ဒီရေတောထိန်းသိမ်းရေး ဟု ဆိုရာတွင်

ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

ချက်ချက်တောက်ပူနေသော နေရောင်အောက်တွင် ကျွန်ုပ်တို့ (WIF – Worldview International Foundation) ပဲ့ထောင်ကလေးသည် မှိုင်းပျပျလှမ်းမြင်နေရသည့် ရွာကလေးတစ်ရွာဆီသို့ ဦးတည်ခုတ်မောင်းနေ၏။ ဒီရေအတက်တွင် တောင်လေကလေးက ကျီစယ်နေသောကြောင့် ပင်လယ်ရေပြင်သည် လှိုင်းအနည်းငယ်ထလျက်ရှိ၏။

ကမ်းရိုးတန်းတစ်လျှောက်ရှိ သမဲ့ကြက်တက် (Avicennia alba Blume) ပင်များလည်း လေတိုက်လိုက်တိုင်း ဖွေးဖွေးလှုပ်နေကြ၏။ ပင်လယ်ပြင်ကြီးမှ ချောင်းကလေးတစ်ခုထဲသို့ချိုးဝင်လိုက်ပြီး ခဏကြာခုတ်မောင်းလိုက်သည့်အခါ မှုန်ဝါးဝါးရွာကလေးမှာ တဖြည်းဖြည်းပီပြင်ထင်ရှားလာလေ၏။ ထိုရွာကလေးကား ဘုတ်ပြင်းမြို့နယ်၊ နို့ငွါးကျေးရွာအုပ်စုတွင်းရှိ ‘ဘာဟင်’ဆိုသည့် ပင်လယ်ကမ်းစပ်ရွာကလေးပင်။ ဘာဟင်ရွာ၏ အပေါ်ပိုင်းတောင်စောင်းများတွင် ဆီအုန်းစိုက်ခင်းများရှိပြီး အောက်ကမ်းခြေပိုင်းတွင်ကား ဒေသအခေါ် ဇရပ်တော (သို့) ပရုံးတော (ဒီရေတော) များရှိ၏။ ရွာကုန်းအမြင့်ပိုင်းတွင် သေသပ်လှပသော မူလတန်းကျောင်းဆောင်နှင့် ဘုန်းကြီးကျောင်းတို့ရှိ၏။

ရွာလယ်ခေါင် ကွင်းပြောင်တလင်းပြင်သည်ကား ကလေးကစားကွင်းဖြစ်ပြီး မလှမ်းမကမ်းတွင် ဆည်းလည်းသံတချွင်ချွင်နှင့် ရွှေပြောင်ပြောင်စေတီတစ်ဆူ တည်နေတော်မူ၏။ ယခုလာရောက်သည့်ခရီးစဉ်တွင် WIF မှာ ဒီရေတော ပညာရှင် ဆရာဦးဝင်းမောင်၊ ဆရာ ဦးအောင်မြင့် (Remote sensing & GIS expert – WIF) နှင့် ကျွန်ုပ်တို့ သစ်တောတက္ကသိုလ်ကျောင်းဆင်း ညီအစ်ကို ၁၇ ဦးတို့အပြင် ဆရာဦးဝင်းစိန်နိုင် (Fishery expert – MSN)လည်းပါ၏။ WIF (Worldview International Foundation) နှင့် MSN (Mangrove Service Network) တို့သည် မြန်မာပြည်ဒီရေတော ထိန်းသိမ်းရေးနှင့် ပြန်လည်စိုက်ပျိုးရေးတို့တွင် တက်တက်ကြွကြွနှင့် ဆောင်ရွက်နေသော Non-Government Organizations (NGOs)အဖွဲ့အစည်းများဖြစ်ကြ၏။ ဘာဟင်ရွာသို့ ကျွန်ုပ်တို့အဖွဲ့ရောက်ရှိချိန်တွင် မူလတန်းကျောင်းအုပ်နှင့်ရပ်မိရပ်ဖများသည် နွေးထွေးစွာကြိုဆိုလျက် –

မူအုပ် – “ဆရာတို့ အလည်လာကြတာပေါ့ … ။ လာ … သွားကြစို့ ကျောင်းဆောင်ထဲကို … ”

ဆရာဦးဝင်းမောင် – “ဟုတ်ကဲ့ … ။ ဟိုးအရင်တစ်ပတ်က ပြောထားတဲ့လက်စနဲ့၊ အခု ဆရာတို့ကျောင်းကို ကျွန်တော်တို့အဖွဲ့သားတွေ ဒီဇယ်မီးစက်လေး လာလှူကြတာ”

မူအုပ် – (အပြုံးများဝေလျက်) “ဟုတ်ကဲ့ … လာလှူပေးတာ ကျေးဇူးတင်ပါတယ် ဆရာ။ ကွန်ပြူတာက ရှိတယ်။ လျှပ်စစ်မီးမရှိတာနဲ့ပဲ မသုံးရတာကြာပြီ”

