မြေတိုက်ကျောင်းဆရာတော် အန္တိမ အဂ္ဂိဈာပန ဗုဒ္ဓဟူးနေ့တွင် ကျင်းပမည်

0
245

ဂဏဝိမုတ်ကူးတို့ဂိုဏ်း၏ တတိယဂိုဏ်းချုပ် ဆရာတော်ဖြစ်တော်ဖြစ်သည့် မြေတိုက်ကျောင်းဆရာတော် ခန္ဓာဝန်အား ‌ဇန်နဝါရီလ ၁၉ ရက် (ဗုဒ္ဓဟူးနေ့) တွင် အန္တိမ အဂ္ဂိဈာပန အခမ်းအနား ကျင်းပမည် ဖြစ်ကြောင်း တပည့်တကာတစ်ဦးက ပြောသည်။

သက်တော် ၈၆ နှစ်၊ သိက္ခာတော် ၆၆ ဝါရှိ ဘဒ္ဒန္တကလျာဏ (သဒ္ဓမ္မဇောတိကဓဇ) မြေတိုက်ကျောင်း‌ဆရာတော်သည် ဇန်နဝါရီလ ၁၅ ရက်တွင် ပျံလွန်တော်မူခြင်း ဖြစ်သည်။

ဆရာတော်၏ အန္တိမအဂ္ဂိဈာပနအား ထားဝယ်မြို့ ကညုံရပ်ကွက်ရှိ မြေတိုက်ကျောင်းတွင်ပင် ပြုလုပ်မည် ဖြစ်ကြောင်း တပည့်တကာတစ်ဦးက ဆိုသည်။

မြေတိုက်ကျောင်းဝင်းထဲရှိ နှစ် ၁၅၀ ကျော် သက်တမ်းရှိ သစ်သားကျောင်းဆောင်သည် ၂၀၁၈ ခုနှစ် မေလ ၁၁ ရက်ညတွင် မီးလောင်းပျက်စီးသွားခဲ့သည်။

ဆရာတော်ဘဒ္ဒန္တကလျာဏသည် မီးလောင်သွားသည့်နေရာတွင် ယခင်လက်ရာအတိုင်း သစ်သား ကျောင်းဆောင်အား ထပ်မံဆောက်လုပ်နိုင်သည်အထိ ဦးဆောင်ဆောက်လုပ်ခဲ့သည်။

“ကျောင်းတစ်ဆောင်လုံးကို သစ်သားနဲ့ချည်း ဆောက်နိုင်ဖို့၊ သစ်ရရှိဖို့ ဆရာတော် တော်တော်လေး ကြိုးစားခဲ့ရတယ်” ဟု တကာတစ်ဦးက ပြောသည်။

မီးလောင်သွားသည့် ကျောင်းဆောင်တစ်ခုလုံးကို သစ်သားတစ်မျိုးတည်းဖြင့် ဆောက်လုပ်ထားသည့် ရှေးဟောင်းလက်ရာ ကျောင်းဆောင် တစ်ဆောင်ဖြစ်ပြီး သစ်သားတိုင် အလုံး ၇၇ လုံး ပါဝင်သည်။

ကျောင်းဆောင် မီးလောင်ချိန်က ဂဏဝိမုတ်ကူးတို့ဂိုဏ်း၏ စာချွန်တော်နှစ်ခုနှင့် အခြားရှေးဟောင်း ပစ္စည်းများလည်း မီးလောင်ဆုံးရှုံးသွားခဲ့သည်။