ရှေ့နေတွေပင် ပုန်းကြရပြီ

0
501

အာဏာသိမ်းကာလအတွင်း ဖမ်းဆီးခံရသူတွေရဲ့ အမှုတွေကို လိုက်ပါဆောင်ရွက်နေကြတဲ့ ထားဝယ်ခရိုင်က ရှေ့နေတွေဟာ ရှေ့နေပါဝါ ရုပ်သိမ်းလိုက်ကြပြီး တချို့ဆို တိမ်းရှောင်နေကြရပါတယ်။

ဒါက အားကိုးရာမဲ့နေပြီး အကျဉ်းထောင်ထဲမှာ တရားရင်ဆိုင်နေကြရတဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင် အံတုနေတဲ့ သူတွေ အထူးသဖြင့် လူငယ်တွေအတွက်တော့ နောက်ဆုံး ကောက်ရိုးတစ်မျှင်ကိုပင် လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ အခြေအနေဖြစ်ပါတယ်။

ရှေ့နေတွေ ဘာကြောင့် ရှေ့နေပါဝါ ရုပ်သိမ်းပြီး တိမ်းရှောင်နေကြရတာလဲ။ ဒီလို ရုပ်သိမ်းလိုက်ရတဲ့အတွက် ဖမ်းဆီးခံထားရသူတွေ အပေါ်မှာရော အကျိုးဆက်က ဘယ်လိုတွေ ရှိလာပါမလဲ။

စစ်အာဏာသိမ်းကာလအတွင်း ဖမ်းဆီး၊ တရားစွဲဆိုခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် အကျိုးဆောင် ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ပေးနေကြသူတွေ ဖြစ်ပါတယ်။

အဲဒီရှေ့နေတွေကို အားပေးကူညီမှုနဲ့ စစ်ကောင်စီက ဖမ်းမယ်ဆီးမယ်ဆိုတဲ့ အသံတွေထွက်လာလို့ ထားဝယ်ခရိုင်က ရှေ့နေတွေအားလုံးနီးပါး ပါဝါရုပ်ကြတာလို့ ရှေ့နေအသိုင်းအဝိုင်းကနေ သိရပါတယ်။

ရှေ့နေတွေကို ဖမ်းမယ်ဆိုတဲ့ကိစ္စက ထားဝယ်မြို့က ရှေ့နေတစ်ဦး ဖမ်းဆီးခံရတာကနေ စတင် ထွက်လာတာ ဖြစ်ပါတယ်။

ထားဝယ်မြို့က တရားလွှတ်တော်ရှေ့နေ ဒေါ်စန္ဒာချိုဟာ အာဏာသိမ်းကာလမှာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ အမှုသည်တွေအတွက် အကျိုးဆောင်ရှေ့နေ လုပ်ပေးနေရင်းက ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၈ ရက်နေ့မှာ ထားဝယ်မြို့နယ်က သူ့နေအိမ်မှာ အဖမ်းခံလိုက်ရပါတယ်။

ဒေါ်စန္ဒာချို အဖမ်းခံရပြီးနောက်ပိုင်းမှာ ရှေ့နေတွေကို အားပေးကူညီမှုနဲ့ စစ်ကောင်စီက ဖမ်းဆီးမယ်ဆိုတဲ့ သတင်းတွေ ကြားလာရသလို၊ ဖမ်းဆီးမယ့်ရှေ့နေတွေရဲ့ အမည်စာရင်းတွေပါ ထွက်လာတယ်လို့ ရှေ့နေ တချို့က ပြောပါတယ်။

အဲဒီစာရင်းက စာရွက်စာတမ်းနဲ့ သက်ဆိုင်ရာဌာနက ထုတ်ထာတာ မဟုတ်ဘဲ ရှေ့နေတွေနဲ့ ဆက်စပ်နေ တဲ့ ရဲအပါအဝင် တရားရေးအသိုင်းအဝိုင်းတို့ကနေ တစ်ဆင့်စကား သတင်းထွက်လာတာဖြစ်တယ်လို့ ရှေ့နေ တချို့က ပြောပါတယ်။ ဒါက ရှေ့နေအသိုင်းအဝိုင်း ခြိမ်းခြောက်ခံရတာလို့လည်း ဆိုပါတယ်။

စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြရာမှာ ရှေ့နေအားလုံးနီးပါး ပါဝင်ခဲ့ကြပါတယ်။ ဒီရှေ့နေတွေက ဆန္ဒပြ ရာမှာ ပါဝင်တာ၊ ဆန္ဒပြဖို့ စည်းရုံးတာတင်မက နိုင်ငံတကာက အဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး နိုင်ငံခြားငွေ ရယူ လုပ်ဆောင်တယ်လို့ ဒေါ်စန္ဒာချို ထွက်ချက်ပေးထားတယ်ဆိုပြီး သတင်းထွက်လာလို့ အခုလို ဖြစ်လာ တာလို့ ရှေ့နေတွေက ပြောပါတယ်။

အဲဒါကြောင့် တချို့ရှေ့နေတွေက စောင့်ကြည့်ခံနေရတယ်လို့လည်း သူတို့က ဆိုပါတယ်။

“နိုင်ငံခြားငွေယူတယ်ပေါ့။ နိုင်ငံခြားငွေ စီးဆင်းမှုနဲ့ ဒီလူ ဒီလူတွေက အစည်းအဝေးတွေ လုပ်ပြီး (အမှု) လိုက်ပါဖို့ လုပ်ပါတယ်။ ဘယ်ရှေ့နေတွေ ဘယ်ရှေ့နေတွေက (ဆန္ဒပြပွဲတုန်းက) ဆန္ဒပြဖို့အတွက် စည်းရုံး ပါတယ်။ လှုံ့ဆော်ပါတယ်ဆိုပြီး ဖော်ကောင်လုပ်ထားတဲ့ သဘောပေါ့နော်။ အဲဒီအချိန်မှာ အဲဒီလိုထွက် လာ တယ်” ဟု ထားဝယ်မြို့က အမျိုးသမီး တရားလွှတ်တော်ရှေ့နေ ခရစ္စတယ် (အမည်လွှဲ) က ပြောပါတယ်။

အဲဒါကြောင့် ဘယ်ရှေ့နေတွေကတော့ ရှောင်နေဖို့ ပြောလိုက်ပါဆိုပြီး လက်တို့ပြီးပြောလာကြတယ်လို့ ရှေ့နေတချို့က ဆိုပါတယ်။ တခြားရှုထောင့်က ကြည့်ရင် ဒေါ်စန္ဒာချို ထွက်ချက်ပေးထားတာ မဟုတ် ပေမယ့် သတင်းမှားလွှင့်ပြီး ရှေ့နေတွေ အမှု မလိုက်နိုင်အောင် သွယ်ဝိုက်တဲ့ နည်းနဲ့ ပထုတ်လိုက်တဲ့ ပုံစံမျိုးလည်း ဖြစ်နိုင်တယ်လို့လည်း သူတို့က ထောက်ပြပါတယ်။

“ခြိမ်းခြောက်တဲ့ သဘာပဲလေ” လို့ ခရစ္စတယ် (အမည်လွှဲ) က မှတ်ချက်ပေးပါတယ်။

ဒေါ်စန္ဒာချို အခုလို ထွက်ချက်ပေးထားတာ ဟုတ်မဟုတ် တိတိကျကျ မသိရပေမယ့် ရှေ့နေတွေအတွက် တော့ ကျောမလုံစေတော့ပါဘူး။ မေးမြန်းစရာရှိလို့ လိုက်ခဲ့ပါဆိုပြီးတော့ ညမှာဖမ်းသွားပြီး မနက်မှာ ရုပ်အလောင်း ပြန်ရောက်လာတဲ့ စစ်ကြောရေးစနစ်မှာ ရှေ့နေတွေက တရားရင်ဆိုင်ဖို့ကို တွန့်ဆုတ်သွား ကြတာ ဖြစ်ပါတယ်။

