြားဘယ်နေရာတွေမှာ တွေ့ရသေးလဲ”

တာဝန်ခံ – “တစ်စုတစ်စည်းနဲ့ အများကြီးတွေ့ရတာက ဘုတ်ပြင်းမြို့နယ်ထဲမှာဆိုရင် ဒီကော့ရဲကြီးကျွန်းပဲဆရာ။ မြိတ်ခရိုင်ထဲမှာလည်း ပေါက်တယ်။ အခုရောက်နေတဲ့ ကန်းဇော်တောဆိုရင် နှစ်(၆၀)ကျော်လောက်ရှိပြီ။ အရင်တုန်းက ဒီကန်းဇော်တောကို ‌ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော (CF – Community Forest) လျှောက်ပြီး ထိန်းဖို့လုပ်ခဲ့သေးတယ် ဆရာ။ မကျသေးတာ။ ကန်းဇော်ပင်တွေက ဘယ်သူမှမပိုင်ဘူးဆရာ။ ဥယျာဉ်ခြံအတွင်းရောက်နေရင်တော့ ခြံရှင်ကထိန်းပေါ့။ ထိန်းတယ်ဆိုတာကလည်း ဘယ်လမှာဘာတွေလုပ်ရမယ်ဆိုပြီး စည်းကမ်းသတ်မှတ်ချက်တွေမရှိပါဘူး။ ဒါပေမဲ့ အသီးကြွေတဲ့အချိန်ကျရင် ခြံရှင်ကို ကောက်တဲ့လူတွေက အောက်ဈေးနဲ့ပြန်သွင်းရတယ်။ ခြံရှင်က စုချိန်လည်း သတ်မှတ်ပေးထားတယ်။ သဘာဝကန်းဇော်တောမှာတော့ စုချင်သလိုစုကြတာ။ နေတွေရော၊ ညတွေရော။ ညဘက်ဆို အမျိုးသားချည်းပဲစုတာများတယ်”

ဆရာဦးဝင်းမောင် – “ကန်းဇော်စေ့က ဘယ်တုန်းကစပြီး နာမည်ကြီးခဲ့တာလဲ”

တာဝန်ခံ – “ဟိုးတုန်းက ကန်းဇော်ပင်ကြီးတွေ တန်ဖိုးရှိမှန်းမသိကြသေးဘူးဆရာ။ ဥယျာဉ်ခြံတွေလုပ်ကိုင်တော့ ဒီအပင်ကြီးတွေကို ချန်ခဲ့ကြတာ။ ခုနှစ်နဲ့ပြောရရင် ၁၉၉၁-၉၂ ဝန်းကျင်လောက်က ဘိတ်ကနေ လာဝယ်ကြတာ။ အဲဒီတုန်းက ပြည်တွင်းမှာပဲဖြန့်တာ။ စဝယ်တုန်းကဆိုရင် တစ်ပြည်မှ ၂၀၀ ကျပ်နဲ့ပဲ ရောင်းခဲ့ရတာ … အခုလို ဈေးမကောင်းသေးဘူး။ နောက်တဖြည်းဖြည်း တစ်ပြည် ၁,၀၀၀-၁,၅၀၀ ကျပ်ဆိုပြီး ဈေးတက်လာတာ။ ၂၀၁၅ နောက်ပိုင်းမှာတော့ တရုတ်ဈေးကွက်စဖြစ်လာပြီဆရာ”

ဆရာဦးအောင်မြင့် – “ကန်းဇော်စေ့က ဘယ်လိုစုရတာလဲ၊ ဘယ်စျေးရှိလဲ ရှင်းပြပါဦး”

