မွန်အမျိုးသားနေ့ စိန်ရတု အခမ်းအနားကို မော်လမြိုင်တွင် ကျင်းပမည်

0
1031

တပို့တွဲလပြည့်ကျော် (၁) ရက်နေ့ (ဖေဖော်ဝါရီ ၁၆ ရက်နေ့)တွင် ကျရောက်မည့် ၇၅ ကြိမ်မြောက် စိန်ရတု မွန်အမျိုးသားနေ့ ဗဟိုအခမ်းအနားကို မော်လမြိုင်တွင် ကျင်းပသွားမည်ဟု အခမ်းအနားကျင်းပရေးကော်မတီထံမှ သိရသည်။

မွန်အမျိုးသားနေ့ဗဟို အခမ်းအနားကို တစ်နှစ်လျှင် တစ်မြို့နယ်ဖြင့် အလှည့်ကျ ကျင်းပလေ့ရှိသော်လည်း ကိုဗစ်ကပ်ရောဂါကြောင့်နှင့် လက်ရှိနိုင်ငံရေးအခြေအနေကြောင့် ယခုနှစ်တွင် ကျရောက်သည့် စိန်ရတု အခမ်းအနားကို မော်လမြိုင်တွင်သာ ကျင်းပသွားရန် ကျင်းပရေးကော်မတီက ဆုံးဖြတ်ထားသည်။

၇၅ ကြိမ်မြောက် စိန်ရတု မွန်အမျိုးသားနေ့ ဗဟိုအခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပရန်လျာထားခဲ့သော်လည်း ကိုဗစ်ရောဂါနှင့် နိုင်ငံရေးအခြေအနေကြောင့် အခမ်းအနားကို ချင့်ချိန်ပြီး ကျင်းပရန်သာ အခမ်းအနားကျင်းပရေးကော်မတီတို့က ဆုံးဖြတ်ထားသည်။

၎င်းပြင် အခမ်းအနားကို ကနဦးက မော်လမြိုင်မြို့ရှိ ပြည်နယ်ခန်းမတွင် ကျင်းပရန် စီစဉ်ထားခဲ့သော်လည်း ယခုအခါ ရာမညရဌဗုဒ္ဓတက္ကသိုလ်သို့ နေရာပြောင်းရွှေ့ ကျင်းပရန် ကော်မတီက ဆုံးဖြတ်ထားသည်။

“အခမ်းအနားကို အနှစ်သာရရှိရှိဖြင့် ပိုမိုကျယ်ပြန့်စွာ ကျင်းပနိုင်ရေးနဲ့ ကျင်းပရေးကော်မတီအနေနဲ့ စီမံခန့်ခွဲမှုဆောင်ရွက်တဲ့အခါမှာ ပိုမိုလွယ်ကူတဲ့နေရာကို ပြောင်းလဲကျင်းပသင့်တယ်ဆိုပြီး ပြန်သုံးသပ်ဆွေးနွေးပြီး နေရာကို ပြောင်းလိုက်တာဖြစ်တယ်” ဟု ၇၅ ကြိမ်မြောက် စိန်ရတု မွန်အမျိုးသားနေ့ဗဟိုအခမ်းအနားကျင်းပရေးကော်မတီဝင် တစ်ဦးက ပြောသည်။

ယခင်က မွန်အမျိုးသားနေ့အခမ်းအနားကို မိမိဒေသအလိုက် ကျင်းပလာခဲ့ရာမှ ရွှေရတုသဘင် ဖြစ်သည့် ၁၉၉၇ ခုနှစ်မှစပြီး မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းရှိ မြို့နယ်များ စုပေါင်းကာ ကျင်းပရေးကော်မတီ (ဗဟို) ကို ဖွဲ့စည်းခဲ့သည်။

ကျင်းပရေးကော်မတီ ဗဟိုအဆင့်ကို ဖွဲ့စည်းပြီးနောက်ပိုင်းတွင် ဗဟိုအခမ်းအနားကို တစ်နှစ်လျှင် တစ်မြို့နယ်ဖြင့် အလှည့်ကျကျင်းပလာခဲ့သည်။

မွန်အမျိုးသားနေ့အခမ်းအနားကို မြို့နယ်အဆင့် ကျေးရွာအဆင့်အပြင် မွန်လူမျိုးစုများ နေထိုင်ရာ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းနှင့် ပြည်ပနိုင်ငံများရောက် မွန်လူမျိုးတို့ကလည်း မွန်အမျိုးသားနေ့ အခမ်းအနားကို ၎င်းတို့၏ အားလပ်ရက်များတွင် ကျင်းပလေ့ရှိကြသည်။

သမလ၊ ဝိမလ မွန်မင်းညီနောင်နှစ်ပါး ဟံသာဝတီ မင်းနေပြည်တော်ကို စတင်တည်ထောင်ခဲ့သည့် သာသနာ သက္ကရာဇ် ၁၁၁၆၊ (အေဒီ ၅၇၃) တပို့တွဲ လပြည့်ကျော် ၁ ရက်နေ့ကို မွန်အမျိုးသားနေ့အဖြစ် သတ်မှတ်ကာ နှစ်စဉ်နှစ်တိုင်း ကျင်းပလာခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။