စွပ်စွဲချက် မှန်မမှန် တရားဥပဒေအရ မဖြေရှင်းရသေးခင် ရင်ဆိုင်ရမယ့် ဖမ်းဆီးစစ်ကြောရေးအဆင့်တွေက ရှေ့နေအပါအဝင် ပြည်သူတိုင်းအတွက် ခြိမ်းခြောက်မှုဖြစ်နေလို့ တိမ်းရှောင်တဲ့လမ်းကို ရွေးကြရတာပါ။

“ရှေ့နေတွေက လုံးဝ မလုံခြုံတော့ဘူးလေ။ ဘယ်သူမှ အဲဒီနေရာ (တရားခွင်) ကို သွားမရဲ ဖြစ်ကုန်တယ်” လို့ ခရစ္စတယ် (အမည်လွှဲ) က ဆိုပါတယ်။

ဒါကြောင့် ရှေ့နေအများစုဟာ ရှေ့နေပါဝါ ရုပ်သိမ်းလိုက်ကြပြီး တချို့ရှေ့နေတွေကတော့ ပါဝါပြန်ရုပ်ဖို့ တရားရုံးတောင် သွားမရဲတော့ဘဲ ရှောင်တိမ်းနေကြရတယ်လို့ ရှေ့နေအသိုင်းအဝိုင်းဆီကနေ သိရပါတယ်။

ရှေ့နေပါဝါဆိုတာက ဒီအမှုကို လိုက်ပါဆောင်ရွက်ပေးမယ်ဆိုတဲ့အကြောင်းကို အကျိုးဆောင်ရှေ့နေက အမှုသည်ရဲ့ လွှဲအပ်ချက်အရ တရားရုံးမှာ ရှေ့နေကိုယ်စားလှယ်လွှဲစာ တင်သွင်းပြီး ပါဝါယူ၊ အမှုလိုက်ပါ ဆောင်ရွက်တာ ဖြစ်ပါတယ်။

“ပွင့်ပွင့်လင်းလင်းပြောရရင် ကိုယ့်ဘာသာကိုယ် ကြောက်လို့ပြေးကြတာ” လို့ ခရစ္စတယ်က ဆက်ပြော ပါတယ်။

ဒီလို စိုးရိမ်ရတဲ့ အကြောင်းအရင်း သာဓကတွေလည်း ရှေ့မှာ တသီတသန်း ရှိနေပါတယ်။ အာဏာသိမ်းမှု ကို ဆန့်ကျင်လို့ ဖမ်းဆီးတရားစွဲခံထားရတဲ့ ပြည်သူတွေကို ဥပဒေကြောင်းအရ အကာအကွယ်ပေးနိုင်ဖို့ ကြိုးပမ်းရင်း တရာလွှတ်တော်ရှေ့နေတွေနဲ့ အငယ်တန်းရှေ့နေတွေ အဖမ်းခံခဲ့ကြရတာတွေ ရှိနေပါတယ်။

ကော့သောင်းမြို့မှာပင် တွေ့ကြုံထားရပါသေးတယ်။

ကော့သောင်းမြို့က တရားလွှတ်တော်ရှေ့နေ ဦးဇင်မျိုး ပြီးခဲ့တဲ့ မတ်လ ၃၁ရက်က အဖမ်းခံလိုက်ရပါ တယ်။ ဦးဇင်မျိုးမှာ နိုင်ငံရေးအမှုနဲ့ ဖမ်းဆီးခံနေရသူတွေကို ဥပဒေအကျိုးဆောင်အဖြစ် လိုက်ပါကူညီပေး နေသူ ဖြစ်ပါတယ်။

