တောင်ပျောက်တိုက်နယ်တွင် ကလေးငယ်နှစ်ဦးအပါအဝင် လူခုနစ်ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

0
189

တောင်ပျောက်တိုက်နယ် ဗျတ်ဝိသားရွာလှေဆိပ်တွင် အသက် ၃ နှစ်နှင့် ၅ နှစ်အရွယ် ကလေးနှစ်ဦး အပါအဝင် မိသားစုဝင် ခြောက်ဦးနှင့် အခြားမိသားစုက လူငယ်အမျိုးသားတစ်ဦးတို့ကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၅ ရက်တွင် ဖမ်းဆီးထားကြောင်း ဒေသခံအချို့က ပြောသည်။

၎င်းတို့မှာ တောင်ပျောက်တိုက်နယ်တွင် နေထိုင်ရန် အဆင်မပြေသဖြင့် အလယ်စုရွာ အနောက်ကမ်းမှ ဗျတ်ဝိသားရွာလှေဆိပ်သို့ သွားကာ ရေလမ်းမှတစ်ဆင့် ဝင်းဝကျေးရွာရှိ ဆွေမျိုးများ အိမ်တွင် သွားရောက် နေထိုင်ရန် ရွာမှထွက်လာစဉ် အဖမ်းခံရခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

တောင်ပျောက်တိုက်နယ်သို့အဝင်လမ်းတွင် ရှိသည့် သဲချောင်းကြီးရွာ ရဲစခန်းတွင် ထိန်းသိမ်းထားနိုင်ခြေ ရှိကြောင်း ဒေသခံရွာသားတစ်ဦးက ဆိုသည်။

ဖမ်းဆီးခံရသူများတွင် အသက် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦး၊ အသက် ၅ နှစ်ကျော်ရှိ ကလေးငယ် တစ်ဦး၊ အသက် ၂၀ ခန့်ရှိ လူငယ်အမျိုးသားတစ်ဦးနှင့် အမျိုးသမီး သုံးဦးတို့မှာ မိသားစုဝင်များဖြစ်ပြီး အခြားလူငယ်အမျိုးသားတစ်ဦးမှာလည်း အသက် ၂၂ နှစ်ခန့်သာရှိသေးသည်ဟု ဒေသခံအချို့က ဆိုသည်။

တောင်ပျောက်တိုက်နယ်တွင် ရိက္ခာကန့်သတ်ထားသဖြင့် စားဝတ်နေရေးအတွက် အခက်အခဲဖြစ်နေကြပြီး ဥယာဉ်ခြံသို့လည်း သွားရောက်လုပ်ကိုင်စားသောက်ရန် ခက်ခဲလာသဖြင့် ဝင်းဝကျေးရွာရှိ ဆွေမျိုးများဆီ သွားရောက်နေထိုင်ရန် ထွက်လာကြခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။

တောင်ပျောက်တိုက်နယ် အဝင်အထွက်လမ်း နှစ်လမ်းဖြစ်သည့် စော်ဖျားရွာလမ်းနှင့် သဲချောင်းကြီးရွာ လမ်းကြောင်းတို့တွင် စစ်ကောင်စီတပ်က ဂိတ်ချစစ်ဆေးနေပြီး ၎င်းတို့၏ ခွင့်ပြုချက်ဖြင့်သာ ရိက္ခာသယ်ယူခြင်း၊ ကွမ်းသီးရောင်းဝယ်ခြင်း၊ သွားလာခြင်းတို့ကို ပြုလုပ်ရသည်။

ဒေသထွက် ကွမ်းသီးများကို မြို့တက်ရောင်းပေးသည့် ကားကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ဆေးကာ ပြည်သူတို့၏ ကွမ်းသီးရောင်းရသည့် ငွေကြေးကိုလည်း ဖြတ်တောက်ယူခြင်း၊ ကွမ်းသီးနှင့် ရိက္ခာများကို သိမ်းယူခြင်းများ ပြုလုပ်နေသည်မှာ လအတန်ကြာနေပြီဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။

တောင်ပျောက်တိုက်နယ်ရှိ ကျေးရွာများမှ သံသယရှိသည့် ဒေသခံများကို ဖမ်းဆီးစစ်ဆေးခြင်း၊ ငွေကြေး တောင်းခံခြင်း၊ ပြည်သူတို့၏ အိုးအိမ်များကို မီးရှို့ခြင်း၊ ကားနှင့် ဆိုင်ကယ်၊ ငွေကြေးတို့ကို သိမ်းယူခြင်းများ လည်း ရှိကြောင်း ဒေသခံတို့က ပြောဆိုသည်။

တောင်ပျောက်တိုက်နယ် သဲချောင်းကြီးရွာရဲစခန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များသည် ကျေးရွာတွေဘက်ကို နေ့စဉ်လိုလို လက်နက်ကြီးများနှင့် ပစ်ခတ်နေသည်ဟုလည်း ဒေသခံများက ပြောသည်။