လောင်းလုံး အင်းဇောက်ရွာ အုပ်ချုပ်ရေးမှူးကား ပစ်ခတ်ခံရ

0
639

လောင်းလုံးမြို့နယ် အင်းဇောက်ကျေးရွာ အုပ်ချုပ်ရေးမှူး စီးလာသည့်ကား ဇန်နဝါရီလ ၈ ရက်နေ့က ပစ်ခတ်ခံရသဖြင့် အုပ်ချုပ်ရေးမှူး ဒဏ်ရာရကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါကျေးရွာရှိ ပြည်လုံးချမ်းသာဘုရားလမ်းအနီးတွင် ဇန်နဝါရီလ ၈ ရက်နေ့ နံနက် ၁၀ နာရီ ဝန်းကျင်တွင် ယင်းကျေးရွာအုပ်ချုပ်ရေးမှူး ဒေါ်မနုသွေး စီးလာသောကား ပစ်ခတ်ခံရပြီး ဒေါ်မနုသွေးမှာ လက်မောင်းတွင် ဒဏ်ရာရကြောင်း ၎င်းက ဆိုသည်။

ယင်းပစ်ခတ်ခံရမှုတွင် ၎င်း၏ တူတော်စပ်သည့် ယာဉ်မောင်းသူမှာ သေဆုံးခဲ့သည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ပြည်လုံးချမ်းသာဘုရားလမ်းထဲက အဝတ်နက်ဝတ်ကာ မျက်နှာဖုံးစွပ်ထားသည့် လူသုံးဦး ဆိုင်ကယ်ဖြင့် ထွက်လာပြီး သေနတ် အချက် ၂၀ ခန့် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ကားမှန်တွေ ကြေသွားတာတွေ့ရတယ်။ မနုသွေးကိုတော့ တွဲခေါ်သွားပြီး ဆေးရုံပို့လိုက်တယ်ထင်တာပဲ” ၎င်းက ဆိုသည်။

ယင်းပစ်ခတ်မှု ဖြစ်ပြီးနောက် အုပ်ချုပ်ရေးမှူး၏ အဖွဲ့ဝင်များနဲ့ အုပ်ချုပ်ရေးမှူး၏ သားဖြစ်သူတို့မှာ ပစ်ခတ်သူတို့ကို လိုက်လံရှာဖွေသည်ဟုဆိုကာ ကုန်းဇရပ်ရွာ စာသင်ကျောင်းရှေ့တွင် သေနတ်ပစ် ဖောက်မှု၊ စစ်ဆေးမှုတို့ လုပ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ကုန်းဇရပ်သည် အင်းဇောက်ကျေးရွာအုပ်စုထဲတွင် ပါဝင်ပြီး ရွာချင်းကပ်ရပ်တည်ရှိသည်။

ကုန်းဇရပ်တွင် ၎င်းတို့ စစ်ဆေးနေသည့် နေရာအနီးက စားသောက်ဆိုင်တစ်ဆိုင်ရှေ့တွင် ရပ်နားထားသည့် ကားတစ်စီးကိုပါ ဖျက်ဆီးခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

“အမှန်က အဲဒီကားက ရပ်ထားတာကြာပြီ။ လူက စားသောက်ဆိုင်ထဲမှာ။ ကားမှန်တွေကို သေနတ်ဒင်နဲ့ ရိုက်ခွဲသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ဒေါ်မနုသွေး ပစ်ခတ်ခံရသည်မှာ နှစ်ကြိမ်ရှိပြီ ဖြစ်သည်။

ပထမအကြိမ် ပစ်ခတ်မှုကို ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က ၎င်းတို့ လက်ချက်ဟု ထုတ်ပြန်ခဲ့သည်။ ဒေါ်မနုသွေးမှာ ဒလန်၊ ပျူစောထီးဖြစ်သဖြင့် ပစ်ခတ်ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။