မြိတ်တွင် ဖမ်းဆီးခံရသည့် အမျိုးသမီးငယ်နှစ်ဦးအနက် တစ်ဦးပြန်လွတ်

0
442
လွတ်မြောက်လာသူ မမီးညို (ခေါ်) မမိုးမခ

မြိတ်မြို့တွင် ဇန်နဝါရီလ ၈ရက်ညက ဖမ်းဆီးခံရသည့် အသက် ၂၀ ကျော်အရွယ် အမျိုးသမီးငယ် နှစ်ဦးအနက် တစ်ဦးပြန်လည်လွတ်မြောက်လာကြောင်း ၎င်းနှင့် နီးစပ်သူများထံမှ သိရသည်။

မြိတ်မြို့ ပါရမီရပ်ကွက်တွင် နေထိုင်သူ မသဲပွင့်ဖြူနှင့် မြို့သစ်ရပ်ကွက်တွင် နေထိုင်သူ မမီးညို (ခေါ်) မမိုးမခ တို့ကို ဇန်နဝါရီလ ၈ ရက်ညတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေအိမ်သို့ လာရောက် ဖမ်းဆီးခဲ့သည်။

အဆိုပါ အမျိုးသမီးနှစ်ဦးအနက် မမီးညိုအား ဇန်နဝါရီလ ၁၀ ရက်ညနေတွင် ပြန်လွတ်ပေးခဲ့ကြောင်း ကာယကံရှင်နှင့် နီးစပ်သူများက ပြောသည်။

“ကောင်းကောင်းမွန်မွန်ပဲ အိမ်ပြန်ရောက်နေပါပြီ” ဟု ၎င်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

သို့သော် ၎င်းနှင့်အတူ အဖမ်းခံရသည့် မသဲပွင့်ဖြူကိုမူ ပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း ၎င်းတို့က ပြောသည်။

မသဲပွင့်ဖြူနှင့် မမီးညိုတို့သည် သူငယ်ချင်းများဖြစ်ကြပြီး ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ရွာတစ်ရွာအား သွားရောက် ညအိပ်လည်ပတ်ခဲ့ရာမှ မြိတ်မြို့သို့ ပြန်ရောက်ချိန် ဖမ်းဆီးခံရခြင်း ဖြစ်သည်။

မသဲပွင့်ဖြူသည် အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြခဲ့သည့်အတွက် နှစ်ကြိမ်တိုင်တိုင် အဖမ်းခံရပြီး ပြီးခဲ့သည့် အောက်တိုဘာလတွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသူဖြစ်သည်။ ယင်းနောက် ယခုတတိယအကြိမ်မြောက် ထပ်မံအဖမ်းခံရခြင်းဖြစ်သည်။

PDF နှင့် ဆက်သွယ်သည်ဟူသော သံသယဖြင့် ဖမ်းဆီးခြင်း ဖြစ်နိုင်သည်ဟု ယူဆကြောင်း ၎င်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

မသဲပွင့်ဖြူကို မည်သည့်အကြောင်းအရင်းကြောင့် ဆက်လက် ဖမ်းဆီးထားသည်ကိုမူ Dawei Watch အနေဖြင့် စုံစမ်းဆဲဖြစ်သည်။