တာဝန်ခံ – “မတ်လကုန်ကနေ ဧပြီ၊ မေ၊ ဇွန်လအထိ ကန်းဇော်သီးတွေကြွေတာဆရာ။ ပေါက်ရောက်တဲ့ဒေသအလိုက် အသီးကြွေတာ နည်းနည်းအပြောင်းအလဲရှိတယ်။ အသီးမှည့်ပြီဆိုတာနဲ့ လင်းဆွဲတွေ အများကြီးလာစားကြတယ်။ လင်းဆွဲလာစားလို့ ညဘက်ဆို အသီးပိုကြွေတယ်။ မျောက်နဲ့ ရှဥ့်လည်း ကြိုက်ကြတယ်။ လင်းဆွဲ၊ မျောက်၊ ရှဥ့်တွေစားလို့ ကြွေတာ၊ ဒါမှမဟုတ် အလိုလိုမှည့်ကြွေလာတဲ့အသီးအစေ့တွေကို အစေ့ကောက်သမားတွေက ကောက်စုကြတာ။ ဈေးမကောင်းတဲ့အချိန်တုန်းကဆိုရင် အစေ့တွေက မြေကြီးပေါ်မှာ ပုံနေတာပဲ။ ကြွေကျနေတဲ့အစေ့တွေကို ကြွက်လည်းစားတယ်။ အချို့အစေ့တွေက ရေပေါ်,ပေါ်နေတော့ လိုက်ဆယ်ပြီးစုရတာ။ အသီးများတဲ့နှစ်ဆိုရင် လူတစ်ယောက် တစ်ရက် ၅-၁၀ ပြည်ကို ခဏလေးစုလိုက်ရုံနဲ့ရတယ်။ အခုအချိန်‌ဈေးကောင်းလာတော့ တစ်‌ယောက်ကို တစ်ရက် ပျမ်းမျှနို့ဆီဗူး လေးဗူး‌လောက်ပဲရတော့တယ်။ ဒါကလည်း အသီးများတဲ့နှစ်၊ သိပ်မသီးတဲ့နှစ်၊ လာကောက်တဲ့လူအရေအတွက် … ဒါတွေနဲ့ဆိုင်တယ်။ အစိုတစ်ပြည်ကို ဈေးမကောင်းရင် ၅,၀၀၀၊ ၇,၀၀၀ (ကျပ်) လောက်ပဲရောင်းရတယ်။ ဈေးကောင်းရင်တော့ တစ်ပြည်ကို တစ်သောင်းခွဲ အထိပေါက်တယ်။ နို့ဆီဗူး ရှစ်ဗူး တစ်ပြည် ကိုနေလှန်းရင် တစ်‌ဗူး‌လျော့ပြီး အခြောက် ခုနှစ်ဗူးလောက်ကျန်တယ်။ အခြောက်တစ်ပြည်ကိုတော့ နှစ်သောင်းခွဲ ရောင်းကြတယ်ဆရာ”

ဆရာဦးဝင်းမောင် – “ကန်းဇော်ဆီကိုကျတော့ ဘယ်လိုထုတ်ကြလဲ”

တာဝန်ခံ – “ကန်းဇော်ဆီထုတ်တာက အစေ့ကိုအခြောက်လှန်းပြီးတိုက်ရိုက်ကြိတ်တာနဲ့ အစေ့ခွံကိုထောင်းချွတ်၊ ပေါင်းခံ၊ ပိတ်စနဲ့ညှစ်ယူတာဆိုပြီး နှစ်နည်းနဲ့ ထုတ်ယူလို့တယ်ဆရာ။ ပထမနည်းကတော့ ရိုးရှင်းတယ်။ ရလာတဲ့ကန်းဇော်စေ့အစိုတွေကို အခြောက်လှန်းတယ်။ ခြောက်ပြီဆိုတာနဲ့ ဆီကြိတ်စက်နဲ့တန်းကြိတ်လိုက်တာပဲ။ စက်ကြိတ်ခ တစ်ပြည် ၆,၀၀၀ ကျပ်ပေးရတယ်။ အခြောက်လှန်းပြီးသားအစေ့တွေကို ကြာကြာထားချင်ရင်တော့ အတွင်းအဆံထဲမှာမှိုတက်တတ်လို့ နေခဏခဏထုတ်လှန်းဖို့လိုတယ်။ အပြင်ခွံကမာတော့ ပိုးတော့မစားဘူး။ နောက်တစ်နည်းက အစေ့တွေကိုအခွံချွတ်ဖို့ ဆုံထဲအရင် ထည့်ထောင်းလိုက်တာ။ ရလာတဲ့အစေ့အဆံ/အမှုန့်တွေကိုပြန်ပေါင်း၊ ပြီးမှအဝတ်စထဲထည့်ပြီး ညှစ်ယူတာ။ ဒီနည်းကတော့ ထုထောင်းရ၊ အခွံချွတ်ရဆိုတော့ တစ်ပြည် တစ်သောင်းခွဲ ကျပ်လောက်ပေးရတယ်။ ကြိတ်ဖတ်/အဝတ်အတွင်းမှာကျန်ခဲ့တဲ့အဖတ်တွေကို နှမ်းဆီနဲ့ရောပြီး အပေါ်ယံအနာလိမ်းတာ၊ နှိပ်နယ်တာတွေမှာ ပြန်သုံးလို့ရတယ်။ အချို့လည်း လွှင့်ပစ်လိုက်တာပါပဲ။ အစေ့ခွံကိုသွေးလိမ်းရင်လည်း အမာရွတ်ပျောက်တယ်။ အစေ့ခြောက် သုံးပြည်ကြိတ်ရင် တစ်လီတာရတယ်ဆရာ။ လက်နဲ့ညှစ်ယူတာက အဆီအကုန်မထွက်တဲ့အတွက် တစ်လီတာရဖို့ သုံးပြည်ကျော်တယ်။ လောလောဆယ် ကော့ရဲကြီးမှာတော့ ကန်းဇော်ဆီ တစ်လီတာကို ရှစ်သောင်းကျပ်နဲ့ ‌ရောင်းနေတယ်။ အရင်နှစ်ဈေးကောင်းတုန်းက တစ်လီတာကို ပင်ရင်းဆီမှာတောင် တစ်သိန်းကျော်တယ်။ အခုအချိန်က ဈေးကျနေလို့”