မီးစက်ပေးလှူကာ စုပေါင်းအမှတ်တရ ဓာတ်ပုံများရိုက်ကြပြီးနောက် ဆရာတို့ပြောစကားများသည် ရွာ၏အသက်မွေးမှုများဆီသို့ လမ်းကြောင်းပြောင်းသွား၏။

ဆရာဦးဝင်းမောင် – “ဒီရွာမှာ အလုပ်သမားခ တစ်နေ့ဘယ်လောက်ရှိလဲဆရာ”

မူအုပ် – “ယောကျ်ားလေးဆို တစ်ရက်ကို တစ်သောင်း။ မိန်းကလေးဆိုရင်တော့ ရှစ်ထောင်ပါ ဆရာ။ ဒီရွာမှာ ပုံမှန်အလုပ်မရှိကြဘူး၊ ကျပန်းတွေများတယ်။ ဒီကာလ ပိုဆိုးတာပေါ့။ တစ်နိုင်တစ်ပိုင် မီးသွေးလေးဖုတ်ရောင်းလိုက်၊ ဂဏန်းထောင်လိုက်၊ ကနုကမာလေးရှာလိုက်နဲ့ပဲ အသက်မွေးနေကြရတယ် ဆရာ”

ဆရာဦးဝင်းမောင် – (ကျွန်ုပ်တို့ဘက်သို့လှည့်၍) “ဗြူးခြေထောက်ပင်တွေမှာကပ်တဲ့ ကနုကမာနဲ့ ပင်လယ်ကျောက်ဆောင်တွေမှာကပ်တဲ့ ကနုကမာဆိုပြီး နှစ်မျိုးရှိတယ်။ ဒီဒေသအခေါ် ပရုံးပင်တွေမှာကပ်တဲ့ ကနုကမာက သေးတယ်။ ကျောက်ဆောင်မှာကပ်တာတွေကမှ ပိုကြီးတာ။ မတ်၊ ဧပြီ၊ မေလတွေဆိုရင် ကနုကမာအဖိုကထုတ်တဲ့ Sperm နဲ့ အမကထုတ်တဲ့ မျိုးဥ(Egg)တို့ အပြင်မှာပေါင်းဆုံပြီး သားပေါက်ကြပြီ။ သားပေါက်ပြီးတာနဲ့ ဗြူးပင်တွေနဲ့ကျောက်ဆောင်တွေမှာ သွားကပ်နေကြတာ။ တစ်နှစ်သားလောက်ဆို သေး,သေးတယ်။ ၂ နှစ်သားလောက်ဆိုရင် လက်ဖက်ရည်သောက်ပန်းကန် (သို့) ဒိုးကြီးစေ့လောက်ရှိနေပြီ။ အဲဒီမှာ စားလို့လည်း အဆင်ပြေပြီ။ သေးတဲ့ကနုကမာကို အိမ်မှာပလတ်စတစ်ခြင်းနဲ့ ပြန်မွေးထားလို့ရတယ်။ကြီးမှပြန်ရောင်းတာ။

အကယ်၍ ဆရာတို့က ဗြူးခြေထောက်ပင်တွေကြား ကနုကမာမွေးနည်းကို စနစ်တကျသင်တန်းပေးမယ်၊ ဈေးကွက်လည်းရှိလာမယ်ဆိုရင် ဒေသခံတွေအတွက် ဝင်ငွေလည်းဖြစ်စေသလို တောကိုလည်းထိန်းပြီးသားဖြစ်စေတာပေါ့။ အဓိကက ဆရာတို့ စိုက်တဲ့ဒီရေတောတွေကို သူတို့ရဲ့အမှီအခိုလျော့စေချင်တာ။

ကြိုးဝိုင်း/ကြိုးပြင်ပတ်ပတ်လည်ကရွာတွေ၊ တောကိုအဓိကမှီခိုသူတွေရဲ့ စားဝတ်နေရေးအဆင်ပြေဖို့ဟာ သိပ်အရေးကြီးတယ်။ ဒါ့ကြောင့် Awareness trainings တွေ၊ အသက်မွေးမှုသင်တန်းတွေ၊ အထောက်အပံ့တွေ ပေးမှဖြစ်မယ်။ အခုဘာဟင်ရွာဆိုရင် လူနေမှုအဆင့်အတန်းမြှင့်တင်ဖို့၊ ဘာလိုအပ်ချက်တွေရှိလဲသိရဖို့ Social survey လာသင့်တယ်။ ဒါမှ Livelihood အဖွဲ့အစည်းအတွက် လိုအပ်တာလေးတွေ သိရမှာ။ ဒါပေမဲ့ ဆရာတို့ မထောက်ပံ့ပေးနိုင်တဲ့၊ ဒီရေတောနဲ့အလှမ်းဝေးနေတဲ့ ရွာတွေကိုတော့ သွားမမေးတာအကောင်းဆုံးပဲ။ မျှော်လင့်ချက်ပေးသလို ဖြစ်နေမှာစိုးလို့”

