လောင်းလုံးရှိ ကြက်ဝိုင်းဒိုင် သေနတ်ပစ်ခံရ

0
247

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် သကျက်တောကျေးရွာသားဖြစ်သူ အသက် ၅၀ ဝန်းကျင် ရှိ ဦးသန်းထိုက်ဆိုသူ ယနေ့ ဇန်နဝါရီလ ၁၃ ရက်တွင် သေနတ် အပစ်ခံရသဖြင့်ဆေးရုံသို့ တင်ပို့လိုက်ရကြောင်း ဒေသခံတို့ထံမှ သိရသည်။

တောကျဲကျေးရွာ နတ်ပွဲတွင်ပြုလုပ်သည့် ကြက်ဝိုင်းတွင် ဒိုင်အဖြစ် လုပ်ဆောင်ပေးနေစဉ် နေ့လယ် တစ်နာရီခန့်တွင် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ၎င်းကြက်ဝိုင်းသို့ရောက်ခဲ့သည့် ဒေသခံတစ်ဦးက ပြောသည်။

တောကျဲကျေးရွာအုပ်စုနှင့် သကျက်တောကျေးရွာအုပ်စုမှာ ရွာချင်းကပ်ဖြစ်ပြီး လောင်းလုံး ရှင်မော်သွားလမ်းပေါ်တွင် ရှိသည်။

“ဒဏ်ရာကတော့ ခေါင်းမှာထိသွားတယ်။ အသက်အန္တရာယ်ကတော့ စိုးရိမ်စရာမရှိဘူးထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ကို အရေးပေါ်ကားနဲ့ ခေါ်သွားတုန်းက သတိရနေတယ်။ လူမှန်းသိနေသေးတယ်” ဟု ၎င်းက ပြောကြားသည်။

အချို့ဒေသခံတို့က သေနတ်ပစ်ခံရသည့် ဦးသန်းထိုက်မှာ သကျက်တောကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း ပြောဆိုကြပြီး ဒေသခံအချို့ကမူ အုပ်ချုပ်ရေးအဖွဲ့ဝင်မဟုတ်ဘဲ ရပ်ရွာကိစ္စများကို ဆောင်ရွက်ပေးနေသူသာဖြစ်ကြောင်း ပြောဆိုကြသည်။

ဦးသန်းထိုက်အား မည်သည့်အဖွဲ့က ပစ်ခတ်သွားသည်ကိုမူ မသိရသေးပေ။