ထိုင်းသို့ တရားမဝင် ဝင်သဖြင့် တစ်လလျှင် မြန်မာငါးရာနီးပါး အဖမ်းခံရ

0
176

တနင်္သာရီမြို့နယ် မောတောင်နယ်စပ်ဂိတ်တစ်ဘက်ရှိ ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခန်ခရိုင်တွင် တရားမဝင် ဝင်ရောက်သဖြင့် တစ်လလျှင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၅၀၀ နီးပါး ဖမ်းမိကြောင်း ထိုင်းတပ်မတော် ပြည်သူ့ဆက်ဆံရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမားတို့သည် ထိုင်းနိုင်ငံအတွင်းသို့ မောတောင်နယ်စပ်တစ်လျှောက်ရှိ တောလမ်းတို့မှ တရားမဝင် ဝင်ရောက်ကြသဖြင့် ထိုင်းအာဏာပိုင်တို့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

နိုဝင်ဘာလအတွင်းက ၄၅၁ ဦးနှင့် ဒီဇင်ဘာလတွင် ၄၇၀ ဦးတို့ကို ဖမ်းမိကြောင်း ယင်းဌာနက ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

ထို့အပြင် ဇန်နဝါရီလ ၂ ရက်နေ့က မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၂ ဦးအား ထပ်မံဖမ်းမိကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာ့နိုင်ငံရေး အပြောင်းအလဲနှင့် ကိုဗစ်တတိယလှိုင်း စတင်ဖြစ်ပေါ်ခဲ့သည့်အချိန်မှစပြီး လက်ရှိအချိန်အထိ မြန်မာအလုပ်သမားများသည် ထိုင်းနိုင်ငံသို့ တရားမဝင်နည်းလမ်းဖြင့် ဝင်ရောက်နေကြဆဲဖြစ်သည်။

နိုင်ငံရေး မတည်ငြိမ်မှုကြောင့် ပြည်တွင်းတွင် အလုပ်အကိုင်ရှားပါးလာခြင်း၊ ငွေကြေးကျပ်တည်းလာခြင်းနှင့် လုံခြုံမှု မရှိခြင်း စသည်တို့ကြောင့် အကျပ်အတည်းကြားထဲ အကြွေးတင်ခံပြီး တရားမဝင် သွားရောက် နေကြခြင်း ဖြစ်ကြောင်း မောတောင်နယ်နေ အသေးစား စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

ဖမ်းမိသည့် ဦးရေသည် တရားမဝင်သွားရောက်သူ ဦးရေ၏ ငါးရာခိုင်နှုန်းပင် ပြည့်ဖွယ် မရှိကြောင်း ၎င်းက ခန့်မှန်းသည်။

ပုံစာ – ဇန်နဝါရီလ ၂ ရက်နေ့က ဖမ်းဆီခံရသည့် မြန်မာအလုပ်သမား ၄၂ ဦး