(၁) ပင်လယ်ကျောက်ဆောင်များတွင်ကပ်သော ကနုကမာကြီး၊ဓါတ်ပုံ – ဆရာဦးဝင်းမောင်
(၂) ဗြူးခြေထောက်ဖို/မ အမြစ်များတွင်ကပ်သော ကနုကမာသေး

ဆရာဦးဝင်းစိန်နိုင် – “ဒေသခံစားဝတ်နေရေးအဆင်ပြေဖို့ ရခိုင်၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွေမှာဆိုရင် ဆရာကိုယ်တိုင် ငါး/ပုစွန်ကန်တွေလုပ်ပေးဖူးတယ်။ ပုစွန်ကန်ထဲမှာ အသားစား,ကကတစ်ငါးတွေ အတော်ပေါတာ။ မလိုချင်တဲ့အသားစားငါးတွေကို ဒီရေတောထဲကရတဲ့ ကဗြုတ်နွယ်၊ မိချောင်းနွယ်တို့နဲ့ ရှင်းလို့ရတယ်။ အဲ့နွယ်တွေက ဟုန်းမျိုးနွယ်ထဲပါတာ။ ဟုန်းမျိုးက ၃၀ ကျော်လောက်ရှိတယ်။ အရင်ဆုံး ကဗြုတ်နွယ်၊ မိကျောင်းနွယ်တို့ရဲ့ အရွက်၊ နွယ်၊ အမြစ်တွေအားလုံးကို ထုထောင်းပြီး အရည်ညှစ်ထား။ နောက်တစ်နေ့ အပူချိန်မြင့်နေတဲ့အချိန်မှာ ကန်ကိုရေအရင်လျှော့။ ပြီးမှခတ်။ ထည့်ပြီးတာနဲ့ တစ်ကန်လုံး ဖွေးသွားမှာပဲ။ အဲဒီမှာ ကကတစ်ငါးနဲ့ တခြားအသားစားငါးတွေ ပက်လက်လှန်ကုန်တာ။ ပေါ်လာပြီဆိုတာနဲ့ ကောက်ဆယ်လိုက်ရုံပဲ။ ပုစွန်ကဒီဒဏ်ကို ခံနိုင်ရည်ရှိတယ်။ အဲဒီနည်းနဲ့ မလိုတဲ့ငါးမျိုးကိုရှင်းတာ။ ဒါက ဒီရေတောမျိုးစိတ်တွေကို အသက်မွေးမှုအတွက် တိုက်ရိုက်အသုံးချတာ။

နောက်တစ်ခုက လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကဖြစ်မယ်ထင်တယ်။ ဆရာ အင်ဒိုနီးရှားရောက်တုန်း ဘာနဲ့ဓါတ်မတည့်လို့လဲမသိဘူး၊ Allergy တွေ တစ်ကိုယ်လုံးထဖြစ်တာ။ အဲဒီကဝန်ထမ်းတွေက ဆရာ့ကို ဘာပေးလဲဆိုရင် ခယာကနေ ဆေးဖော်ထားတာထင်တယ်၊ ဆူးတွေကိုဝိုက်ကိုက်ဖြတ်ပြီး အခြောက်လှမ်းထားတာလေး ချပေးတာ။ အဲ့ဒါလေးကို ရေနွေးနဲ့လက်ဖက်ခြောက်လိုခပ်သောက်လိုက်တာ … မှတ်မှတ်ရရ ချက်ချင်းကို တန်းပျောက်သွားတာပဲ။ ဒီဆေးနည်းလေးတွေကလည်း ဒေသခံတွေအတွက် ဝင်ငွေအခွင့်အလမ်းပဲလေ”

ဆရာဦးဝင်းမောင် – “ခဏက မင်းတို့ဆရာဦးဝင်းစိန်နိုင် ကကတစ်ငါးရှင်းနည်းပြောသွားတဲ့ ကဗြုတ်နွယ်(Derris trifoliata Lour.) ခေါ် ပီပီနွယ်က Acidic ဆန်တဲ့ မြေမျိုးမှာတွေ့ရတယ်။ ၅/၆လပိုင်းလောက်မှာ ဖွေးနေအောင်ပွင့်တာ။ မိချောင်းနွယ် (Derris scandens (Aubl1.) Pittier) ကကျတော့ သဲဆန်ဆန်ကုန်းမြင့်လေးတွေမှာပေါက်တာ။ မိချောင်းနွယ်တွေကို ဆရာတို့ ရွှေသောင်ယံ ပျိုးဥယျာဉ်ဘက် သဲတောစပ်မှာ တွေ့နိုင်တယ်။ နောက် … ဘောင်းကုလား(Suaeda maritima (L.) Dum.)ဆိုတာရှိသေးတယ်။ ငါးတန်တွေ ကြိုက်ကြတယ်။ မိုးရာသီမှာ ဘောင်းကုလားရွက်ကို ငါး၊ ဂဏန်းတို့နဲ့ချက်ရင် စားလို့သိပ်ကောင်းတာ ဟား … ”

