ကိုဗစ်ကာကွယ်ဆေး တတိယအကြိမ် Booster ထိုးပေးမည့်သူများကို စာရင်းကောက်

0
875

ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်အပြည့်ထိုးပြီးသူများကို တတိယအကြိမ်အဖြစ် ထပ်ဆောင်းအားဖြည့် Booster ဆေး ထပ်မံထိုးပေးရန် စာရင်းကောက်ယူနေကြောင်း တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် ထားဝယ်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ထံက သိရသည်။

အစိုးရဌာနများတွင် အသက် ၅၀ နှစ်အထက်ရှိ ဝန်ထမ်းများနှင့် အရပ်သားပြည်သူတွင် အသက် ၆၅ နှစ် အထက် သက်ကြီးများကို တတိယအကြိမ် ထပ်မံထိုးပေးရန် စာရင်းကောက်ယူနေပြီဖြစ်ကြောင်း ထားဝယ်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်လုံး အပြည့်ထိုးထားပြီး ၆ လ ပြည့်သောသူများကိုသာ ကိုဗစ်ကာကွယ်ဆေး တတိယအကြိမ် ထိုးပေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ကိုဗစ်ကာကွယ်ဆေးထိုးပြီး ခြောက်လပြည့်ပြီးသူ ကျန်းမာရေးဝန်ထမ်း အများစုကို ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်ကာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ထိုးပေးနေပြီး ကျန်းမာရေးဝန်ထမ်းအများစုက ကာကွယ်ဆေး သုံးကြိမ်စလုံး ထိုးပြီးပြီဖြစ်ကြောင်း အထက်ပါ တာဝန်ရှိသူက ပြောဆိုသည်။

“ကျန်တဲ့ အဖွဲ့တွေကျတော့ အသုတ်လိုက်လာမယ် ထင်တယ်။ ပညာရေးက ဆရာမတွေ၊ ပြီးတော့ ရဲတို့ ထွေအုပ်တို့ အဲဒီလိုမျိုး ထိုးပေးလိမ့်မယ်။ အဲဒါတော့ (ဇန်နဝါရီ) ဒုတိယအပတ်၊ တတိယအပတ် ဖြစ်ပါလိမ့်မယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် တတိယအကြိမ် ကာကွယ်ဆေးထိုးရမည့်သူများ၏ စာရင်းကို ကောက်ယူနေဆဲဖြစ်ပြီး စာရင်းရရှိမှုအပေါ် မူတည်ကာ တနင်္သာရီတိုင်းအတွက် ကာကွယ်ဆေး ခွဲတမ်းရရှိမည်ဖြစ်သည်ဟု တာဝန်ရှိသူက ပြောသည်။

ယင်းစာရင်းအပေါ်မူတည်က တတိယအကြိမ် ဆေးကို မည်သည့်အမျိုးအစား ထိုးခွင့်ရရှိမည်ကို သိရမည်ဖြစ်ကြောင်း အထက်ပါဌာနများထံမှ သိရသည်။

ကာကွယ်ဆေး နှစ်ကြိမ်လုံး အပြည့်ထိုးပြီးသူများတွင် အချို့မှာ အိန္ဒိယနိုင်ငံထုတ် Covidshield ထိုးထားပြီး အချို့မှာ တရုတ်နိုင်ငံထုတ် Sinopharm နှင့် Sinovac တို့ ထိုးထားကြသည်။