လောင်းလုံးမြို့အဝင် အုန်းသီးဆိုင်းဘုတ်အနီး စစ်ဆေးရေးဂိတ် မိုင်းပေါက်ကွဲ

0
972

လောင်းလုံးမြို့ မြို့အဝင် အုန်းသီးဆိုင်းဘုတ်အနီး ဖွင့်လှစ်ထားသည့် စစ်ဆေးရေးဂိတ်တွင် ယနေ့ (ဇန်နဝါရီ ၁၇) နံနက် ၁၀ နာရီခွဲဝန်းကျင်က မိုင်းပေါက်ကွဲကြောင်း ဒေသခံတစ်ဦးက ပြောသည်။

‌လောင်းလုံး – ထားဝယ် ကားလမ်းနံဘေးရှိ မြို့အဝင်အထွက်တွင် ခရီးသွားပြည်သူများကို စစ်ဆေးမှု တင်းကျပ်လျှက်ရှိသည့် သဗျာကျေးရွာ မူကြိုကျောင်းရှေ့တွင်ရှိသော စစ်ကောင်စီတပ်၏ စစ်ဆေးရေး ဂိတ်တွင် ပေါက်ကွဲခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ပေါက်ကွဲသံတော့ ကြားလိုက်တယ်။ လူကတော့ ထိခိုက်ဒဏ်ရာရရှိတာမျိုး အခုထိ မကြားရသေးဘူး” ဟု ၎င်းက ပြောဆိုသည်။

ပေါက်ကွဲမှုဖြစ်ပွားစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယင်းနေရာတွင် မရှိဘဲ ပေါက်ကွဲမှု မဖြစ်ခင် နံနက်အစောပိုင်းတွင်သာ တစ်ဦးစ နှစ်ဦးစ တွေ့လိုက်ရကြောင်း ဒေသခံ နောက်တစ်ဦးက ပြောသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တနင်္သာရီတိုင်းသို့ လာရောက်စဉ်ကပင် ယင်းစစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အမြဲမတွေ့ရကြောင်း ၎င်းက ဆိုသည်။

ပေါက်ကွဲမှုဖြစ်ပြီးနောက် ယင်းနေရာသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကားသုံးစီးခန့်ဖြင့် ရောက်လာပြီးနောက် ခရီးသွားပြည်သူများကို တစ်နာရီကျော်ကြာ ရပ်တန့်စေပြီး မိုင်းရှင်းလင်းကြောင်း အဆိုပါဒေသခံက ပြောဆိုသည်။

ယင်းနောက် နေ့လယ် ၁၂ နာရီဝန်းကျင်တွင် သွားလာခွင့်ပြုကြောင်း ဒေသခံအချို့ထံမှ သိရသည်။

“အဲဒီနားဝန်းကျင်မှတော့ မိုင်းရှာတယ်လို့ပြောပြီး နေအိမ်တချို့ကို ဝင်ရောက် စစ်ဆေးတာတွေ ရှိတယ်” ဟု ယင်း ဒေသခံတစ်ဦးက ပြောသည်။

ယင်းစစ်ဆေးရေးဂိတ်သည် ခရီးသွားပြည်သူများကို အုပ်ချုပ်ရေးမှူးထောက်ခံစာ၊ ကိုဗစ်ဆေးထိုးပြီး လက်မှတ်၊ ဆိုင်ကယ်လိုင်စင် စသည်တို့ကို မကြာခဏ စစ်ဆေးလေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။