(၃) ကဗြုတ်နွယ် (Derris trifoliata Lour.) ခေါ် ပီပီနွယ်/ဓါတ်ပုံ – ဆရာဦးဝင်းမောင်
(၄) မိချောင်းနွယ် (Derris scandens (Aubl1.) Pittier)/ဓါတ်ပုံ – ဆရာဦးဝင်းမောင်

ဆရာဦးဝင်းစိန်နိုင် – “ငါးအမျိုးအစားက အသားစား (Carnivore)၊ အရွက်စား (Herbivore)၊ အစုံစား (Omnivore)ဆိုပြီး သုံးမျိုးရှိတယ်။ ငါးရွေးက အသားစားသီးသန့်။ ငါးတန်ကျတော့ အစုံစားထဲပါသွားပြီ။ ဆရာတို့က ငါးသားဖောက်တဲ့ အခါကျရင် ငါးဥတွေကိုအရင်ညှစ်ထုတ်၊ ပြီးမှအဖိုငါးသုတ်ရည်ကိုဖြန်းပြီး ရောနှယ်လိုက်ရင် အကုန်သားပေါက်တယ်။ သူ့သဘာဝအတိုင်းက သိပ်မများလှဘူး။ ဒါပေမဲ့ ဂဏန်းအမတစ်ကောင်ကတော့ ဥ,ခြောက်သိန်းကနေ တစ်သန်းအထိပါတယ်။ ကမ္ဘာပေါ်မှာ မိတ်လိုက်တာအကြာဆုံးသတ္တဝါကလည်း ဂဏန်းပဲ။ တစ်ကောင်ပေါ်တစ်ကောင်ထပ်ပြီး မိတ်တစ်ခါလိုက်ရင် ၁၈ – ၂၄ နာရီကြာတယ်။ ဆရာ့ကိုကွာ နိုင်ငံခြားသားတစ်ယောက်က ဂဏန်းမိတ်လိုက်တာကို သုတေသနလုပ်ဖို့ပြောတာကွ သိလား။ နာမည်ကြီးမှာတဲ့ ဟဲဟဲ … ”

မူအုပ် – “ဒီရွာမှာက ငါး၊ ဂဏန်း၊ ပုစွန်တွေ မမွေးကြဘူးဆရာ။ ဇရပ်တောထဲသွားပြီး ဂဏန်းထောင်တာတို့လောက်ပဲရှိတယ်။ အရင်တုန်းကဆိုရင် ဒီဒေသတွေက အဓိကမီးသွေးပဲဖုတ်စားကြတာ။ မီးသွေးဖုတ်တော့မယ်ဆိုရင် အရင်ဆုံး ထင်းတွေကို အလယ်ဗဟိုကနေ အချင်းဝက် ၁၅ တောင် စီလိုက်တာ။ အလျားလိုက်ဆိုရင် အတောင် ၃၀ ရှိတဲ့ မီးသွေးဖိုကြီးပေါ့။ ထင်းဖိုအမြင့်က ပေ ၂၀ လောက်ရှိတယ်။ အားလုံးပြီးမှ အပြင်ကနေ အုတ်စီရွှံ့အုံပြီး စ,ဖုတ်တာ။ တစ်နှစ်လုံးမှ ၃ ဖိုလောက်ပဲပြီးတယ်။ အခုတော့ ဒီရေတောတွေလည်းကုန်ပြီ။ အိမ်သုံးလောက်ပဲ ဖုတ်ကြတော့တယ်”

(၅) စီးပွားဖြစ် မီးသွေးဖိုကြီး/ဓါတ်ပုံ – ဆရာဦးဝင်းမောင်

ဆရာဦးဝင်းမောင် – (ကျွန်ုပ်တို့ကိုရည်ညွှန်းလျက်) “ပေ ၂၀ မီးသွေးဖိုအမြင့်ဆိုတာ နည်းတဲ့ပမာဏမဟုတ်ဘူး။ ဒီမီးသွေးမှမဖုတ်ရင် သူတို့လည်း စားစရာမှမရှိကြတာ။ အကယ်၍ အဖွဲ့အစည်းအတွက် Donors တွေမရှိတော့လို့ ဒီစီမံကိန်းရပ်သွားတာနဲ့ ဆရာတို့က ဒီဒေသမှာမရှိတော့ဘူးလေ။ အဲဒီတော့ Project ကာလအတွင်း ဆရာတို့တစ်တွေစိုက်ခဲ့တဲ့ စိုက်ခင်းတွေကို ဒေသခံတွေအတွက် ရေရှည်ထိန်းသိမ်းနိုင်ဖို့လိုတယ်။ ဆရာတို့မရှိတော့တာနဲ့ Backhoe နှစ်စီးလောက်နဲ့တင် ဧက ၈၀ လောက်ကို နှစ်ရက်၊ ၃ ရက်နဲ့ ကျူးပီးသားပဲ။