သူရဲ့ နေအိမ်ကို ဧည့်စာရင်းစစ်ဆေးမယ်၊ လက်နက်ရှာဖွေမယ်ဆိုပြီး စစ်ဆေးရာကနေ နေအိမ်မှာ အဖမ်းခံရတာပါ။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာဆိုရင် တရားလွှတ်တော်ရှေ့နေ ဦးသက်ထွန်းဦး တရားခွင်မှာပဲ ဖမ်းဆီး ခံရတယ်လို့ ပြည်တွင်းသတင်းတချို့မှာ ဖော်ပြပါတယ်။ သူသည်လည်း နိုင်ငံရေးအမှုနဲ့ ဖမ်းဆီးတရားစွဲ ခံထားရတဲ့ အမှုသည်အတွက် လိုက်ပါဆောင်ရွက်ရင်း ဇွန်လ ၂ ရက်နေ့က အဖမ်းခံရတာ ဖြစ်ပါတယ်။

ဒါ့အပြင် မန္တလေးတိုင်းမှာ ရွှေအလင်းဥပဒေအကျိုးဆောင်လုပ်ငန်းက တရားလွှတ်တော်ရှေ့နေ နှစ်ဦးနဲ့ အငယ်တန်းရှေ့နေ နှစ်ဦးကို ရဲတပ်ဖွဲ့ဝင်တွေက မေးမြန်းစရာရှိလို့ ခဏလိုက်ခဲ့ပါဆိုပြီး ဒီဇင်ဘာလ ၁၉ ရက်က လာခေါ်ရာကနေ ဖမ်းဆီးခံရတယ်လို့ ပြည်တွင်းသတင်းဌာနတွေက ဖော်ပြထားပါတယ်။

အဲဒီ မန္တလေးက ရှေ့တွေကလည်း ပုဒ်မ ၅၀၅ အမှုတွေကို လိုက်ပါဆောင်ရွက်ပေးနေသူတွေ ဖြစ်ပါတယ်။

ဖမ်းဆီးခံရမှာ စိုးရိမ်လို့ နိုင်ငံရေးအမှုတွေကို ရှေ့နေပါဝါ ရုပ်သိမ်းထားတဲ့ ရှေ့နေတွေထဲမှာ ထားဝယ်မြို့က အမျိုးသမီး တရားလွှတ်တော်ရှေ့နေ မာတလိ (အမည်လွှဲ) လည်း ပါဝင်ပါတယ်။

တရားလွှတ်တော်ရှေ့နေ ဒေါ်စန္ဒာချို အဖမ်းခံရပြီးနောက်ပိုင်း ဖမ်းမယ် ဆီးမယ် သတင်းတွေ ထွက်ပေါ် လာတာကြောင့် အခုလို ရုပ်သိမ်းထားတာလို့ သူက ဆိုပါတယ်။

“ကျွန်မလည်း ကြောက်လို့ နားလိုက်တာပါ။ ပါဝါရုပ်လိုက်ပေမယ့်လည်း အချိန်မရွေး အကူအညီတောင်းလို့ ရတယ်။ ကြိုက်တာ မေးလို့ရတယ်။ အတတ်နိုင်ဆုံး ကူညီပေးတယ်။ အမှုကိုတော့ မလိုက်ရဲလို့ မလိုက်တာ” လို့ မာတလိ (အမည်လွှဲ) က ပြောဆိုပါတယ်။

စစ်အာဏာသိမ်းကာလမှာ ပုဒ်မ ၅၀၅ နဲ့ ဖမ်းဆီးခံရသူ နိုင်ငံရေးအကျဉ်းသားတွေကို ရှေ့နေကွန်ရက်က အခမဲ့ အမှုလိုက်ပါဆောင်ရွက်ပေးပြီး အချို့ရှေ့နေတွေကတော့ ငွေကြေးနဲ့ အမှုလိုက်ပါဆောင်ရွက် တာတွေလည်း ရှိပါတယ်။

လက်ရှိအခြေအနေမှာတော့ ၅၀၅ အမှုအတွက် ငွေကြေးနဲ့ အမှုလိုက်ပေးနေတဲ့ ရှေ့နေအနည်းစုပဲ ကျန်တော့တယ်လို့ ရှေ့နေအသိုင်းအဝိုင်းဆီကနေ သိရပါတယ်။

ထားဝယ်ခရိုင်အပြင် မြိတ်ခရိုင်က ရှေ့နေတွေလည်း နိုင်ငံရေးအမှုတွေအတွက် အမှုလိုက်ပါ ဆောင်ရွက် တာမျိုး မရှိကြတော့ဘူးလို့ ရှေ့နေအသိုင်းအဝိုင်းဆီကနေ သိရပါတယ်။

