တနင်္သာရီတွင် ကျောက်စုပ်ယူသည့် စက်လှေတို့ကြောင့် မြစ်ကမ်းပါးပြိုဟုဆို

0
280

တနင်္သာရီမြို့နယ် ပဝကျေးရွာအုပ်စု ပဝကျွန်းရှည်ကျေးရွာတွင် ကျောက်စုပ်ယူသည့် စက်လှေတို့ကြောင့် မြစ်ကမ်းပါးပြိုကျကြောင်း ယင်းရွာသားအချို့က ပြောသည်။

ပဝကျွန်းရှည်ရွာအရှေ့ မြစ်အတွင်းရှိ ကျောက်စရစ် စုပ်ယူသည့် ကျောက်တင်စက်လှေတို့၏ လိုင်းဂယက်များ ပုတ်ခတ်မှုကြောင့် နေ့စဉ် မြစ်ကမ်းပါးပြိုကျနေရခြင်းဖြစ်ကြောင်း ရွာသားအချို့က ဆိုသည်။

ကျောက်တင်စက်လှေအချို့မှာ မြစ်ကမ်းပါးနှင့်ကပ်လျက် ကျောက်စုပ်လုပ်ငန်းများ ဆောင်ရွက်နေကြကြောင်း ပဝကျွန်းရှည်ရွာအနီးရှိ အနောက်သာရဖုံကျေးရွာမှ အမျိုးသားတစ်ဦးက ပြောသည်။

ကျွန်းရှည်ရွာနေ အမျိုးသားတစ်ဦးကလည်း “နွေရာသီဆိုတော့ အနည်းအကျဉ်းပဲပြိုတာ။ မိုးတွင်းဆို ပိုများလာမယ်” ဟု ပြောသည်။

ပြိုကျနေသည့် မြစ်ကမ်းပါးနှင့် နေအိမ်အချို့မှာ ပေ ၂၀ ခန့်အကွာတွင် တည်ရှိနေပြီး ဆက်လက်ပြိုကျနေပါက နေအိမ်အချို့ပါသွားမည်ကို စိုးရိမ်နေရကြောင်း ၎င်းက ဆိုသည်။

ယင်းသို့ ကမ်းပြိုနေသော်လည်း နိုင်ငံရေး အခြေအနေကြောင့် ကျေးရွာနေသူတို့မှာ သက်ဆိုင်သို့ မတိုင်ကြားဝံ့ဖြစ်နေကြောင်း ပဝကျွန်းရှည်ရွာသားအချို့က ပြောဆိုသည်။

ကျောက်တင်စက်လှေ အနည်းဆုံး ၁၀ စီးမှ အများဆုံး ၂၀ စီးတို့သည် ပြီးခဲ့သည့် တစ်လကျော်က စပြီး လက်ရှိအချိန်အထိ နေ့ရောညပါ လုပ်ကိုင်နေကြခြင်းဖြစ်ကြောင်း ရွာသားအချို့ထံမှ သိရသည်။

ထို့အပြင် စက်လှေများထံမှ ဆူညံသံများ အချိန်ပြည့်ကြားနေရသည့်အတွက်လည်း စိတ်အနှောက်အယှက် ဖြစ်နေရကြောင်း ဒေသခံများက ပြောသည်။

အနောက်သာရဖုံ၊ အရှေ့သာရဖုံ၊ ပဝကျေးရွာတို့တွင် သဲ၊ ကျောက်စုပ်လှေများကြောင့် မြစ်ရေစီးကြောင်း ပြောင်းလဲ လာခြင်း၊ နေ့စဉ် အမြန်ရေယာဉ်တို့၏ ဖြတ်သန်းမှုနှင့် ရေစီးအားတို့ကြောင့် မြစ်ကမ်းပါး တိုက်စားမူဖြစ်ခဲ့ပြီး နေအိမ်အချို့ ပါသွားသည့် အခြေအနေအား ကြုံတွေ့ခဲ့ဖူးကြောင်း ယင်းရွာနေသူတို့က ပြောပြသည်။

ယင်း မြစ်ကမ်းပါးပြိုကျမှု အန္တရာယ်အား ကာကွယ်နိုင်ရန် မြစ်ကမ်းတစ်လျှောက် ကျောက်တန်းစီးခြင်းလုပ်ငန်းတို့အား ပြီးခဲ့သည့် အစိုးရလက်ထက်က လုပ်ဆောင်ခဲ့သည်။

ပဝကျွန်းရှည်ကျေးရွာသည် အနောက်သာရဖုံနှင့် ပဝကျေးရွာအကြားတွင် တည်ရှိပြီး မြစ်တစ်ဖက်ကမ်းတွင် အရှေ့သာရဖုံရွာ တည်ရှိသည်။