ကျိုက်ထို ကင်းမွန်းချောင်း အထကကျောင်းရှေ့ ဗုံးပေါက်၊ သုံးဦး ဒဏ်ရာရ

0
377

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကင်းမွန်းချောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းရှေ့တွင် ယနေ့နံနက်ပိုင်းက ဗုံးပေါက်ကွဲပြီး ကျောင်းသူတစ်ဦး အပါအဝင် သုံးဦး ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။

ဇန်နဝါရီ ၆ ရက်နေ့ နံနက် ၈ နာရီခွဲခန့်တွင် အဆိုပါ ကျောင်းရှေ့ရှိ လုံခြုံရေးကင်းတဲတွင် ပေါက်ကွဲမှုဖြစ်ပွားခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

ပေါက်ကွဲမှုကြောင့် ကျောင်းသူတစ်ဦးနှင့် ကျောင်းသားမိဘတစ်ဦး ပွန်းပဲ့ဒဏ်ရာအနည်းရရှိခဲ့သည့်အပြင် ရဲတစ်ဦးလည်း ဗုံးစထိမှန်ဒဏ်ရာရကြောင်း ဒေသခံတို့ထံမှ သိရသည်။

“ကျောင်းတက်ချိန်မှာ ဖြစ်သွားတော့ ထိတ်လန့်ကုန်ကြတာပေါ့။ ပေါက်ကွဲမှုဖြစ်သွားတော့ ကျောင်းသားတွေ အကုန်လုံးကို ပြန်လွှတ်ပေးလိုက်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်မှု ရရှိခဲ့သူ သုံးဦးကို ကင်းမွန်ချောင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ဆေးကုသနေကြောင်း ဒေသခံများထံမှ သိရသည်။

ဗုံးပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က ပိတ်ဆို့ ရှာဖွေ စစ်ဆေးမှုများ လုပ်ဆောင်နေသည်ဟုလည်း ဒေသခံတို့က ပြောသည်။

ပြီးခဲ့သည့် ၂၀၂၁ ဇွန်လတုန်းကလည်း ကင်းမွန်းချောင်း အထက်တန်းကျောင်းတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ကျောင်းအဆောက်အဦးအချို့ ပျက်စီးခဲ့သည်။