ရှေ့နေတွေ မရှိတော့တဲ့အတွက် ဖမ်းဆီးတရားစွဲခံထားရသူတွေအပေါ်ရော ဘယ်လိုရိုက်ခတ်မလဲ။

အာဏာသိမ်းကာလမှာ နိုင်ငံရေးပုဒ်မတွေနဲ့ ဖမ်းဆီး၊ တရားစွဲဆိုခံရသူ နိုင်ငံရေးအကျဉ်းသားတွေဟာ ဖမ်းဆီးခံရချိန်ကနေ အကျဉ်းထောင်ကို ရောက်သည်အထိလည်း မိသားစုနဲ့ တွေ့ခွင့် မရကြပါဘူး။

ဖမ်းဆီးခံရပြီးနောက် ဘယ်မှာရှိတယ်ဆိုတာကို ရှေ့နေတွေက လိုက်လံစုံစမ်းပေးကြပါတယ်။ မိသားစုနဲ့ တွေ့ခွင့် မရတဲ့ကာလမှာ ဖမ်းဆီးခံရသူရဲ့ စားရေးသောက်ရေး၊ ဆေးဝါးနဲ့ ကျန်းမာရေးဆိုင်ရာလိုအပ်ချက် တွေအတွက် ရှေ့နေကတစ်ဆင့် စကားအမှာပါးတာ၊ တောင်းဆိုတာ၊ စာရေးပေးပို့တာတွေ လုပ်ကြတယ်။

ဒါ့အပြင် တရားစွဲဆိုခံရသူဘက်ကနေ ဥပဒေကြောင်းအရ ပြန်လည်ချေပ ပြောဆိုကာကွယ်ပေးတာ၊ တရားခွင်မှာ ထွက်ဆိုရမယ့် အကြောင်းအရာတွေအတွက် အမှုသည်ကို လမ်းကြောင်းပေးတာ၊ သက်သေတင်သွင်းတာ၊ အသနားခံစာတင်ပေးတာ စတာတွေလည်း လုပ်ဆောင်ပေးကြပါတယ်။

အခုတော့ ဒီလိုဆောင်ရွက်ပေးမယ့်သူတွေ တိမ်းရှောင်နေကြပါပြီ။

ရှေ့နေ မရှိတော့တာကြောင့် အမှုအတွက် ခုခံကာကွယ်ပေးမယ့်သူ မရှိတော့တဲ့အပြင် မိသားစုနဲ့ ဆက်သွယ်ဖို့ ပိုပြီးခက်ခဲလာနိုင်တယ်လို့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ မကြာသေးခင်က ပြန်လည်လွတ်မြောက် လာတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတချို့က ထောက်ပြပါတယ်။

“Impact ကတော့ (ထောင်ထဲ၊ တရားခွင်ထဲ) အထဲမှာ ဘယ်လိုမျိုးဖြစ်နေတယ်ဆိုတာကို မသိရဘူးပေါ့။ ရှေ့နေ လိုက်ခွင့်မရဘူးဆိုတော့ (စစ်ကောင်စီဘက်က) သူတို့ဘာသာ သူတို့ စစ်ချင်သလိုစစ်ပြီး သူတို့လူနဲ့ သူတို့ သွားတဲ့ ပုံစံမျိုးဖြစ်သွားတယ်။ ရှေ့နေရှိနေတာကတော့ ကိုယ့်လူတွေရှိနေသေးတယ်ဆိုတဲ့ စိတ်လေး တစ်ခုရှိတယ်။ သူတို့လုပ်ချင်သလိုမျိုး လုပ်မရဘူးပေါ့နော်။ ရှေ့နေတွေ ရှိနေသေးတယ်ဆိုတာမျိုးတော့ ရှိတာပေါ့” ဟု ထားဝယ်နိုင်ငံရေးအကျည်းသားများကွန်ရက် (DPPN) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သူသည်လည်း အောက်တိုဘာလကမှ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာသူဖြစ်ပါတယ်။

