ထားဝယ်က နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လူငယ်နှစ်ဦး ထောင်ဒဏ် ၁၁နှစ် ချမှတ်ခံရ

0
670

ထားဝယ်မြို့က နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လူငယ်နှစ်ဦးဖြစ်သည့် ပဲအီး (ခေါ်) ကိုဝေယံဖြိုးနှင့် ကိုဉာဏ်ဝင်းတို့ကို စစ်ကောင်စီက နှစ်ရှည်ထောင် ဒဏ်ချမှတ်လိုက်ကြောင်း ထားဝယ်နိုင်ငံရေးအကျည်းသားများကွန်ရက်က ထုတ်ပြန်ထားသည်။

အသက် ၁၉နှစ်အရွယ် ကိုဝေဖြိုးနှင့် အသက် ၂၄ နှစ်အရွယ် ကိုဉာဏ်ဝင်းတို့ကို ဒီဇင်ဘာ ၃၀ ရက်နေ့က ထားဝယ်အကျည်းထောင်တွင်း အထူးတရားရုံးတွင် ထောင်ဒဏ် ၁၁ နှစ်စီချမှတ်ခြင်းဖြစ်ကြာင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ကိုဝေယံဖြိုးနှင့် ကိုဉာဏ်ဝင်းမှာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးတွင် ပါဝင်သည့် နိုင်ငံရေးတက်ကြွလှုပ်ရှားခဲ့သူများဖြစ်သည်။

၎င်းတို့နှစ်ဦးကို မေလ ၃၁ ရက်နေ့က ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်၊ စောမိညိုလယ်တဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့သည်။

ထို့ကြောင့် ကိုဉာဏ်ဝင်းမှာ ပေါင်တွင် သေနတ်ဒဏ်ရာ ရရှိခဲ့ပြီး ကိုဝေယံဖြိုးမှာ လက်မောင်းတွင် သေနတ်ကျည်ထိမှန်ခဲ့သည်။

၎င်းတို့ကို ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(က) အတွက် ထောင်ဒဏ် ၃ နှစ်၊ လက်နက်ကိုင်ဆောင်မှု ပုဒ်မ၁၉(စ)အတွက် ထောင်ဒဏ် ၁နှစ် ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က) အတွက် ထောင်ဒဏ် ၇ နှစ်စုစုပေါင်း အမှု ၃ ခုအတွက် ထောင်ဒဏ် ၁၁ နှစ်စီ အမိန့်ချခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ကိုဉာဏ်ဝင်း၏ ပေါင်မှဒဏ်ရာမှာ သက်သာလာပြီဖြစ်သဖြင့် လမ်းလျှောက်နိုင်ပြီဖြစ်သော်လည်း ကိုဝေယံဖြိုး၏ လက်မောင်းမှ ဒဏ်ရာမှာ အရိုးကြေနေပြီး စတီးရိုးထည့်ရန်လိုအပ်နေသော်လည်း ၇ လကြာသည်အထိ စတီးရိုးထည့်ခွင့်မရကြောင်း အထက်ပါကွန်ရက်မှ တာဝန်ရှိသူတစ်ဦးနှင့် နိုင်ငံရေးအကျည်းသားဟောင်းအချို့က ပြောသည်။

ထောင်တွင်း၌လည်း ထိရောက်သည့်ဆေးကုသခွင့်ခံယူမှု မရဖြစ်နေကြောင်း ၎င်းတို့က ဆိုသည်။

“အဓိကတော့ ဝေယံဖြိုးရဲ့ ကျန်းမာရေးအခြေအနေကို စိတ်ပူတယ်။ သူ့ကို အမြန်ဆုံးအပြင်ကို ခေါ်ထုတ်ပြီး သူ့ဒဏ်ရာအတွက် စတီးရိုးထည့်မယ်ဆို ထည့်ပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေ အမြန်ဆုံးရဖို့ တောင်းဆိုချင်ပါတယ်” ဟု ထားဝယ်နိုင်ငံရေးအကျည်းသားများကွန်ရက်က တာဝန်ရှိသူက ဆိုသည်။

၂၀၂၁ ဒီဇင်ဘာ ၂၀ ရက်နေ့အထိ ပြုစုထားသည့်စာရင်းများအရ ထားဝယ်တွင် နွေဦးတော်လှန်ရေးကာလအတွင်း အမိန့်ချခံထားရသည့် (အမျိုးသား) နိုင်ငံရေးအကျည်းသား ၇၃ ဦးရှိကြောင် ထားဝယ်နိုင်ငံရေးအကျည်းသားဟောင်းများကွန်ရက်က ထုတ်ပြန်ထားသည်။