တော်လှန် လွတ်လပ်ရေးနေ့

0
550

မနှစ်လွတ်လပ်ရေးနေ့က ကိုဗစ်က သတ်သည်။ ယခုလွတ်လပ်ရေးနေ့တွင် ကား နောက်ထပ် လူလုပ် ကပ်ဘေးတစ်မျိုးက သတ်နေပြန်သည်။

ပုံမှန်အားဖြင့် လွတ်လပ်ရေးနေ့တွင် ကြက်ပျံမကျ စည်ကားလေ့ရှိသော ထားဝယ်ဒေသ၏ နာမည်ကျော်မောင်းမကန်ကမ်းခြေ သဲသောင်ပြင်တစ်နေရာတွင် အမျိုးသမီးတစ်ဦး စိတ်ပျက်လက်ပျက်ထိုင်ရင်း တစ်စုံတစ်ရာကို မျှော်နေသည်။

ခဏအကြာတွင် သူမအနီးလာသည့် ဧည့်သည်အချို့ကို “ရေမကူးသေးဘူးလား၊ ဗောကွင်းရှိတယ်နော်”ဟုဆို ကာ ဈေးခေါ်နေသည်။

သူမမျှော်နေသည်မှာ ကမ်းခြေတွင် ရေဆင်းကူးမည့်သူများပင်ဖြစ်သည်။

နေ့လယ် ၁၂ နာရီအချိန်ခန့်ရှိပြီဖြစ်သော်လည်း ကမ်းခြေသို့လာသည့် ဧည့်သည်ကား ဟိုတစ်စု ဒီတစ်စုနဲ့ ကျိုးတိုးကြဲတဲ။

ထားဝယ်ဒေသတွင် အသုံးများသည့် သုံးဘီးဆိုင်ကယ် လေး၊ ငါး စီးနှင့် အိမ်စီးကားအချို့သာ ကမ်းခြေကို ဦးတိုက်ရပ်နားထားသည်။

အများစုမှာ ထားဝယ်ဒေသခံများဖြစ်ကြပြီး အခြားတိုင်း၊ ပြည်နယ်မှ ဧည့်သည်များကို မတွေ့ခဲ့ရပေ။

ကိုဗစ်မတိုင်မီက ယခုကဲ့သို့ အများပြည်သူအားလပ်ရက်သတ်မှတ်ထားသည့် လွတ်လပ်ရေးနေ့တွင် ယင်းကမ်းခြေ၌ ကြိတ်ကြိတ်တိုးစည်ကားခဲ့သည်။

ရွာအများအပြားတွင် ကိုယ်ပိုင်အစီအစဉ်ဖြင့် ပြုလုပ်သော ပျော်ပွဲ ရွင်ပွဲများ၊ အားကစားပွဲများဖြင့် ချဲဝှီးဖြစ်နေတတ်သည်။

မောင်းမကန် ကမ်းခြေတစ်လျှောက် ကားရပ်နားရန် နေရာအခက်အခဲဖြစ်သည်အထိပင် စည်တတ်သည်။ သို့သော် ယခုနှစ် လွတ်လပ်ရေးနေ့သည်ကား ခြောက်ကပ် တိတ်ဆိတ်စွာ . . . ။

ကမ်းခြေတစ်လျှောက်တွင်လည်း ဖုန်းနှင့် ချိတ်ဆက်ဖွင့်ရသည့် ဆောင်းဘောက်မှလွင့်ထွက်လာသည့် သီချင်းသံများကြား ကခုန်နေသည့် လူငယ်အုပ်စုများမှာ လက်ညိုးထိုးမလွဲ။

ယခင်လွတ်လပ်ရေးနေ့များက ကမ်းခြေတစ်လျှောက် ရေကူးဗောကွင်းငှားသူများလက်မလည်သလို ကမ်းခြေတစ်လျှောက် ဖွင့်ထားသည့် စားသောက်ဆိုင်တန်းတွင်လည်း စားသောက်သူအပြည့်။