ရှေ့နေမရှိတော့ရင် အမှုကို ကာယကံရှင် ကိုယ်တိုင်သာ ထွက်ဆို ခုခံချေပရတော့မယ်လို့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာသူအချို့နဲ့ မိသားစုဝင်တွေက ဆိုပါတယ်။

ရှေ့နေ ရှိစဉ်က ကျန်းမာရေးအတွက် စကားအမှာပါးတာ၊ ဆေးဝါးလိုအပ်တာတွေကို အချိန်မီပေး ပို့လို့ ရပေမယ့် ရှေ့နေ မရှိတဲ့ နောက်ပိုင်း ထောင်ထဲက အခြေအနေကို မသိရဘဲဖြစ်နေတယ်လို့ ထားဝယ် အကျဉ်းထောင်မှာ သားအိမ်ရောဂါ၊ ကျောက်ကပ်ရောဂါခံစားနေရပြီး ထိရောက်တဲ့ ဆေးကုသခွင့်မရတဲ့ မစုလှိုင်နွေးရဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

“ဒေါ်စန္ဒာချိုက သူ့ရဲ့ရှေ့နေပဲ။ သူ့ရှေ့နေက ဖမ်းခံထိတယ်ဆိုတော့ သူတို့မှာ ရှေ့နေ မရှိတော့ဘူး။ အခုနောက်ပိုင်း ရှေ့နေမရှိဘဲ တရားရင်ဆိုင်နေရတယ်” လို့ မိသားစုဝင်က ဆိုပါတယ်။

ဖမ်းဆီးခံထားရသူတွေထဲမှာ မတရားပုဒ်မတွေ တပ်ထားတာကို ပြန်လည်ချေပ ပြောဆိုနိုင်သူတွေရှိသလို ပြန်ပြီး ချေပ မပြောဆိုတတ်သူတွေအဖို့ စစ်ကောင်စီဘက်က စွဲဆို အမိန့်ချတဲ့အတိုင်း ပြစ်ဒဏ်ကျခံကြရမှာ ဖြစ်တယ်လို့ DPPN တာဝန်ရှိသူက ဆိုပါတယ်။

ခိုင်လုံသည့် သက်သေမရှိဘဲ အမှုတပ် တရားစွဲဆိုခံထားရသူများအဖို့လည်း ပြန်လည်လွတ်မြောက်ဖို့ရာ အခွင့်အလမ်း နည်းသွားနိုင်တယ်လို့လည်း သူက မှတ်ချက်ပေးပါတယ်။

ဒါ့အပြင် ရှေ့နေ မရှိတော့တဲ့အတွက် ထောင်ထဲက အခြေအနေတွေကို မိသားစုက သိခွင့်မသလို စွဲဆို ခံထားရတဲ့ ပုဒ်မနှင့် ပြစ်ဒဏ် ဘယ်နှစ်နှစ် ချမှတ်လိုက်တယ်ဆိုတာကိုလည်း မိသားစုဝင်က သိခွင့်ရဖို့ရန် ခက်ခဲသွားနိုင်တယ်လို့ ဖမ်းဆီးခံထားရသူတွေရဲ့ မိသားစုဝင်တချို့က ပြောပါတယ်။

တရားဝင် ရေးခွင့်ရသည့် ထောင်ဝင်စာတွင်လည်း ထောင်းအတွင်းက အခက်အခဲအားလုံးကို ထည့်သွင်း ရေးသား၍ မရဘဲ ကန့်သတ်မှုများ ရှိတယ်လို့ ၎င်းတို့ရဲ့ မိသားစုဝင်တွေနဲ့ ပြန်လည်လွတ်မြောက်လာသူ နိုင်ငံရေးအကျဉ်းသားတချို့က ပြောပါတယ်။