ကော့ရဲကြီးရွာအနီးရှိ ကန်းဇော်တော
အရွက်
လေရှူမြစ်များ
ပျိုးထောင်ထားသော ကန်းဇော်ပင်ပေါက်များ
အစေ့ခြောက်
အဆီ

ကော့ရဲကြီးရွာအနီးရှိ ကန်းဇော်တောတွင် ရင်စို့လုံးပတ် (DBH)မျိုးစုံရှိသည်။ အကြီးဆုံးတစ်ပင်ကို Diameter tape ဖြင့်တိုင်းခဲ့ရာ DBH 73 cm ရှိပြီး အမြင့်မှာ 25 m ခန့်ရှိသည်။ အပင်ရင်းများတွင် NR (Natural Regeneration) များလည်းတွေ့ရသည်။ ကန်းဇော်တောကြည့်ပြီးပြန်အလာတွင် ကျေးရွာတာဝန်ခံက ကျွန်ုပ်တို့ကို ပျိုးထားသောကန်းဇော်ပင်ပေါက် နှစ်ပင် လက်ဆောင်ပေးလိုက်သေးသည်။ ကျွန်ုပ်တို့လည်း ကျေးဇူးတင်စကားဆိုပြီး လက်ပြနှုတ်ဆက်ကာ ကော့ရဲကြီးရွာမှထွက်လာကြ၏။ ဆိပ်ကမ်းမှ ထွက်ခွာပြီးခဏအကြာတွင် မိုးဖွဲများကျလာသည်။ မိုးနှင့်အတူ လေပါလာသောကြောင့် လှိုင်းအနည်းငယ်ထ၏။ သို့သော် ကြိမ်နီတောင်ရွာအရောက်တွင် လှိုင်းပြန်ငြိမ်သွားပြီး ညနေငါးနာရီတွင် ချောင်းက‌ဖီးရုံးသို့ပြန်ရောက်ကြသည်။ ရုံးရောက်သောအခါ ခဏနား၊ ရေချိုးပြီးသည်နှင့် ဆရာတို့သည် ကော့ရဲကြီးရွာနှင့်ဆက်နွယ်နေသော အတွေးအခေါ်အယူအဆများကို ကျွန်ုပ်တို့အား ပြန်လည်မျှဝေ၏။

