ရော်ဘာ‌အစေးရည် ဈေးပြန်တက်

0
691

Dawei Watch၊ ထားဝယ်၊ ဇန်နဝါရီ ၁၄

ဒေါ်လာငွေလဲနှုန်း မြင့်တက်နေသည့်အတွက် ထားဝယ်ဒေသ၏ ရော်ဘာအစေးရည်ဈေးလည်း မြင့်တက် နေကြောင်း ရော်ဘာအစေးရည် ဝယ်ယူနေသည့် ကုမ္ပဏီအချို့ထံမှ သိရသည်။

၂၀၂၁ နှစ်ကုန်က ရော်ဘာအစေးရည် (Dry Rubber Content) တစ်ပေါင်လျှင် ငွေကျပ် ၉၀၀ ဝန်းကျင် သာရှိရာမှ ယခုနှစ် ဇန်နဝါရီလ ပထမအပတ်မှစတင်ကာ ကျပ် တစ်ထောင်ကျော်အထိ ဈေးတက်လာ သည်။

ဇန်နဝါရီလ ၁၄ ရက်နေ့တွင် တစ်ပေါင်လျှင် ၁၀၂၀ ကျပ်ဖြင့် ဝယ်နေသည့် စက်ရုံရှိသကဲ့သို့ ၁၀၅၀ ကျပ်ဖြင့် ဝယ်နေသည့် စက်ရုံလည်းရှိကြောင်း အဆိုပါဈေးကွက်အတွင်းမှ သိရသည်။

ထားဝယ်မြို့နယ်ရှိ ရော်ဘာအစေးဝယ်နေသည့် ထားဝယ်နဂါးကုမ္ပဏီနှင့် ထားဝယ်ရွှေပြည် အဆင့်မြင့် မှိုင်းခံစက်ရုံ တာဝန်ရှိသူများကလည်း ဒေါ်လာငွေလဲနှုန်းမြင့်နေခြင်းကြောင့် ရော်ဘာအစေးရည်ဈေးလည်း မြင့်တက်နေခြင်းဖြစ်ကြောင်း ပြောသည်။

လက်ရှိတွင် စစ်ကောင်စီက အမေရိကန် တစ်ဒေါ်လာလျှင် မြန်မာငွေ ၁၇၈၀ ကျပ်ဝန်းကျင် သတ်မှတ် ထားသော်လည်း ပြင်ပဈေးကွက်တွင် ၂၀၀၀ ကျပ်ဝန်းကျင်အထိ ပေါက်ဈေးရှိနေသည်။

“ကျွန်တော်ထင်တာကတော့ ငွေဈေးလည်း မြင့်လို့ထင်တယ်ဗျ။ ကမ္ဘာ့ဈေးကတော့ အဲဒီလောက်ကြီး မဟုတ်ပါဘူး” ဟု ထားဝယ်နဂါးကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးရဲထွဋ်နိုင်က ပြောသည်။

သို့ရာတွင် တရုတ်နှစ်သစ်ကူးပွဲတော်ကြောင့် ဇန်နဝါရီလကုန်ပိုင်းမှစကာ ဈေးနှုန်း အနည်းငယ် ပြန်ကျနိုင်ကြောင်း ထားဝယ်ရွှေပြည် အဆင့်မြင့်မှိုင်းခံစက်ရုံ မန်နေဂျာ ဦးဘိုဘိုက ခန့်မှန်းသည်။

“ပုံမှန်အရဆို တရုတ်နှစ်ကူးရင် နည်းနည်း (ဈေး) ဆင်းတာက များတယ်ခင်ဗျား။ အလုပ် ရပ်ကြတာကိုး” ဟု ဦးဘိုဘိုက ပြောသည်။

ထားဝယ်‌ဒေသရှိ ရော်ဘာခြံပိုင်ရှင်အချို့မှာ ရော်ဘာအစေးရောင်းချခြင်းမရှိဘဲ ရော်ဘာ‌နေလှန်းပြားနှင့် ရော်ဘာချေး (ကော်ချီး) အဖြစ် ထုတ်လုပ်ရောင်းချသူများလည်း ရှိသည်။

ထားဝယ်မြို့နယ်တွင် ထားဝယ်ရွှေပြည်အဆင့်မြင့်မှိုင်းခံစက်ရုံနှင့် ထားဝယ်နဂါးကုမ္ပဏီအပါအဝင် ရော်ဘာအ‌စေးဝယ်ယူသည့် စက်ရုံသုံးရုံ ရှိသည်။

ထားဝယ်ရွှေပြည်စက်ရုံက ကံပေါက်ဒေသ၊ ဧကနိရွာတစ်ဝိုက် ကမ်းရှေ့ကျေးရွာ၊ ကျိုက်ဖီလန်၊ မဲအုန်းနှောက်ကျေးရွာ အစရှိသည့် ထားဝယ်ခရိုင်အတွင်းရှိ ကျေးရွာများတွင်ခြံအရောက် သွားဝယ်‌‌နေကြောင်း ယင်းစက်ရုံထံမှ သိရသည်။

ထားဝယ်နဂါးကုမ္ပဏီကမူ ကံပေါက်ဒေသနှင့် ထားဝယ်အရှေ့တောဒေသတွင် ရော်ဘာခြံအရောက် ကားဖြင့်သွားဝယ်ကြောင်း ယင်းစက်ရုံထံမှ သိရသည်။

ထိုသို့ ဝယ်ယူရာတွင် စက်ရုံတွင် လာရောင်းသည့်ဈေးနှုန်းနှင့် ခြံအရောက်ဝယ်ယူသည့် ဈေးနှုန်းမှာ ရော်ဘာဈေးတစ်ပေါင်လျှင် ၁၀ ကျပ်မှ ၂၀ ကျပ်ဝန်းကျင် ဈေးကွာကြောင်း ယင်းစက်ရုံတာဝန်ရှိသူများက ပြောဆိုထားသည်။