ယမန်နှစ် လွတ်လပ်ရေးနေ့က ကိုဗစ်ကပ်ဘေးကြောင့် ဧည့်သည်အလာနည်းခဲ့ပြီး ယခုနှစ်တွင်မူ ကိုဗစ်ကူးစက်မှုလျော့ကျနေသည့်အတွက် ဧည့်သည်အလာများမည်ဟု မျှော်လင့်ခဲ့ကြောင်း ကမ်းခြေတွင် ဗောကွင်းငှားသူ အမျိုးသမီးက ဆိုသည်။

သို့သော် စစ်အာဏာသိမ်းဂယက်ကြောင့် နှမ်းထွက်နဲ့ မှန်းချက်လွဲသွားခဲ့ကြောင်း ၎င်းက ညည်းတွားသည်။

“စနေ တနင်္ဂနွေနေ့လောက်တောင် ဧည့်သည်တွေမလာကြဘူး၊ ဒီကိုလာရတဲ့ လမ်းကြောင်း အဆင်မပြေလို့ထင်တယ်” ဟု ၎င်းက ပြောသည်။

သူမပြောသလိုပင် ကမ်းခြေတစ်လျှောက်ရှိ စားသောက်ဆိုင်များတွင် ဧည့်သည်မရှိသည့် စားပွဲဝိုင်းများက နေရာယူထားသည်။

ကမ်းခြေရေစပ်တွင်လည်း ရေဆော့နေသည့် ကလေးငယ်တစ်စုကလွဲပြီး မည်သူမှမရှိပေ။

ထားဝယ်မြို့မှ မောင်းမကန်းကမ်းခြေသို့ သွားရာလမ်းရှိ ကမြောကင်းတံတားဖြတ်ရာတွင် စစ်ကောင်စီတပ်ဖွဲ့က ခရီးသွားများကို စစ်ဆေးနေသည်။

တစ်ခါတစ်လေ စစ်ဆေးခြင်းမရှိသော်လည်း တံတားဂိတ်ဖြတ်ရာတွင် လမ်းဆင်းလျှောက်ရသဖြင့် စိတ်အနှောင့်အယှက် ဖြစ်ရကြောင်း ညည်းတွားသူများလည်းရှိသည်။

“တံတားဖြတ်ချိန်မှာ လမ်းဆင်းလျှောက်ရတာက စိတ်ထဲသိပ်အဆင်မပြေတော့ သွားချင်စိတ်လည်းမရှိဘူး”ဟု ထားဝယ်မြို့သစ်နေ အမျိုးသားတစ်ဦးက ဆိုသည်။

မောင်းမကန်ကမ်းခြေတွင် လွတ်လပ်ရေးနေ့ကို အချိန်ကုန်လွန်စေသူများရှိသကဲ့သို့ ထားဝယ်ဒေသရှိ ရပ်ကွက်၊ ကျေးရွာများတွင်လည်း ပျော်ပွဲ ရွှင်ပွဲများဖြင့် စည်ကားနေတတ်သည်။

ထားဝယ်မြို့ပေါ်ရပ်ကွက်အချို့နှင့် ကျေးလက်ဒေသများတွင်ပါ လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝက်ဆီတိုင်တက်ပွဲ(ချောတိုင်)၊ တာအိုးရိုက်ပွဲ၊ စကောရွက်ပြိုင်ပွဲ၊ အပြေးပြိုင်ပွဲ စသည့် ပျော်ပွဲရွှင်ပွဲများ ကျင်းပကြသည်။

ယမန်နှစ် ကိုဗစ်ကပ်ဘေးကာလတွင်ပင် ရပ်ကွက်၊ ကျေးရွာအချို့တွင် ကျင်းပခဲ့ကြသေးသည်။

အချို့သော ရပ်ကွက် ကျေးရွာများတွင် အုပ်ချုပ်ရေးမှူးက ဦးစီးကျင်းပခဲ့သလို တက်ကြွ လူငယ်များဦးစီးကျင်းပသည့် နေရာများလည်းရှိသည်။

အခုနှစ်တွင်မူ အဆိုပါရပ်ကွက် ကျေးရွာ အားလုံးနီးပါးမှာ ခြောက်ကပ်တိတ်ဆိတ်နေသည်။

ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက် မော်လမြိုင်ဆိပ်လမ်းတစ်ဝိုက်တွင် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပွဲ မလုပ်ဖြစ်တော့ကြောင်း ရပ်ကွက်နေသူတစ်ဦးက ဆိုသည်။