အပင်တွေကို ခုတ်မှာတော့မဟုတ်ဘူး။ ငယ်သေးတာကိုး။ ဒီဒေသရဲ့ အဓိကဒီရေတောပြုန်းတာက မီးသွေးအလွန်အကျွံဖုတ်လို့ပဲ။ အခုဘာဟင်မှာ မီးသွေးဖုတ်ရောင်းစားဖို့မပြောနဲ့ အိမ်သုံးဖို့တောင် အနိုင်နိုင်ဖြစ်နေပြီ။ သူတို့ဝင်ငွေကလည်း တစ်ရက်မှ (ကျပ်) ၅,၀၀၀ လောက်ရကြတာ။ ဒါတောင်ပုံမှန်မရှိဘူး။ ပိုတဲ့ရက် ပိုမယ်။ မရတဲ့ရက်လည်း ရှိကောင်းရှိမယ်။ ဆရာတို့က စိုက်ခင်းထဲမှာ ပင်ချန်ပေါင်းရှင်းခုတ်လှဲခြင်း (RIF – Regeneration Improvement Felling)လုပ်ငန်းတွေဆောင်ရွက်တာတို့၊ အပင်စိုက်တာတို့အတွက် အလုပ်သမားခ တစ်ရက် (၁၀,၀၀၀)လောက်ပေးငှားမယ်ဆိုရင် သူတို့မီးသွေး ဘယ်ဖုတ်တော့မလဲ။ ဒါကမှ သူတို့အတွက် ပုံမှန်ဝင်ငွေလည်းဖြစ်သေးတယ်”

ကိုဇင်ကို – “ကျွန်တော်တို့ Social survey interview ဝင်ခဲ့တဲ့ ရွာတော်တော်များများဆိုရင် မီးသွေးအသုံးများတာတွေ့ရတယ်ဆရာ။ အများစုက ဝယ်သုံးကြတာ”

ဆရာဦးဝင်းမောင် – “အဲ့တာဆို ဒီဒေသတစ်ဝိုက်မှာ ဆက်ဖုတ်နေသေးလို့ပေါ့။ မီးသွေးက ထင်းထက်ပိုလွယ်တယ်လေ။ မီးသွေးထက် လျှပ်စစ်မီးက ပိုလွယ်တာပေါ့။ ဘယ်အိမ်ရှင်မ,မဆို ခလုတ်ကလေးတစ်ချက်နှိပ်ရုံနဲ့ ချက်ချင်တာပေါ့။ ဆရာတို့လို ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာက အဲဒီလိုအခြေအနေမပေးဘူးလေ။ ရွာတွေမှာ ရွာသားတွေကိုသွားပြော … ‘Efficient stove ဆိုတာက ဘယ်လိုမျိုး၊ ဘယ်လိုကောင်းပါတယ်/ထိရောက်ပါတယ် … ’ စသဖြင့်။ ဟိုက ကိုယ့်ကိုတောင် ပြန်သင်ပေးလိုက်ဦးမယ်။ သူတို့က သင်တန်းအမျိုးမျိုးတက်ထားတာလေ”

ဆရာဦးဝင်းစိန်နိုင် – “အဲဒါကတော့ဟုတ်တယ်ကွ … ဟဲဟဲ … ။ အချို့ဒေသခံတွေက မီးဖိုတောင် လုပ်ရောင်းနေတာတွေရှိတယ်”