ဆရာဦးဝင်းမောင် – “ဆရာတို့နေ့လယ်ကရောက်ခဲ့တဲ့ ကော့ရဲကြီးရွာကို ဟိုးအရင်က ဧည့်သည်သိပ်မလာဖူးဘူးတဲ့။ ဆရာတို့အယောက် ၂၀ ကျော်ဟာ လာလည်တဲ့ဧည့်သည်အဖွဲ့ထဲမှာ အများဆုံးပဲတဲ့ ကျေးရွာတာဝန်ခံကပြောတာ ဟား … ။ ဝေးလံခေါင်ဖျားပြီး တကယ့်ကို လူအရောက်နည်းတဲ့ရွာလေးတွေ။ ကန်းဇော်တောကို အရင်က CF (ရပ်ရွာအခြေပြု သစ်တော) ထောင်ပြီး ထိန်းဖို့လုပ်ခဲ့တယ်လို့လည်း သိရတယ်။ မကျသေးတာတဲ့။ အသီးမှည့်ချိန်ဆိုရင် မြိတ်ကလူတွေပါ တဲထိုးပြီးလာကောက်ကြလို့ ကျေးရွာကာကွယ်ရေးအဖွဲ့ဖွဲ့ပြီး ခြောက်လှန့်နေရတယ်ပြောတယ်။ ဒီပြဿနာလေးတွေက ဥပဒေနဲ့ထိန်းပေးရင်ရတယ်။ ကန်းဇော်တောက ဒီတနင်္သာရီဒေသမှာပဲတွေ့ရတာ။ ဆရာရန်ကုန်မှာနေတုန်းက ဆေးကြော်ငြာတစ်ခုမှာ အပင်ပဲမြင်ရတော့ ဒီရေတောတွဲဖက်သစ်မျိုး ဟုတ်/မဟုတ်မသိသေးဘူး။ အမြစ်ကိုက သေချာမမြင်ရဘူးလေ။ ဆရာလည်း အခုမှ သေသေချာချာမြင်ဖူးတာ။ ဒါနဲ့ ဒီမနက် ကော့ရဲကြီးကမ်းခြေမှာ ဆရာတို့ကို ‘ရှပ်’ဟင်းချိုနဲ့ အတို့အမြှုပ်လာပို့ပေးတဲ့ဒေသခံက ‘ချေလှောင်’ (Mouse-deer)ကို တူမီးသေနတ်နဲ့ပစ်ခိုင်းထားတာ မရလို့တဲ့။ သူကတော့ ဆရာတို့တစ်တွေစားဖို့ စေတနာနဲ့လုပ်တာ။ အဲ့‘ချေလှောင်’က လန်ပိကျွန်းနဲ့ ဒီကော့ရဲကြီးကျွန်းတစ်ဝိုက်မှာပဲ ပေါပေါများများတွေ့ရတာ။ တကယ်ဆိုထိန်းထားရမှာ။ ဟိုးအရင်တုန်းက မီးမြိုက်အမွေးခြစ်ပြီး ရေခဲစိမ်ထားတာ။ စားချင်ရင် ဈေးထဲကဝယ်ချက်လိုက်ရုံပဲ။ အခုအဲ့လောက်မပေါတော့ဘူး”

လုံးဝကာကွယ်ထားသည့် နို့တိုက်သတ္တဝါ – ချေလှောင်၊ ဓါတ်ပုံ – ဆရာဦးဝင်းမောင်

ဆရာဦးဝင်းစိန်နိုင် – “ကော့ရဲကြီးရွာအပြင်ဘက် ကွမ်းသီး/ရာဘာခြံတွေထဲရောက်တော့ အပင်တွေကြားထဲမှာ နာနတ်သီးစိုက်ရင်မဖြစ်ဘူးလား ဆရာမေးကြည့်တယ်။ နာနတ်မှမဟုတ်ပါဘူး၊ အခြားစားသီးနှံတစ်မျိုးမျိုးပေါ့လေ။ သူတို့(ဒေသခံ)က အဲတာကို မစဉ်းစားမိကြဘူးတဲ့ ဟဲဟဲ … ။ တစ်ချို့နိုင်ငံတွေမှာဆိုရင် စပါးစိုက်တယ်၊ အထဲမှာငါးမွေးတယ်၊ ဘောင်ပေါ်မှာလည်း ဟင်းသီးဟင်းရွက်တွေစိုက်တယ်။ အဲဒီတော့ စပါးမဖြစ်ရင်တောင် ငါးနဲ့ ဟင်းသီးဟင်းရွက်ရသေးတယ်လေ”

ဦးဝင်းအောင် (ဒေသခံဝန်ထမ်း) – “နာနတ်သီးက စိုက်လို့မဖြစ်ဘူးဆရာ။ ဒီဒေသမှာ ဈေးကွက်မရှိဘူး”

ဆရာဦးအောင်မြင့် – “ဈေးကွက်ရှိလာအောင် လုပ်လို့ရတယ်။ ကန်းဇော်တောကို ဒေသခံတွေပဲထိန်းပြီး သူတို့ပဲ အကျိုးခံစားခွင့်ရှိအောင်လုပ်ပေးလိုက်ပါလား … အလိုလိုဈေးကွက်တွေရှိလာလိမ့်မယ်”

