လောင်းလုံးတွင် သတ်ဖြတ်မြှုပ်နှံခံထားရသည့် အမျိုးသားသုံးဦး ရုပ်အလောင်းတွေ့

0
287

လောင်းလုံးမြို့နယ် ညင်းမော်ရွာနဲ့ ရင်းဘုတ်ရွာကြား ငါးအိမ်စုနေရာ ဥယျဉ်ခြံအနီး‌တွင် သတ်ဖြတ်မြှုပ်နှံခံထားရသည့် စစ်ပြဲရွာသား အမျိုးသားသုံးဦး၏ ရုပ်အလောင်းကို တွေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါအမျိုးသားသုံးဦးသည် ဖေဖာ်ဝါရီလ ၁ ရက်နေ့ ညနေ့ပိုင်းမှစ၍ ပျောက်ဆုံးနေသဖြင့် ၎င်းတို့ သွား လာလေ့ရှိသည့် နေရာများကို မိသားစုဝင်များက ရွာသားများနှင့်အတူ လိုက်လံရှာဖွေရာ ဖေဖာ်ဝါရီလ ၄ ရက်နေ့ နေ့လယ်ပိုင်းတွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

“စတွေ့တာကတော့ မြေပုံကို တွေ့တာပေါ့နော်။ အဲဒီနေ့မှာ မတူးသေးဘူး။ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ တွေနဲ့ ပရဟိတအသင်းတွေရဲ့ အကူညီယူပြီးမှ ၅ ရက်နေ့ နေ့လယ်ပိုင်းလောက်မှ စတူးကြတာ” ဟု အလောင်းတူးရာတွင် ပါဝင်သော ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ အမျိုးသားသုံးဦးမှာ အသက် ၂၀ ကျော်အရွယ် မောင်သားသားလေး၊ မောင်ကံကောင်း၊ မောင်တီဗီ တို့ဖြစ်ပြီး စစ်ပြဲရွာသားများဖြစ်ကြကြောင်း ဒေသခံများထံမှ သိရသည်။

မောင်တီဗီဆိုသူမှာ လေးသွန်းခံရွာသားတစ်ဦးဖြစ်ပြီး စစ်ပြဲရွာသူနှင့် အိမ်ထောင်ကျကာ စစ်ပြဲရွာတွင် နေထိုင်သူဖြစ်ကာ သမီးတစ်ဦးနှင့် သားတစ်ဦးကျန်ရစ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

သားသားလေးဆိုသူတွင် ညာဖက်ချိုင်းအောက်နဲ့ ရင်ဘတ်တွင် သေနတ်ဒဏ်ရာဟု ယူဆရသည့် ဒဏ်ရာ ငါးချက်၊ မောင်ကံကောင်းနှင့် မောင်တီဗီတို့မှာတွင် ဦးခေါင်းတွင် ရိုက်နှက်ခံထားရသည့် ဒဏ်ရာများ တွေ့ရှိ ကြောင်း အလောင်းတူဖော်ရာတွင် မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။

အဆိုပါဖြစ်ရပ်ကို မည်သည့်ပုဂ္ဂိုလ်၊ အဖွဲ့အစည်းက ကျူးလွန်သည်၊ မည်သည့်အကြောင်းအရင်းကြောင့် သေဆုံးသည်တို့ကိုမူ Dawei Watch အနေဖြင့် စုံစမ်းနေဆဲဖြစ်သည်။

စစ်ပြဲရွာသားတစ်ဦးကမူ အဆိုပါ အမျိုးသားသုံးဦးသည် မူးယစ်ဆေးဝါး သုံးစွဲလေ့ရှိသူများဖြစ်ပြီး ဥယျာဉ်ခြံထွက် သီးနှံများကို ခိုးယူလေ့ရှိသည်ဟု သတင်းကျော်ဇောကြောင်း ပြောဆိုသည်။

သို့သော် အထက်ပါ ပြောဆိုချက်နှင့်ပတ်သက်၍လည်း Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

အဆိုပါ‌အမျိုးသားသုံးဦး၏ ရုပ်အလောင်းများကို ဖေဖော်ဝါရီလ ၅ ရက်နေ့ ညနေပိုင်းတွင် လောင်းလုံး ပြည်သူ့ဆေးရုံမှ စစ်ပြဲရွာသုသာန်သို့ ညင်းမော်ရွာ နာကူအသင်းနှင့် စစ်ပြဲရွာနာကူအသင်းတို့ ပူးပေါင်း၍ ပို့ဆောင် သင်္ဂြိုဟ်ပေးလိုက်ကြောင်း ဒေသခံများထံမှ သိရသည်။