မွန်တွင် မိုးစပါးပေါ်ချိန် စပါးဈေးကောင်းရ

0
219

မွန်ပြည်နယ်တွင် ယခုနှစ် မိုးစပါးပေါ်ချိန်တွင် စပါးဈေးကောင်းရနေကြောင်း ပြည်နယ်အတွင်းရှိ စပါးကုန်သည်များနှင့် စပါးစိုက်တောင်သူတို့ထံမှ သိရသည်။

လက်ရှိတွင် မွန်ပြည်နယ် စပါးဈေးသည် ယမန်နှစ် ဈေးနှင့် နှိုင်းယှဉ်ကြည့်လျှင် စပါးတင်း ၁၀၀ လျှင် ကျပ် နှစ်သိန်းကျော် ကွာဟနေကြောင်း စပါးကုန်သည်တို့ထံမှ သိရသည်။

“စပါးဈေးကတော့ အစားစားရှိတာပေါ့လေ။ ပေါ်ဆန်းမွှေးတို့ဆိုရင် ၁၀ သိန်းကျော်တယ်။ ဒီနှစ်ကတော့ စပါးဈေးကောင်းတယ်။ မနှစ်ကနဲ့စာရင် ဒီနှစ် ဈေးပိုကောင်းတယ်” ဟု မုဒုံမြို့နယ်မှ စပါးကုန်သည် ဒေါ်မီးက ပြောသည်။

လက်ရှိတွင် မွန်ပြည်နယ်၌ စပါးကြမ်းအုပ်စုဝင် စပါးတင်း ၁၀၀ လျှင် ကျပ် ကိုးသိန်း၊ စပါးချောအုပ်စုဝင် စပါးတင်း ၁၀၀ လျှင် ကျပ် ၁၀ သိန်းကျော် ပေါက်ဈေးရှိနေကြောင်းလည်း စပါးကုန်သည်တို့က ဆိုသည်။

ယမန်နှစ် မိုးစပါးပေါ်ချိန်မှာတော့ စပါးကြမ်းအုပ်စုဝင် စပါး တင်း ၁၀၀ လျှင် ကျပ် ခုနစ်သိန်းရှိပြီး စပါးချောအုပ်စုဝင် စပါးတင်း ၁၀၀ လျှင် ကျပ် ရှစ် သိန်း ပေါက်ဈေးရှိခဲ့သည်။

စပါးပေါ်ချိန်တွင် စပါးဈေး ကျလေ့ရှိသော်လည်း ယခုနှစ်တွင် သွင်းအားစု ကုန်ပစ္စည်းများ ဈေးနှုန်း မြင့်တက်ခြင်းနှင့် စပါးအထွက်လျော့နည်းခြင်းတို့အပြင် လက်ရှိနိုင်ငံရေးအခြေအနေတို့ကြောင့် စပါးဈေး မြင့်တက်ခြင်းဖြစ်ကြောင်း စပါးကုန်သည်တို့က ပြောဆိုသည်။

စပါးဈေးနှင့်အတူ ဆန်ဈေးလည်း တစ်အိတ်လျှင် ကျပ် ၂၀၀၀ နှင့် ၃၀၀၀ ဝန်းကျင်အကြား ဈေးတက်သွားကြောင်း ဆန်ရောင်းဝယ်သူတို့ထံမှ သိရသည်။

“ဆန်းဈေးကတော့ ဒီနှစ် ဆန်းအသစ်ပေါ်တာနဲ့ကို ဈေးက ခုန်တက်သွားတယ်။ ပေါ်ဆန်းမွှေးရှယ်တို့ဆိုရင် လေးသောင်းကျော် ဖြစ်သွားတယ်။ စပါးဈေးကောင်းတော့ ဆန်ဈေးလည်း လိုက်တက်တယ်လေ” ဟု ဆန်ရောင်းဝယ်သူ ဦးထွန်းမင်းက ပြောသည်။

မွန်ပြည်နယ်တွင် ရော်ဘာပြီးလျှင် စပါးစိုက်ပျိုးခြင်းသည် ပြည်နယ်၏ အဓိက စီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင်စားသောက်ကြပြီး မိုးစပါးကို အဓိကထား စိုက်ပျိုးကြသည်။

မွန်ပြည်နယ်အတွင်း မိုးစပါးစိုက်ပျိုး ဧက ခုနစ်သိန်းနီးပါးရှိပြီး စပါးကြမ်းအုပ်စုဝင် စပါး စိုက်ပျိုးမှု ၄၀ ရာခိုင်နှုန်းရှိကာ စပါးချောအုပ်စုဝင် စပါးစိုက်ပျိုးမှု ၆၀ ရာခိုင်နှုန်းရှိသည်ဟု မွန်ပြည်နယ်စပါးကုန်သည်များအသင်းထံမှ သိရသည်။