တနင်္သာရီတိုင်းတွင် ဖမ်းဆီးခံရသူ ကိုးရာကျော်ရှိသည်ဟုဆို

0
221

တနင်္သာရီတိုင်းတွင် ဖမ်းဆီးခံထားရသူ ၉၁၄ ဦးရှိကြောင်း ဖမ်းဆီးခံရသူများ၏ စာရင်းကို ပြုစုနေသည့် Bee Tenasserim အဖွဲ့ထံမှ သိရသည်။

စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့အထိ စာရင်းအရ ထားဝယ်ခရိုင်တွင် ဖမ်းဆီးခံရသူ အများဆုံးဖြစ်ပြီး ၆၂၅ ဦး ရှိကြောင်း ယင်းအဖွဲ့၏ စာရင်းများ အရ သိရသည်။

မြိတ်ခရိုင်တွင် ၂၁၆ ဦး၊ ကော့သောင်းခရိုင်တွင် ၇၂ ဦး အဖမ်းခံထားရကြောင်း Bee Tenasserim အဖွဲ့ထံမှ သိရသည်။

ထားဝယ်ခရိုင်၌ ဖမ်းဆီးခံထားရသူများအနက် အမျိုးသား ၄၄၅ ဦး၊ အမျိုးသမီး ၁၈၀ ဦးရှိပြီး မြိတ်ခရိုင်တွင် အမျိုးသား ၁၅၉ ဦးနှင့် အမျိုးသမီး ၅၇ ဦးရှိကြောင်း အထက်ပါအဖွဲ့ထံမှ သိရသည်။

ကော့သောင်းခရိုင်တွင် အမျိုးသား ၅၆ ဦး၊ အမျိုးသမီး ၁၆ ဦး ရှိကြောင်း ယင်းအဖွဲ့၏ စာရင်းများအရ သိရသည်။

“မြေပြင်မှာတော့ လက်ရှိကောက်ခံထားတဲ့ စာရင်းထက် ပိုနိုင်ပါတယ်” ဟု Bee Tenasserim အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက်၏ ဇန်နဝါရီလ ၁၅ ရက်နေ့က ထုတ်ပြန်ချက်အရ ထားဝယ် အကျဉ်းထောင်အတွင်း အမိန့်ချခံရသည့် နိုင်ငံရေးအကျဉ်းသား ၁၁၂ ဦးရှိပြီး နိုင်ငံရေးအကျဉ်းသူမှာ ၁၈ ဦးရှိကြောင်း သိရသည်။

ထိုအထဲတွင် အောက်တိုဘာလက လွတ်ငြိမ်းချမ်းသာဖြင့် ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေး အကျဉ်းသား ၂၄ ဦးရှိပြီး နိုင်ငံရေးအကျဉ်းသူမှာ လေးဦးရှိကြောင်း ဖော်ပြထားသည်။

အမိန့်ချခံထားရသည့် နိုင်ငံရေးအကျဉ်းသူများ၏စာရင်းမှာ လက်ရှိ ထုတ်ပြန်ထားသည့် စာရင်းထက် ပိုများနိုင်ကြောင်း အထက်ပါကွန်ရက်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့အပြင် စစ်တပ်နှင့် ရဲ၏ ပစ်ခတ်မှုကြောင့် တနင်္သာရီတိုင်းတွင် သေဆုံးသူမှာ ၆၄ ဦးရှိကြောင်း Bee Tenasserim အဖွဲ့၏ စာရင်းများအရ သိရသည်။

သေဆုံးသူများမှာ ထားဝယ်ခရိုင်က ၃၄ ဦး၊ မြိတ်ခရိုင်က ၁၈ ဦး၊ ကော့သောင်းခရိုင်က ၁၂ ဦး ရှိကြောင်း အထက်ပါအဖွဲ့ထံမှ သိရသည်။

ထားဝယ်ခရိုင်၌ သေဆုံးသူများတွင် အမျိုးသား ၃၁ ဦး၊ အမျိုးသမီး သုံးဦး ပါဝင်ပြီး မြိတ်ခရိုင်တွင် အမျိုးသား ၁၄ ဦး၊ အမျိုးသမီး လေးဦးနှင့် ကော့သောင်းခရိုင်တွင် အမျိုးသား ၁၁ ဦး၊ အမျိုးသမီး တစ်ဦးတို့ ပါဝင်ကြောင်း Bee Tenasserim အဖွဲ့၏ စာရင်းများအရ သိရသည်။

နိုင်ငံရေးအကျည်းသားများကွန်ရက်(AAPP) ၏ ဇန်နဝါရီလ ၁၄ ရက်နေ့ ထုတ်ပြန်ချက်အရမူ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့အထိ စစ်အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံး တွင် ဖမ်းဆီးခံရသူ ၁၁၅၅၄ ဦးရှိပြီး သေဆုံးသူဦးရေမှာ ၁၄၆၉ ဦးအထိ ရှိနေပြီဖြစ်ကြောင်း သိရသည်။