ဆရာဦးဝင်းမောင် – “ဟိုတုန်းက ဆရာဌာနကအငြိမ်းစားယူပြီး NGO တစ်ခုမှာ စလုပ်တုန်းက အကိုဝင်းစိန်နိုင်တို့နဲ့။ ကိုယ်ကလည်း လုပ်စဆိုတော့ … ‘အိုဇုန်းလွှာကြီးကတော့ ပေါက်နေပြီ။ ဘယ်လိုဖာရမယ်။ ဘာတွေကို လျှော့သုံးရမယ်။ ဘာညာနဲ့ အားကြိုးမာန်တက်ပြောနေတာ … ’ အဲ့အချိန်မှာ ရွာသားတစ်ယောက်က ဘာထပြောလဲဆိုရင် … ‘အဲဒီပေါက်နေတဲ့ အိုဇုန်းလွှာကြီးကို ဆရာတို့ပဲဖာလိုက်ကြပါ။ ကျွန်တော်တော့ စားဖို့ဂဏန်းသွားထောင်လိုက်အုံးမယ်” တဲ့။ သူတို့မှာက လက်ရှိစားစရာကို အခက်အခဲဖြစ်နေကြတာလေ။ အဲဒါကို သူတို့နဲ့အလှမ်းဝေးနေတာကြီးတွေသွားပြောတော့ ဘယ်မှာထိရောက်တော့မလဲ။ ဆရာရှမ်းပြည်မှာ ညွှန်မှူးအဖြစ်နဲ့တာဝန်ကျတုန်းကလည်း ရှမ်းပြည်တစ်နယ်လုံး အုပ်ချုပ်နေတာ အဲဒီဒေသအခြေအနေတွေ အကုန်သိတာပေါ့။ ဈေးထဲမှာဆိုရင် မီးသွေး၊ ထင်းရှူးဆီ၊ ထင်းရှူးသားမွှေးစာကို ပေါ်တင်ပဲရောင်းနေတာ။ အဲဒီလိုရောင်းနေတာကို Foreigner တစ်ယောက်က – ‘သစ်တောက ဘာလို့မဖမ်းကြတာလဲ’ လို့ ဆရာ့ကို တစ်ခါမေးဖူးတယ်။ အဲ့တာနဲ့ဆရာက – ‘ငါတို့မိန်းမတွေလည်း မင်းတို့အနောက်နိုင်ငံတွေမှာလို ‘ဒေါက်’ဆိုခလုတ်ကလေးတစ်ချက်နှိပ်ရုံနဲ့ ချက်ချင်တာပေါ့။ ဒီမှာက အဲ့အခြေအနေမဟုတ်ဘူးလေ။ မီးသွေးနဲ့ ထင်းရှူးဆီမရှိရင် ငါ့မိန်းမမှာ ထမင်းချက်စရာမရှိဘူး … ’ အဲဒီလိုလည်းဖြေလိုက်ရော့ သူလည်း ဆက်မမေးလာတော့ဘူး။ ရွာသားတွေက ဝမ်းစာမရှိလို့ဒီလိုအလုပ်မျိုးကို လုပ်နေရတာလေ။ သူတို့သာ မီးသွေးဆက်မဖုတ်တော့ရင် အိမ်ရှင်မတွေက မီးသွေးအစားဘာကိုသုံးမလဲ တစ်ခုခုစဉ်းစားရတော့မှာ။ ထင်းပဲပြန်သုံးမလား၊ ဂက်စ်လား၊ လျှပ်စစ်လား။ တစ်ခုခုပေါ့။ သေချာတာကတော့ ထင်းက မီးခိုးတယ်။ ပေတယ်။ ဘယ်အိမ်ရှင်မ သုံးချင်မလဲ”

မူအုပ် – “ဟုတ်တယ် ဆရာ။ ဒီဒေသက မြို့နဲ့အလှမ်းဝေးပြီး လျှပ်စစ်မီးမရတော့ပိုဆိုးတယ်။ ထမင်း၊ ဟင်းချက်ဖို့ ဂက်စ်ဆိုတာကလည်း တစ်ရက်လုပ်မှတစ်ရက်စားသမားတွေဆိုတော့ ဝေလာဝေးပေါ့။ ဒီလိုနဲ့ပဲ ဒီရေတောထဲဝင်ခုတ်၊ ဂဏန်းထောင်၊ ငါးဖမ်းရင်းနဲ့ပဲ စားဝတ်နေရေးကို ဖြေရှင်းနေကြရတယ်။ အခုဆိုရင် ပရုံးတောတွေပြုန်းသွားတာနဲ့အတူ ငါး၊ ပုစွန်လည်း သိသိသာသာရှားလာပြီ ဆရာ”

ဆရာဦးဝင်းစိန်နိုင် – “ဒီရေတောနဲ့ ငါး၊ ပုစွန်တို့ ဘယ်လိုဆက်စပ်မှုရှိတယ်ဆိုတာလေးကို ရှင်းပြရရင် … ဒီရေတောအရွက်တွေမှာက နိုက်ထရိတ်(Nitrate)တွေပါတယ်။ ကြွေကျလာတဲ့အရွက်ဆီက နိုက်ထရိတ်တွေဟာ Bacteria၊ Algae နဲ့ Fungi တွေအတွက် အဟာရဖြစ်စေတာ။ အဲဒီ Bacteria၊ Algae နဲ့ Fungi တွေကို ပင်လယ်ထဲကနေ ဒီရေနဲ့အတူတက်လာတဲ့ ငါး၊ ပုစွန်၊ ဂဏန်းလေးတွေကပြန်စားပြီး ရှင်သန်ကြရတာ။ ဒီရေတောပြုန်းပြီဆိုတာနဲ့ ငါး၊ ပုစွန်၊ ဂဏန်းတွေဟာလည်း ချက်ချင်းနည်းသွားတော့တာပဲ။ ဒါကြောင့် ဒီရေတောကောင်း/မကောင်းဟာ ငါး၊ ပုစွန်ပေါခြင်း၊ ရှားခြင်းနဲ့ တိုက်ရိုက်အချိုးကျတယ်”