“အခုကလည်း စာက (ဖမ်းခံထားရသူတွေ) သူတို့ဘက်က ထွက်ဖို့ လုံးဝမလွယ်ကူဘူး။ အခုစာတွေ ပိတ် ထားတယ်။ ကိုယ့်ဘက်ခြမ်းက ဝင်စာလောက်ပဲရတယ်။ အခုနောက်ပိုင်း သူတို့ဘက်က ထွက်စာ လုံးဝ မရဘဲ ဖြစ်နေတယ်။ အဲဒီလိုဆိုတော့ (ထောင်ထဲမှာ) ဘာဖြစ်နေလဲဆိုတာ မသိရဘူး” လို့ ထားဝယ်မြို့မှာ သေနတ်ဒဏ်ရာနဲ့ ဖမ်းခံထားရတဲ့ လူငယ်တစ်ဦးရဲ့ မိသားစုဝင်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီအသွင်ကူးပြောင်းချိန် ဖြောင့်မတ်မှန်ကန်ဖို့ ပြုပြင်ပြောင်းလဲရေးလုပ်နေတဲ့ တရားရေးမဏ္ဍိုင်မှာ စစ်အာဏာသိမ်းပြီးနောက်မှာတော့ ဘယ်ပုဒ်မတွေနဲ့ စွဲချက်တင်ထားရတယ်၊ ပြစ်ဒဏ် ဘယ်လောက် ချလိုက်တယ်ဆိုတာကိုပင် သိဖို့ ခက်ခဲနေပါတယ်။

အာဏာသိမ်းကာလတွင် ရှေ့နေတွေဟာ အမှုအတွက် လိုက်ပါဆောင်ရွက်ပေးတယ်ဆိုပေမယ့် တရားစွဲ ခံရသူဘက်က ငြင်းဆိုပေးရုံ၊ မိသားစုနဲ့ အဆက်အသွယ် ရရှိအောင်သာ လုပ်ဆောင်ပေးနိုင်တဲ့ အခြေအနေမှာ ရှိတယ်လို့ ရှေ့နေတချို့က ပြောပါတယ်။

ရှေ့နေတွေရဲ့ ခုခံချေပလျှောက်လဲချက်တွေကို စစ်ကောင်စီတရားရုံးက ထည့်သွင်းစဉ်းစား ဆုံးဖြတ်ခြင်းမျိုး မတွေ့ရတဲ့အတွက် အမှုက ကွင်းလုံးကျွတ်လွတ်မြောက်အောင်၊ အမှုလျော့ပေါ့သွားအောင် လုပ်ဆောင် နိုင်စွမ်းတော့ မရှိဘူးလို့ သူတို့က ပြောဆိုကြပါတယ်။

“ဥပဒေကမဲ့နေပြီလေ။ ဥပဒေကမဲ့နေပြီဆိုတော့ ရှေ့နေရှိလည်း နောက်ဆုံး ပွင့်ပွင့်လင်းလင်းပြောရမယ် ဆိုရင် အဆက်အသွယ်တစ်ခုတွက် ဝင်လိုက်လုပ်ပေးနေရတယ်ဆိုတာမျိုး ဖြစ်သွားပြီ။ ပြောခွင့်ရှိတယ်။ ဒါပေမဲ့ ‘ငြင်းဆိုရုံမှအပ’ ဆိုတာမျိုးဖြစ်သွားပေါ့” လို့ တရားလွှတ်တော်ရှေ့နေ ခရစ္စတယ်က ပြောပါတယ်။

ဒါပေမဲ့ အခုတော့ ရှေ့နေ မရှိတော့တဲ့အတွက် အမှုမှာ ချေပပြောဆိုပေးတာ၊ အိမ်နဲ့ဆက်သွယ်ပေးတာ၊ ဆေးကုသခွင့် တောင်းဆိုပေးတာစတဲ့ အကျဉ်းသားတစ်ယောက်ရဲ့ ရပိုင်ခွင့်တွေကိုပင် ဆုံးရှုံးသွားပြီလို့ ထားဝယ်နိုင်ငံရေး အကျဉ်းသားများကွန်ရက် (DPPN) ရဲ့ တာဝန်ရှိသူတစ်ဦးက ထောက်ပြပါတယ်။