ကံပေါက်ဒေသခံများ ရွာထဲ ဝင်ထွက်ခွင့်မရဘဲ သုံးနာရီကျော် ပိတ်မိ

0
379
ကံပေါက် တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်

ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကံပေါက်ဒေသခံများ ရွာထဲဝင်ထွက်ခွင့် မရဘဲ သုံးနာရီကျော်ကြာ ပိတ်မိသွားခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ယနေ့ (ဒီဇင်ဘာ ၁၃) မွန်းလွဲ သုံးနာရီခန့်တွင် မောရဝတီရေတပ်စခန်း တည်ရှိရာဘက်သို့ ရဟတ်ယာဉ်နှစ်စီး ဖြတ်ပျံသွားချိန်ကစပြီး ကံပေါက်ဒေသအတွင်းလမ်းကို စစ်ကောင်စီက ပိတ်ဆို့ထားကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ယနေ့ နံနက်ပိုင်းတွင်လည်း ထားဝယ်မြို့သို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အဖွဲ့ ရောက်လာရှိနေသည်။ ထို့ကြောင့် မြို့ထဲတွင်လည်း စစ်ဆေးတင်းကြပ်ခဲ့သည်။

ကံပေါက်ဒေသသို့ အဓိကဝင်ပေါက်ဖြစ်သည့် သစ်တောရုံးလမ်းဆုံကို စစ်ကောင်စီတပ်ဖွဲ့ဝင်များဖြင့် ပိတ်ဆို့ကာ ဝင်ထွက်ခွင့် ပိတ်ထားကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ညနေ ၆ နာရီတွင် မောရဝတီရေတပ်စခန်းဘက်မှ ရဟတ်ယာဉ်တစ်စီးထွက်ခွာသွားပြီးနောက် ပိတ်ဆို့ထားသည့်လမ်းကိုလည်း ပြန်ဖွင့်ပေးကြောင်း ပိတ်ထားသည့်နေရာသို့ ကိုယ်တိုင်သွားရောက်ခဲ့သည့် ဒေသခံတစ်ဦးက ပြောသည်။

“ရွာထဲဝင်မရဘဲ သုံးနာရီလောက် ပိတ်မိသွားတာပေါ့။ ဘာဖြစ်လို့ ပိတ်ချလိုက်မှန်းလည်း မသိဘူး” ဟု ၎င်းကဆိုသည်။

လောင်းလုံးမြို့ အဝင် အထွက် စစ်ဆေးရေးဂိတ်တွင်မူ စစ်သားများ ရှိမနေဘဲ စစ်ဆေးမှုလည်း မရှိကြောင်း ခရီးသည်အချို့က ပြောသည်။