အကြောင်းမှာ ပျော်ပွဲရွှင်ပွဲ ဦးဆောင်လုပ်သည့် လူငယ်အများစုမှာ စစ်အာဏာသိမ်းဆန့်ကျင်ရာတွင်ပါဝင်နေသဖြင့် ဖမ်းဆီးခံရမည့်အရေးကြောင့် တိမ်းရှောင်နေရသည်ဟု ၎င်းက ပြောသည်။

“အခုက ပွဲစီစဉ်သူတွေက(အများစု)က ပြေးနေရတာ၊ အရင်နှစ်ကလည်း ကိုဗစ်ကြောင့်မို့ မလုပ်ဖြစ်ဘူး” ဟု အဆိုပါ ရပ်ကွက်နေသူက ဆိုသည်။

လောင်းလုံးမြို့နယ်ရှိ ကျေးရွာအချို့တွင်မူ ရပ်ကျေးအုပ်ချုပ်ရေးမှူးများက ဦးဆောင်စီစဉ်လေ့ရှိသော်လည်း လက်ရှိတွင် နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် လွတ်လပ်ရေးနေ့ ပျော်ပွဲရွှင်ပွဲမလုပ်ဖြစ်တော့ကြောင်း ဒေသခံအချို့က ဆိုသည်။

အခုနှစ် လွတ်လပ်ရေးနေ့ ပျော်ပွဲရွှင်ပွဲကို ထားဝယ်မြို့ရှိ ဌာနဆိုင်ရာရုံးအချို့တွင်သာ ပြုလုပ်နေသည်ကို တွေ့ရသည်။

ယခင်က အထိမ်းအမှတ် အများပြည်သူရုံးပိတ်ရက်များတွင် ထားဝယ်ဒေသနေ ပြည်သူများမှာ ကမ်းခြေကဲ့သို့ နေရာများသို့ လည်ပတ်သွားလာသူ များခဲ့သော်လည်း လက်ရှိပဋိပက္ခဖြစ်စဉ်များကြောင့် အဆပေါင်းများစွာ လျော့ကျသွားခဲ့သည်။

ပြီးခဲ့သည့် ၇၄ နှစ် မနက်စောစော ချမ်းစီးစီး အချိန်တွင် ဗြိတိသျှ လက်အောက်မှ မြန်မာနိုင်ငံ လွတ်လပ်ရေး ရကြောင်း တရားဝင် ကြေညာခဲ့သည်။ တိုင်းရင်းသားတို့ တောင်းဆိုသော ဖက်ဒရယ် စနစ် ဖြစ်ထွန်းလာရေး ရုန်းကန်မှုများအကြားက ပြည်တွင်း စစ်မီး၊ ၁၉၅၈ နှင့် ၁၉ ၆၂ ခုနှစ် အာဏာသိမ်းမှုများနောက်ပိုင်း မြန်မာနိုင်ငံမှာ အာဏာရှင် အဆက်ဆက်၏ လက်အောက်ရောက်ရှိသွားသည်။

လွတ်လပ်ပြီး ငြိမ်းချမ်းဝပြောသော နိုင်ငံတစ်ခု အဖြစ် တည်ဆောက်ရေး မျှော်လင့်ချက်မှာ ပေါ်တစ်ချက်၊ ပျောက်တစ်လှည့်ဖြင့် ခရီးနှင်ခဲ့ရသည်။ ယခုနှစ်တွင်လည်း စစ်အာဏာသိမ်းဂယက် အကြား မရေရာသော အနာဂတ်နှင့် ရင်ဆိုင်နေရဆဲဖြစ်သည်။

အခွင့်ရှိသည်နှင့် အာဏာရှင်ကို ထကြွ ဆန္ဒပြလေ့ရှိသော တိတ်ဆိတ်မောင်းမကန် ကမ်းခြေရှိရာ လောင်းလုံးမြို့နယ်မှ လူငယ်များက ယနေ့ ဆန္ဒပြပွဲမှ သတင်းစကား တစ်ခု ပေးသည်။

“သူ့ကျွန်ဘဝက လွတ်ခဲ့ပြီ၊ စစ်ကျွန်ဘဝက ရုန်းထွက်ကြ”