ဆရာဦးဝင်းစိန်နိုင် – “နောက်တစ်ခု … ဆရာ‌ ချောင်းကဖီးရွာရောက်ကတည်းက သတိထားမိတာတစ်ခုက အသီးအနှံ၊ ဟင်းသီးဟင်းရွက်အကုန်လုံးဟာ ဝယ်စားနေရတယ်။ ဒီရွာကကျွန်းရွာကလေးဆိုတော့ စိုက်စရာမြေနေရာမရှိတာတော့ မှန်ပါတယ်။ ဒါပေမဲ့ စိုက်လို့ဖြစ်တဲ့နည်းလမ်းတွေ အများကြီးရှိတယ်။ သင်တန်းပို့ချပေးလို့ရတယ်။ နမူနာလုပ်ပေးလို့ရတယ်။ ဘာပဲဖြစ်ဖြစ် မီးဖိုချောင်စရိတ်သက်သာတာပေါ့”

ဆရာဦးအောင်မြင့် – “ဒါပေမဲ့ အဲဒါတာထက်အရေးကြီးတာက ဒီရွာမှာဘာပြဿနာရှိနေလဲ အရင်ဆုံးသိဖို့လိုမယ်ထင်တယ်။ ဥပမာအနေနဲ့ပြောရရင် ကျွန်တော်သိတဲ့ ထိုင်းနယ်စပ်နားက ရွာတစ်ရွာမှာ မြေတွေအကုန်လုံးစိုက်လို့ဖြစ်တယ်။ ဒါပေမဲ့ အားလုံးထိုင်းဘက်ကပဲ ဝယ်စားနေကြတယ်။ ဘာလို့မစိုက်ကြလဲမေးကြည့်တော့ အခွန်စည်းကြပ်တာများလွန်းလို့တဲ့။ အဲဒီတော့ လုပ်အားပါရှုံးပြီး စိုက်မစားကြတော့ဘူးလေ။ အဲ့တာကြောင့် Problem sources တွေကို အရင်ဆုံးသိဖို့လိုတာ”

