စစ်ကောင်စီတပ်ထံမှ ဆိုင်ကယ်နှစ်စီးကို သိမ်းပြီး ပြည်သူထံပြန်ပေးဟု PDF ထုတ်ပြန်

0
154

တနင်္သာရီမြို့နယ်၊ တကူကျေးရွာတွင် စစ်ကောင်စီတပ်များ အသုံးပြုနေသည့် ဆိုင်ကယ် ငါးစီးအား သိမ်းပိုက်ပြီးနောက် ပိုင်ရှင်ပေါ်ပေါက်သည့် နှစ်စီးကို မူလပိုင်ရှင် ပြည်သူများထံ ပြန်လည်ပေးအပ်ခဲ့ ကြောင်း တနင်္သာရီဘက်မလိုက်ပြောက်ကျားအဖွဲ့က ထုတ်ပြန်ထားသည်။

ဘက်မလိုက်ပြောက်ကျားအဖွဲ့က ဇန်နဝါရီလ ၃ ရက်နေ့တွင် တကူရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ပြီး တကူဘုန်းကြီးကျောင်းတွင် ထားရှိသည့် စစ်ကောင်စီတပ်၏ ဆိုင်ကယ်များကို သိမ်းယူခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဆိုင်ကယ်ငါးစီးအနက် နှစ်စီးမှာ ပိုင်ရှင်ပေါ်ပေါက်သဖြင့် ပြန်လည်ပေးအပ်လိုက်ပြီး စစ်ကောင်စီတပ် အသုံးပြုနေသည့် စက်လှေတစ်စီးနှင့် စက်နှစ်လုံးကိုမူ ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

တကူကျေးရွာတွင် ယခင်နေ့များက စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ရှိခဲ့သော်လည်း ဇန်နဝါရီလ ၃ရက်နေ့တွင်မူ မရှိကြဘဲ မိုင်းပေါက်ကွဲမှု ဖြစ်ပွားသည့် သရဘွင်ရွာဘက်သို့ ရောက်နေကြကြောင်း ဒေသခံများထံမှ သိရသည်။

ဇန်နဝါရီလ ၃ ရက်နေ့တွင် ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့က တကူရဲစခန်းကို ဖျက်ဆီးခဲ့ပြီး ဇန်နဝါရီလ ၂ ရက်ညကလည်း သရဘွင်ရွာရှိ မိုင်တဲတာဝါတိုင်ကို ဗုံးဖောက်ခွဲခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

ယင်းအပြင် ဝမ်းနာကျေးရွာရှိ မိုင်တဲတာဝါတိုင်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ယင်းအဖွဲ့က ဆက်လက်ထုတ်ပြန်ထားသည်။

အထက်ပါထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီဘက်ကမူ တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသေးပေ။