လောင်းလုံး ကျောက်ဆင် အုပ်ချုပ်ရေးမှူး ကြက်ဝိုင်းတွင် သေနတ်ပစ်ခံရ

0
316

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးလေးလေးသည် ဇန်နဝါရီလ ၁၁ ရက် ညနေ သုံးနာရီခန့်က ကမ်းပနီရွာ ဘောလုံးကွင်း ကြက်ဝိုင်းအနီးတွင် သေနတ်ဖြင့် အပစ်ခံလိုက်ရကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။

ကမ်းပနီကျေးရွာမှာ ကျောက်ဆင်ကျေးရွာ အုပ်စုအတွင်း တည်ရှိပြီး မောင်းမကန်-မျှော်ရစ်သွား ကားလမ်းမပေါ်တွင် တည်ရှိသည်။ ကမ်းပနီရွာ ဘောလုံးကွင်း ကြက်ဝိုင်းတွင် လောင်းကစား လုပ်နေသူ ခြောက်ဆယ်ခန့် ရှိပြီး ဦးလေးလေးနှင့် အဖွဲ့ဝင်များ ရောက်ရှိနေစဉ် ညနေ သုံးနာရီ ခန့်တွင် နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ကိုယ်တွေ့ ကြုံရသူ ဒေသခံ တစ်ဦးက ဆိုသည်။  

“ပထမ သေနတ်သံတစ်ချက်ကြားတာနဲ့ ကျွန်တော်တို့လည်း သစ်ပင်ကွယ်ရာ ပြေးဝပ်ရတာပေါ့။ နောက်မှ အပြန်အလှန် ပစ်ခတ်ကြတယ်။ သေနတ်သံတိတ်မှ ဦးလေးလေးထိသွားပြီ၊ ထိသွားပြီ၊ ဆေးရုံကားခေါ်၊ ဆေးရုံကားခေါ်လို့ ပြောသံတော့ကြားရတယ် “ဟု ထိုသူက ပြောသည်။

ယင်းနောက် သေနတ် ထိမှန် ဒဏ်ရာရ၍ လူနာတင်ယာဉ်ဖြင့်ဆေးရုံ ခေါ်ဆောင်သွားကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဦးလေးလေးမှာ ချိုင်းအောက် သေနတ်ဒဏ်ရာရရှိသွားကြောင်း ဒေသခံတို့က ဆိုပြီး ဒဏ်ရာ ပြင်းထန်မှု အခြေအနေနှင့် ပတ်သက်၍ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။

ဦးလေးလေးသည် ကရင်ကြီးရွာတွင် ၁၅ နှစ်ထက်မနည်းနေထိုင်သူ တစ်ဦးဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲ ကာလအတွင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေး ခရီးစဉ်အတွင်း ဦးစီးပါဝင်ခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဦးလေးလေးသည် မောင်းမကန် ကမ်းခြေအနီးရှိ ပင်လယ်ကမ်းခြေရွာများ ဖြစ်သော ကျောက်ဆင်၊ သဘော့ဆိပ်၊ ပြင်ကြီး၊ ကရင်ကြီး၊ ကမ်းပနီ စသည့် ငါးရွာအုပ်စု အုပ်ချုပ်ရေးမှူး တစ်ဦးဖြစ်ပြီး ရွာသားများနှင့် လှေပိုင်ရှင်များ ထံမှ ခေါက်ကြေးငွေ ကောက်ခံ ပေးနေသူ ဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။

“ကိုဗစ်ဆေးလက်မှတ် တစ်စောင်ရဖို့ သူကို တစ်ယောက်တစ်ထောင် ပေးရတယ်။ လှေတစ်ခေါက်ထွက်ရဖို့ လည်း တစ်သိန်းအထိ ပေးဆောင်ရတယ်”ဟု အဆိုပါ ဒေသခံက ပြောသည်။

ရွာခံတို့ အတွင်း ပျူစောထီးဟု ကျော်ကြားကာ ကိုယ်တိုင်နှင့် အပေါင်းအပါများမှာ လက်နက်ကိုင်ဆောင်ထားလေ့ရှိကြောင်း ဒေသခံအချို့ကပြောသည်။

ယခင် ကျောက်ဆင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး နှင့် အုပ်ချုပ်ရေး အဖွဲ့ဝင်ဖြစ်သူ ဦးဇော်မျိုးဦးနှင့် ဦးရီဦးတို့ ယမန်နှစ် နှောင်းပိုင်းက အသတ်ခံရပြီးနောက် ဦးလေးလေးမှာ ယင်းကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဖြစ်လာခဲ့သည်။

ယနေ့ ကမ်းပနီရွာ ပစ်ခတ်မှုကို မည်သည့် အဖွဲ့က လုပ်ဆောင်သည်ကို မသိရသေးပေ။