ပုလော ဂျင်းနီရွာက စစ်ဘေးရှောင်တစ်ရာကျော် အစားအသောက် အကူညီလို

0
144

ပုလောမြို့နယ် ဂျင်းနီရွာက တိမ်းရှောင်လာသည့် စစ်ဘေးရှောင် တစ်ရာကျော်အတွက် အကူအညီ လိုအပ်နေကြောင်း ဒေသခံများနှင့် အကူအညီပေးသူများထံမှ သိရသည်။

အဆိုပါ စစ်ဘေးရှောင်ရွာသား တစ်ရာကျော်သည် လက်ရှိအချိန်တွင် နန်းတောင်ရွာ ဘုန်းတော်ကြီးကျောင်း အတွင်း ယာယီနေထိုင်နေကြပြီး အခြေခံစားသုံးကုန်များ လိုအပ်နေကြကြောင်း ၎င်းတို့က ပြောသည်။

ဂျင်းနီရွာအနီး စစ်ကောင်စီတပ်က စစ်ကြောင်းထိုးထားပြီး တိုက်ပွဲများလည်း ယင်းရွာအနီး တစ်ဝိုက် မကြာခဏ ဖြစ်ပေါ်နေသည့်အတွက် ဇန်နဝါရီလ ပထမအပတ်တွင် ထွက်ပြေးတိမ်းရှောင်လာကြကြောင်း ဒေသခံများက ပြောသည်။

“ဉယျာဉ်ခြံအလုပ်တွေ အကုန်လုံး ဒီအတိုင်းထားပစ်ပြီး ထွက်ပြေးလာကြတာ” ဟု အဆိုပါစစ်ဘေးရှောင် များကို ကူညီနေသူတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်က စစ်ကြောင်းထိုးရာတွင် ဒေသခံရွာသားများအား လမ်းပြအဖြစ် ခေါ်ဆောင်ခြင်းတို့ ကြောင့်လည်း ကြောက်လှန့်ကာ ထွက်ပြေးလာကြကြောင်း ဒေသခံများက ဆိုသည်။

လက်ရှိအချိန်တွင် စစ်ဘေးရှောင်များသည် ပုလောပရဟိတအဖွဲ့များနှင့် ဒေသခံရွာသားများ၏ လှူတန်းမှု များဖြင့် နေထိုင်စားသောက်နေရကြောင်း ၎င်းက ပြောပြသည်။

ဂျင်းနီရွာနည်းတူ မကြာခဏ နှစ်ဖက်တိုက်ပွဲဖြစ်လေ့ရှိသည့် ကဒဲရွာနှင့် ပဝတ်ကုန်းရွာတို့ရှိ ရွာသားများ သည်လည်း လက်ရှိအချိန်တွင် ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။

ပုလောမြို့နယ်ရှိ ပဝတ်ကုန်း၊ ပဝတ်ဖျား၊ ကဗျာ၊ ကဒဲ၊ ကျောင်းနိမ့်၊ ဂျင့်ဂါ၊ ဂျင်းနီ၊ ဆားခဲ စသည့် ကျေးရွာများတွင် နှစ်ဖက်အပစ်အခတ် တိုက်ပွဲ မကြာခဏဖြစ်လေ့ရှိသည်။