ဆရာဦးဝင်း‌မောင် – “ဆရာသိသ‌လောက်ဆိုရင် ကမ်းရိုးတန်းဒေသရဲ့ ၆၀ ရာခိုင်နှုန်းလောက်ဟာ စိုက်ပျိုးမြေမရှိကြဘူး။ အဲ့တော့ ပင်လယ်ရေလုပ်ငန်းကိုပဲ အားထားနေရတယ်။ အခုဆိုရင် ဒီရေတောတွေပျက်လို့ပဲဖြစ်ဖြစ်၊ အလွန်အကျွံဖမ်းလို့ပဲဖြစ်ဖြစ် ငါး၊ ပုစွန်ရှားလာတော့ စားဝတ်နေရေးအတွက် တစ်ခုခုကိုပြောင်းလဲလုပ်လာရပြီ။ အရင်တုန်းကဆိုရင် ချောင်းကဖီးရွာဟာ ရေလုပ်ငန်းအကြီးအကျယ်လုပ်ခဲ့တဲ့နေရာပဲ။ အခုသိပ်အလုပ်မဖြစ်တော့ဘူး‌လေ။ ဟိုအရင်တစ်ပတ်ကသွားခဲ့တဲ့ ဘာဟင်ရွာဆိုရင် မီးသွေးဖုတ်ပြီးအသက်မွေးနေရတာ။ ဆရာတို့က ဒေသခံတွေကို မီးသွေးမဖုတ်နဲ့သွားပြောရင် အဲဒီမှာသူတို့နဲ့ရန်သူစ,ဖြစ်ပြီ။ အလုပ်အကိုင်အတည်တကျသာရှိရင် သူတို့ဘယ်ဖုတ်ချင်မလဲ။ အဲ့တော့ မီးသွေးဖုတ်တာထက်ကောင်းတဲ့ အလုပ်အကိုင်တစ်ခုကို ဖန်တီးပေးနိုင်ဖို့ပဲလိုတယ်။ ကော့ရဲကြီးရွာလို ကန်းဇော်တောရှိတဲ့ဒေသလိုမျိုးဆိုရင် ဒေသအတွက်အတော်လေး အထောက်အကူဖြစ်တယ်လေ။ ဒါ့ကြောင့် Livelihood ဖွံ့ဖြိုးရေးလုပ်တဲ့အဖွဲ့တွေနဲ့ ဟန်ချက်ညီညီလုပ်ဆောင်ဖို့လိုတယ်။ ဒါတွေကိုမသိဘဲနဲ့ ထောက်ပံ့ရေးပစ္စည်းတွေကို ကြော့ကြော့လေးသွားဝေလိုက်မယ်ဆိုရင် လိုချင်တဲ့ရွာသားတွေက ပျော်ပျော်ပါးပါးယူလိုက်ကြမှာပဲ။ ဘာမှထိရောက်မှာလည်းမဟုတ်ဘူး”
ကန်းဇော်ပင်(Madhuca longifolia)ကို Mahua၊ Honey tree (သို့) Butter nut tree အဖြစ် လူသိများသည်။ ‘ခရေ’မျိုးရင်း (Sapotaceae family)နှင့်တူပြီး နီပေါ၊ အိန္ဒိယနှင့် သီရိလင်္ကာ စသည့်နိုင်ငံများတွင်လည်း ပေါက်ရောက်သော Deciduous tree အမျိုးအစားဖြစ်သည်(Yadav et al., 2012)။ Review article တစ်စောင်တွင်ကား ကန်းဇော်ပင်ကို Evergreen tree ဟု ရေးသားထားသည်(Khare et al., 2018)။ Wood density 0.740 gcm-3 ရှိပြီး ပိတောက် (0.750 gcm-3) နှင့် ပျဉ်းကတိုး (0.810 gcm-3) နီးနီး အသားမာသည် (Simpson, 1996)။ ကန်းဇော်သစ်ကို အိမ်ထောင်ပရိဘောဂများလုပ်ရာတွင် သုံးနိုင်သည်။ ကန်းဇော်ရွက်ကို နှင်းခူနာ၊ အရေပြားရောဂါ၊ အပြင်ဒဏ်ရာ၊ အရိုးအက်ခြင်းနှင့် ခေါင်းကိုက်ခြင်း စသည့်ဝေဒနာများကုသရာတွင် အသုံးပြုနိုင်သည်(Khare et al., 2018)။ ကန်းဇော်ဆီကိုကား ဝမ်းတွင်းကလီစာရောဂါများ၊ ခန္ဓာကိုယ်ပြင်ပအနာများ၊ နောက်ဆုံး တစ်ကိုယ်လုံးတွင်ဖြစ်သော (၉၆)ပါးရောဂါဝေဒနာများအတွက်ကုထုံး (Universal panacea)များတွင် အသုံးတည့်ကြောင်းညွှန်းထားသည်(Yadav et al., 2012)။
ကန်းဇော်တောများသည် မြန်မာပြည်တောင်ပိုင်း၊ တနင်္သာရီတိုင်းဒေသတွင်သာ ရှင်သန်ပေါက်ရောက်ကြသည်။ ကမ်းရိုးတန်းဒေသခံများအတွက် ပုံမှန်ဝင်ငွေအနည်းငယ်ကို ဖန်တီးပေးနိုင်သော ငွေအရင်းအမြစ်လည်းဖြစ်သည်။ ဒီ‌ရေတောစိုက်ခင်းများ ရေရှည်တည်တံ့အောင်ထိန်းရာတွင် ဒေသတစ်ခု၏ အဓိကစီးပွားရေးအပြင် အခြားဝင်ငွေဝင်လမ်းများကိုလည်း ဂရုပြုရမည်။ အဘယ်ကြောင့်ဆိုသော် ဒေသခံစားဝတ်နေရေး အခြေခိုင်မှသာ ကျွန်ုပ်တို့ဒီရေတောစိုက်ခင်းများမှ ထင်းခုတ်၊ မီးသွေးဖုတ်ပြီး ဝမ်းစာရှာခြင်းကို အနည်းငယ်လျှော့ချနိုင်မည်ဖြစ်သည်။ ထို့ကြောင့် ကော့ရဲကြီးကျွန်းပေါ်ရှိ ကန်းဇော်တောများကို ဥပဒေနှင့်အညီ စနစ်တကျထိန်းပေးပြီး ဒေသခံအကျိုးစီးပွားဖြစ်ထွန်းစေခြင်းအားဖြင့် ထိုဒေသတစ်ဝိုက် ဒီရေတောများအပေါ် အမှီအခိုလျော့စေပြီး ထိန်းသိမ်းရာလည်းရောက်ပေတော့သတည်း။

References
Khare, P., Kishore, K., Sharma, D.K., 2018. Medicinal uses, Phytochemistry and Pharmacological profile of Madhuca longifolia. Asian J. Pharm. Pharmacol. 4, 570–581.
Simpson, W.T., 1996. Method to estimate dry-kiln schedules and species grouping. Trop. Temp. hardwoods. USDA, FPL-RP.
Yadav, P., Singh, D., Mallik, A., Nayak, S., 2012. Madhuca longifolia (Sapotaceae), a review of its traditional uses, phytochemistry and pharmacology. Int. J. Biomed. Res. 3, 291–305.