ဆရာဦးဝင်းမောင် – “နောက်ပြီးတော့ ပင်လယ်ပြင်မှာရှိနေတဲ့ ရေသတ္တဝါ ၇၀ ရာခိုင်နှုန်းရဲ့ ဘဝစက်ဝိုင်း(Life cycle) တစ်ဝက်ဟာ ဒီရေတောတွေထဲမှာရှိတယ်။ သူတို့တွေရဲ့ ငယ်စဉ်ဘဝဟာ ဒီရေတောတွေထဲမှာပဲ ကြီးပြင်းရတာ။ ဥပမာပြောရမယ်ဆိုရင် Tiger prawn လို့ခေါ်တဲ့ ကျားပုစွန်ဟာ သက်ကြီးကောင်ဘဝမှာ အလင်းရောင်နည်းတဲ့ ပင်လယ်ပြင်အနက်ထဲမှာ သားပေါက်ရတယ်။ သားပေါက်ပြီး နာရီပိုင်းအတွင်းမှာ သားလောင်းလေးတွေဖြစ်လာပြီ။ ဒီသားလောင်းတွေဟာ ကုန်းတွင်းပိုင်းကို ပင်လယ်ဒီရေနှင့်အတူ ဝင်လာကြရတယ်။ သူတို့လေးတွေဟာ ရေဖိအားကြောင့် ရေအနက် ရှစ်လက်မအောက်ကိုမနေနိုင်ဘူး၊ သေတယ်လို့ ဒီလိုမျိုး ပညာရှင်တွေက ပြောကြတယ်။ ဒီလိုနဲ့ပဲ ဒီရေတောအမြစ်တွေကြား ရေပါးပါး၊ ရေကျန်ကျန်တွေမှာ ခိုကပ်ပြီး ငယ်စဉ်ဘဝကိုဖြတ်သန်းကြရတယ်။ အမြစ်တွေကြားထဲနေခြင်းအားဖြင့် အသားစားရေသတ္တဝါတွေရဲ့ အန္တရာယ်ကိုလည်း ကာကွယ်ပြီးသားဖြစ်စေတယ်။ ဖေဖော်ဝါရီ၊ မတ်၊ ဧပြီလတွေဆိုရင် သားလောင်းတွေ ကုန်းတွင်းပိုင်းကို စဝင်ပြီ။ အဲ့အချိန်ကစပြီး ကုန်းတွင်းပိုင်းနေလိုက်တာ ဘယ်အချိန်မှ ပြန်ဆင်းသွားကြလဲဆိုရင် ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာတွေမှာ အရွယ်ရောက်လာကြပြီး ပင်လယ်ပြင်ကို ပြန်ဆင်းသွားကြတာ။ ပြန်ဆင်းသွားတဲ့ အကောင်ကြီးတွေဟာ ကုန်းတွင်းပိုင်းကို ပြန်မလာတော့ဘူး။ ပင်လယ်ပြင်မှာ ဆက်ကြီးထွားပြီးတော့ သားပေါက်တဲ့လုပ်ငန်းကို ဆောင်ရွက်ကြတာ။ ကျားပုစွန်တင်ပဲလားဆိုတော့ မဟုတ်ဘူး။ ငါးသလောက်၊ ကကတစ်နဲ့ တစ်ခြားငါးတွေအပြင်၊ ဂဏန်းတို့ရဲ့ ဘဝစက်ဝိုင်းတစ်ဝက်ဟာလည်း ဒီရေတောထဲမှာပဲ။ ဒါကြောင့် ရှေးဆရာကြီးတွေက ပြောခဲ့ကြတာ … ‘No mangrove; no fish!’ ဒီရေတောတွေမရှိရင် ငါး၊ ပုစွန်တွေလည်းမရှိနိုင်ဘူး … လို့”

(၆) Mangrove food chain and habitat/Source – http://www.mesa.edu.au/cams/ohts/oht_27.htm

မူအုပ် – “ဆရာတို့ရှင်းပြသွားတာတွေက သိပ်ကောင်းတာပဲ။ ဒေသခံတွေမှာ ဒီအသိတွေလိုနေတာဆရာ”

