ကော့သောင်းတွင် ရေငန်ပုစွန်မွေးရန် ဒီရေတောလျှောက်ထားမှု ရွာသားများကန့်ကွက်

0
705
ပုံ- စူငယ်ဘာလိုင်းကျေးရွာအုပ်စုတွင် ရေငန်ပုစွန်မွေးမြူရန် ဒီရေတော လျှောက်ထားသည့် တစ်နေရာ/ စူငယ်ဘာလိုင်းဒေသခံ

ကော့သောင်းမြို့နယ် စူငယ်ဘာလိုင်းကျေးရွာအုပ်စုတွင် ရေငန်ပုစွန်မွေးမြူရန် ဒီရေတော လျှောက်ထားမှုကို ရွာသားများက ကန့်ကွက်စာ ပေးပို့လိုက်ကြောင်း ဒေသခံများနှင့် ဦးဆောင်သူများထံမှ သိရသည်။

စူငယ်ဘာလိုင်းကျေးရွာအုပ်စု ဧရိယာအတွင်းရှိ ဒီရေတော ၆၀၆ ဧကအား ရေငန်ပုစွန်မွေးရန် Golden Panda ကုမ္ပဏီက လျှောက်ထားခြင်းကို ရွာသား ၄၂ ဦးက လက်မှတ်ရေးထိုးကာ ကန့်ကွက်ခြင်း ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

ယင်းသို့လျှောက်ထားမှုကို ဒေသခံများက ဇန်နဝါရီလ ၂၁ ရက် နောက်ဆုံးထား၍ ကန့်ကွက်နိုင်သည်ဟု ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ကော့သောင်းခရိုင် လယ်ယာမြေနှင့် စာရင်းအင်းဦးစီးဌာနက နို့တစ်စာ လာရောက်ကပ်ကြောင်း ရွာသားများက ပြောသည်။

ထို့ကြောင့် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ကန့်ကွက်စာပေးပို့ခဲ့ကြောင်း ရွာသားများက ဆိုသည်။

“စာလာကပ်ထားတာ ရက်နီးမှ သိလိုက်ရတော့ ကပျာကယာပဲ သွားကန့်ကွက်လိုက်ရတယ်” ဟု ကန့်ကွက်မှုကို ဦးဆောင်သည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

စူငယ်ဘာလိုင်းကျေးရွာအုပ်စုတွင် စူငယ်ဘာလိုင်း၊ စူငယ်ပါခေါင်း၊ ပလောဘာလိုင်း၊ လိပ်ကျွန်း၊ ဝါးကျွန်း ဆိုသည့် ရွာငါးရွာရှိပြီး ယင်းကျေးရွာနေ ဒေသခံများသည် အဆိုပါဒီရေတောအား အမှီပြုကာ ဝမ်းစာရှာဖွေ လုပ်ကိုင် စားသောက်နေရကြောင်း ရွာသားများက ပြောသည်။

“ဒီရေတောက ရတဲ့ ခရု ကဏန်းတွေ ကောက်ပြီး အသက်မွေးဝမ်းကျောင်း လုပ်နေရတာ။ ဒီရေတောဟာ ဒေသခံတွေရဲ့ အသက်သွေးကြောပဲ” ဟု စူငယ်ဘာလိုင်းရွာနေ အမျိုးသားတစ်ဦးက ပြောဆိုသည်။

ယင်းကျေးရွာများသည် မိုးရာသီတွင် ပင်လယ်ပြင်က လှိုင်းလေတိုက်ခိုက်မှုဒဏ်ကို နှစ်စဉ်ခံနေပြီး ဒီရေတောအား ခုတ်ထွင်ကာ လုပ်ပိုင်ခွင့်ပြုလိုက်လျှင် စားဝတ်နေရေး ကျပ်တည်းမှုသာမက
သဘာဝဘေး အန္တရာယ်များလည်း ကျရောက်လာမည်ဖြစ်ကြောင်း ကန့်ကွက်မှု ဦးဆောင်သူက ပြောပြသည်။

“ကုန်းပေါ်မှာလည်း လုပ်စားဖို့ နေရာ မရှိဘူး။ ယုဇနဆီအုန်းစီမံကိန်းက ယူထားပြီးပြီ။ တစ်ခါ ဒီရေတောပါ ပေးလိုက်ရရင် ကျွန်တော်တို့ ရွာသားတွေ လုပ်စရာ အလုပ် မရှိတော့ဘူး” ဟု ၎င်းက ပြောသည်။

ထို့ကြောင့် ရွာသားများ၏ နေထိုင်စားသောက်မှုနှင့် ကြုံလာရမည့် အန္တရာယ်များအား မဖြစ်ပေါ်စေရေး ဆောင်ရွက်ပေးရန် ရွာသားများက တောင်းဆိုထားကြောင်း ၎င်းတို့ထံမှ သိရသည်။

အထက်ပါကန့်ကွက်မှုနှင့် ပတ်သက်၍ Golden Panda ကုမ္ပဏီကို မေးမြန်းနိုင်ရန် ကြိုပမ်းခဲ့သော်လည်း အဆက်အသွယ် မရရှိသေးပေ။

၎င်းအပြင် စူငယ်ဘာလိုင်းကျေးရွာအုပ်စုနှင့် တစ်ဆက်စပ်တည်းရှိသည့် အော်ကြီးကျေးရွာရှိ ဒီရေတော ဧက တစ်ထောင်နီးပါးကိုလည်း လုပ်ပိုင်ခွင့်ရရှိရန် ကုမ္ပဏီနှစ်ခုက လျှောက်ထားကြသေးသည်။

Than Phyo Thu ကုမ္ပဏီက ၈၀၄ ဧကနှင့် Grand Andaman ကုမ္ပဏီက ဧက ၁၄၀ တို့ လျှောက်ထား ကြခြင်းဖြစ်သည်။