ဆရာဦးဝင်းမောင် – “ကျွန်တော်တို့လည်း ရွာတွေရောက်လို့ ခုလိုရပ်မိရပ်ဖတွေဆုံတဲ့အခါ အမြဲရှင်းပြလေ့ရှိပါတယ်။ စီမံကိန်းအကောင်အထည်ဖော်တဲ့အခါ ဒေသခံတွေအနေနဲ့ အားတက်သရောပူပေါင်းပါဝင်ပြီး ဒီရေတောစိုက်ခင်းတွေကိုလည်း ဝိုင်းထိန်းပေးကြပါဦး။ ကဲ … ကျွန်တော်တို့အဖွဲ့တွေ တောထဲသွားကြည့်စရာလေးရှိသေးလို့ ခွင့်ပြုပါဦး။ နောက်မှအေးဆေးတွေ့ကြသေးတာပေါ့ … ”

ဒီရေတောများရေရှည်တည်တံ့အောင်ထိန်းသိမ်းဖို့သည် ဒီရေတောစိုက်ခင်းထူထောင်တာထက် ပိုခက်သည်။ ဒေသခံများအပေါ် များစွာမူတည်သည်။ ဒေသခံများအတွက် အထောက်အကူမဖြစ်သော Mangrove management plan သည်လည်း အသက်ဝင်မည်မဟုတ်ပေ။ သူတို့စားဝတ်နေရေးကို ထင်းခုတ်၊ မီးသွေးဖုတ်ပြီး မဖြေရှင်းနေရဖို့ အလွန်အရေးကြီးသည်။ သို့မဟုတ်လျှင် ဒီရေတောဘက်ပဲ ပြန်ဦးလှည့်လာလိမ့်မည်။ အူမတောင့်မှ သီလစောင့်ကြမည်ဖြစ်သည်။ ဗြူးနှင့်မဒမအခေါက်များမှရသည့် ဆိုးဆေးအသုံးပြုပြီး သဘာဝချည်ထည်များချုပ်လုပ်ရောင်းချခြင်း၊ ခုံးများစနစ်တကျမွေးမြူစေခြင်း၊ ပင်လယ်ရေမှော်လုပ်ငန်း(Seaweed farming)များမှ ဝင်ငွေရစေခြင်း၊ စွမ်းအင်ချွေတာမီးဖိုပြုလုပ်နည်း၊ ထင်းအစားထိုးလောင်စာတောင့်ပြုလုပ်နည်း၊ ဂဏန်းသားဖောက်နည်း၊ ငါး/ပုစွန်မွေးနည်းစသည့် သင်တန်းပေးခြင်းများအပြင် အခြား Alternative income sources များကိုလည်း ပံ့ပိုးပေးနိုင်ဖို့လိုသည်။

အသက်မွေးမှုသင်တန်းများသည် ဒေသခံများအတွက် တစ်နိုင်တစ်ပိုင်လုပ်ဆောင်နိုင်ပြီး လုံလောက်သောဝင်ငွေကို ဖန်တီးပေးနိုင်ရမည်။ ထို့အပြင် ဒီရေတောများသည် ငါး၊ ဂဏန်း၊ ပုစွန်၊ ခုံးခရုတို့ အဓိကပေါက်ဖွားရာ/ငယ်စဉ်ဘဝရှင်သန်ကြီးပြင်းရာအဓိကနေရာ (Breeding grounds) ဖြစ်ကြောင်း၊ လှိုင်းနှင့်မုန်တိုင်းဒဏ်ကိုကာကွယ်ပေးနိုင်ကြောင်း၊ ထင်း၊ တိုင်၊ မျောနှင့် ဓနိအမိုးအကာများ ထောက်ပံ့ပေးကြောင်း သူတို့တွေရဲ့ အသိစိတ်ထဲမှာ စွဲသွားဖို့လိုသည်။

တောင်ပေါ်တောတွေထက် ကာဗွန် သုံးဆမှ ငါးဆအထိ စုပ်ယူထားနိုင်သောကြောင့် Carbon bank ကြီးဖြစ်ကြောင်း၊ Climate change mitigation အတွက် မည်မျှအရေးပါကြောင်း စသည်တို့သည် ဒေသခံများအတွက် အလှမ်းဝေးကွာလွန်းသည်။ ထို့ကြောင့် ဒီရေတောထိန်းသိမ်းရေးဟူသည် အပြောလွယ်သလောက် တကယ့်လက်တွေ့မှာအလွန်ခက်ပြီး အသိပညာမျှဝေခြင်းအပြင် ဒေသခံစားဝတ်နေရေးပြေလည်အောင် မဖန်တီးပေးနိုင်သရွေ့ ဒီရေတောကိုပဲပြန်လည်မှီခိုသည့်သံသရာ လည်နေဦးမည်ဖြစ်တော့သတည်း။

ကျော်မျိုးလွင် (ကောလင်း)